DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် ဗလီနေရာဟောင်းကို စည်ပင်က ဆိုင်ခန်းဆောက်လုပ်ရောင်းစားရန် ပြင်ဆင်နေ
DVB
·
February 4, 2023
စစ်တွေတွင် ဗလီနေရာဟောင်းကို စည်ပင်က ဆိုင်ခန်းဆောက်လုပ်ရောင်းစားရန် ပြင်ဆင်နေ
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့လမ်းမကြီး မီဇံရပ်ကွက်ရှိ ဗလီပိုင်မြေနေရာကို စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးအဖွဲ့က ကလေးကစားကွင်း ပြုလုပ်မယ်လို့ အမည်တပ်ပြီး ဆိုင်ခန်းဆောက်လုပ်ရောင်းစားဖို့ ပြင်ဆင်နေကြောင်း မြို့ခံတွေဆီက သိရပါတယ်။

မိဇံရပ်ကွက်နေသူတဦးက “ဒီနေရာက ၂၀၁၂ ပဋိပက္ခတုန်းက ဖြိုဖျက်ခံထားရတဲ့ ဗလီနေရာပါ။ အခုမှ ဒီနေရာမှာ ကလေးကစားကွင်းလုပ်မယ်ဆိုတော့ ကလေးကစားကွင်း အမှန်တကယ် ဖြစ်လာမှာလား၊ ကလေးကစားကွင်းနဲ့ စာသင်ကျောင်းက လမ်းမကြီး တဖက်ဆီမှာ ဖြစ်နေတာ။ အဲဒီကျောင်းက ကလေးတွေကို ကစားကွင်းသွားဖို့ အန္တရာယ်များနေတယ်။ စည်ပင်အကြံက ကလေးကစားကွင်းကို ဗန်းပြပြီး ဆိုင်ခန်း မြေနေရာတွေကို ရောင်းစားဖို့လုပ်နေတာ” လို့ ပြောပါတယ်။

လက်ရှိ အဲဒီဗလီနေရာဟောင်းကို ဖေဖော်ဝါရီ ၂ ရက်မှာ စည်ပင်သာယာရေးအဖွဲ့က ဖြိုဖျက်ရှင်းလင်းနေပါတယ်။

စာသင်ကျောင်းနဲ့ ကလေးကစားကွင်းဟာ ကားအသွားအလာရှုပ်ထွေးတဲ့ လမ်မကြီးရဲ့ တဖက်မှာ ရှိနေတဲ့အတွက် လုံးဝမပြုလုပ်သင့်ဘဲ ကလေးတွေအတွက် အလွန်အန္တရာယ်ရှိလာကြောင်း စာသင်ကျောင်းရှိရာ ရူပမြောက်ရပ်ကွက် ဒေသခံတဦးက ဆိုပါတယ်။

“အဲ့ဒီကလေးကစားကွင်းကို လမ်းမကြီးတဖက်ကို နေ့စဥ်နေ့တိုင်း ပို့ပေးဖို့က ဆရာ ဆရာမတွေ လုပ်နိုင်ကြမလား၊ ဆရာ ဆရာမတွေ မမြင်လိုက်ဘဲ လမ်းဖြတ်ကူးတဲ့ ကလေးတွေ ကား ဒါမှမဟုတ် ဆိုင်ကယ်နဲ့ တိုက်မိသွားခဲ့ရင် မိဘတွေ ဘယ်လိုလုပ်ကြမလဲ၊ ကျနော့်အနေနဲ့တော့ ဒီလုပ်ရပ်က လုံးဝမသင့်တော်ဘူးလို့မြင်တယ်။ နောက် တခြားစာသင်ကျောင်းတွေမှာလို ကျောင်းကွင်းတကွင်းတည်းမှာ ကစားကွင်းလုပ်ရမှာပါ။ အခုလို ယာဥ်အသွားအလာရှုပ်တဲ့ လမ်းမကြီးတဖက်မှာဆိုတော့ ပထမ အဆင်ပြေမယ်။ နောက်ပိုင်းမှာ အန္တရာယ်များလာမှာပါ။”

