DVB Logo
Home
မြန်မာသတင်း
တရုတ်ဘက်က အခွန်ရုံး စနစ်အပြောင်းအလဲကြောင့် မြန်မာ့ဖရဲ၊ သခွားပို့ကုန်ကားများ တရုတ်ဘက် အဝင်ကြန့်ကြာနေ
DVB
·
February 4, 2023
တရုတ်ဘက်က အခွန်ရုံး စနစ်အပြောင်းအလဲကြောင့် မြန်မာ့ဖရဲ၊ သခွားပို့ကုန်ကားများ တရုတ်ဘက် အဝင်ကြန့်ကြာနေ
Donate to DVB

မြန်မာနိုင်ငံရဲ့ အရှေ့မြောက်စီးပွားရေး တံခါးပေါက်ဖြစ်တဲ့ မူဆယ် ကျင်စန်းကျော့ - ဝမ်တိန် နယ်စပ်၊ တရုတ်ဘက်ခြမ်း အခွန်ရုံးစနစ် အပြောင်းအလဲကြောင့် မြန်မာ့ ဖရဲ၊ သခွား ပို့ကုန်ကားတွေ တရုတ်ဘက်အဝင်နှေးနေကာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ သစ်သီးကွင်းနဲ့ တရုတ် နယ်စပ်နားက သစ်သီးကားကွင်းတွေမှာ ကားတွေ အစီး ရာချီ သောင်တင်နေကြောင်း နယ်စပ် ကုန်သည်ကားသမားတွေဆီက သိရပါတယ်။  

ဖရဲကုန်တင်ယာဉ်မောင်း ၁ ဦးက"ဟိုဘက်က ကွန်ပြူတာစနစ် အသစ်ထပ်ပြောင်းလိုက်တဲ့ အခါကျတော့ ကားတွေက တအားကြာသွားတာ။ အခုချိန်ထိ ကားတွေက မဝင်ရသေးဘူး။ ဒီနေ့ ၁၀၅ မိုင် ဖရဲကွင်းအနေအထားက ကားအစီးရေ ရာချီရှိနေပါပြီ။ ၁၀၅ မိုင် ပေါ်ဖရဲကွင်းထဲ ကားတွေပြည့်နေပြီ ဟိုးအောက်ကွင်းထဲ သွားထားရတော့မယ့် အနေအထားရောက်လာပြီ"လို့ ပြောပါတယ်။ 

တရုတ်ဘက် စနစ်အသစ်တွေ ဖြစ်သွားရင် ဘယ်လို ပုံစံတွေ ပြောင်းမယ်ဆိုတာ အတိအကျ မသိရသေးသလို ဖေဖော်ဝါရီ ၂ ရက်နေ့အထိ တရုတ် အကောက်ခွန်ဌာနဘက်က System Update  လုပ်နေတာ မပြီးသေးတာကြောင့် ဖရဲ၊ သခွားကားတွေ အဝင်နှေးနေတာလို့ နယ်စပ် ကုန်သည် တဦးက ပြောပါတယ်။ 

"ဝင်တာကတော့ ဝင်ပါတယ်။ သောင်တင်နေတာ မဟုတ်ဘူးဗျ။ ဝင်တယ်၊ ဝင်တယ်။ ဒါပေမဲ့ နှေးနေတာပေါ့နော်။ တနေ့ကို အစီး ၂၀၊ ၃၀ တော့ ဝင်တယ်။" 

တရုတ်ဘက်က နယ်စပ် ပို့ကုန်၊ သွင်းကုန် စနစ်တွေ မကြာခဏ အပြောင်းအလဲ လုပ်နေတာကြောင့် နယ်စပ် ကုန်သည်လုပ်ငန်းရှင်တွေ အခက်အခဲ ဖြစ်ကြရတဲ့အပြင် ကုန်တင်ယာဉ်မောင်းတွေနဲ့ တောင်သူတွေပါ အဆင်မပြေဖြစ်နေတယ်လို့ သစ်သီး ပို့ကုန် လုပ်ငန်းရှင် တဦးက ပြောပါတယ်။ 

"ကျနော်တို့လည်း ဒီဘက်မှာ အရမ်း အလုပ်ရှုပ်နေပါတယ်။ စနစ်တွေ ပြောင်းတော့ ကျနော်တို့မှာ တော်တော်ကြီးကို တိုင်ပတ်နေတယ်။ တနေ့မှာလည်း ဘယ်လိုမှ။ ဘယ်လိုတွေ ပြောရမှန်းကို မသိဘူး။ ကျနော်တို့လည်း ဒီမှာအရမ်းကို ခေါင်းကိုက်နေတယ်။ အစီးရေတွေက အောက်မှာ ရှိတယ်။ အပေါ်ကလည်း လွှတ်လို့ မရသေးဘူး။ အောက်ကဟာတွေ ရှင်းနေတာ။ သူတို့ဘက်က စနစ်က အခုတစ်မျိုး၊ တော်ကြာ တစ်မျိုး အဲတိုင်းကို ဖြစ်နေတာ တရုတ်ဘက်က။"

ဖေဖော်ဝါရီ ၃ ရက်နေ့ သစ်သီးပေါက်ဈေးက ဖရဲ 855 ၁ ကီလိုဂရမ်ကို ၃ ဒသမ ၆ ယွမ်၊ အရည်အသွေးကောင်း ထင့်ဝမ် ၁ ကီလိုဂရမ်ကို ၃ ဒသမ ၆ ယွမ်၊ သခွား ၁ ကီလိုဂရမ်ကို ၅ ယွမ် ရှိကြောင်း သစ်သီး ပို့ကုန်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့က မူဆယ် ကျင်စန်းကျော့ ကနေ တရုတ်ဘက် ဝမ်တိန်ကို တင်ပို့တဲ့ မြန်မာ့ ဖရဲ၊ သခွားကား တရုတ်ဘက် အရောင်းကွင်းကို ၅၃ စီးသာ အဝင်ရှိပေမယ့် လာအိုဘက်ကဖရဲ တရုတ်တွဲကား အစီး ၇၀ ကျော် တရုတ်ဘက် အဝင်ရှိကာ သစ်သီးပို့ကုန် အရည်အသွေး၊ ဈေးကွက်တွေ ယှဉ်ပြိုင်မှုတွေ ရှိတာကြောင့် မြန်မာဘက်က ဈေးကွက်ထိန်းနိုင်ဖို့ အရည်အသွေးကောင်း အသီးတွေသာ တင်ပို့ဖို့ လိုတယ်လို့ သစ်သီးလုပ်ငန်းရှင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်ကစ တရုတ်ဘက်အခွန် (ပေါက်ကွမ်း) ရုံးမှာ နယ်စပ်ကုန်သွယ်ရေး Level Two သို့ အဆင့်ထပ်မြှင့် စနစ်ပြောင်းနေတာလို့ဆိုပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013