ရခိုင်ပြည်အတွင်း ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့ကြတဲ့ လူမျိုးရေးပဋိပက္ခတွေကြောင့် စစ်တွေမြို့နယ်က မွတ်စလင် တသိန်းကျော်ခန့်  ဒုက္ခသည်စခန်းတွေကို ရောက်ရှိသွားကြပြီး ဗလီတချို့ ဖြိုဖျက်ခံခဲ့ရကာ အဲဒီဗလီမြေနေရာလွတ်တွေမှာ စည်ပင်သာယာရေးအဖွဲ့ ကစျေးဆိုင်ခန်းတွေ ဆောက်လုပ်ရောင်းစားဖို့ ကြံစည်နေတာလည်း ဖြစ်ပါတယ်။

အဲဒီ အစ္စလာမ်သာဿနာပိုင် ဗလီမြေနေရာတွေဟာ ဗြိတိသျှအစိုးရ လက်ထက်ကတည်းက ဘိုးဘွားပိုင်မြေတွေဖြစ်ပြီး ဗလီဆောက်လုပ်ဖို့ လှူဒါန်းခဲ့ကြတဲ့ မြေနေရာတွေ ဖြစ်တဲ့အတွက် မိဇံရပ်ကွက်ရှိ ဗလီနေရာကို ကလေးကစားကွင်းနဲ့ စျေးဆိုင်ခန်းတွေ လုပ်မယ့်ကအပေါ် လုံးဝကန့်ကွက်သွားမှာဖြစ်ကြောင်း မိဇံရပ်ကွက်မှာ နေထိုင်ခဲ့တဲ့ အစ္စလာမ်ဘာသာရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကျနော်တို့သိထားတာက ကလေးကစားကွင်းလုပ်မယ်လို့ သိရတယ်။ ကျနော်တို့ကို ဘာမှ အသိပေး အကြောင်းကြားတာ မရှိဘူး။ ဒီနေရာက ဗြိတိသျှအစိုးရလက်ထက်ကတည်းက ဘိုးဘွားပိုင်မြေနေရာတွေကို ဗလီသာသနာနေရာအဖြစ် အသုံးပြုဖို့ ကာယကံရှင်တွေက လှူဒါန်းထားတဲ့နေရာတွေ ဖြစ်တယ်။ မြေစာရင်းမှာလည်း အမည်ရှိပြီးသားဖြစ်တယ်။ ဒီကိစ္စ သက်ဆိုင်ရာကို စာထုတ်ပြီး လုံးဝကန့်ကွက်သွားမှာပါ။”

လက်ရှိ စစ်တွေမြို့မှာ ရခိုင်နဲ့ မွတ်စလင် အသိုင်းအဝိုင်းနှစ်ခုကြား ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာပြီး စစ်တွေ မြို့ပေါ်ရပ်ကွက်တွေကို မွတ်စလင်တွေ လာ‌ရောက် အလုပ်လုပ်ကိုင်လာကြတာတွေ့ရပေမဲ့ ဗလီကြီးအပါအဝင် ဗလီအများစုမှာ အသုံးပြုခွင့် မရကြသေးပါဘူး။

စစ်တွေမြို့မှာ ဖြိုဖျက်ခံရတဲ့ ဗလီ‌နေရာတွေကတော့ မိဇံရပ်ကွက်မှာ ၁ လုံး၊ မြို့သူကြီး ပါတလိပ်ရှိတ်ရပ်ကွက်မှာ ၁ လုံး၊ တရားသီးစုရပ်ကွက်မှာ ၂ လုံး၊ ရွှေပြားရပ်ကွက်မှာ ၁ လုံး၊ မောလိပ်ရပ်ကွက်မှာ ၁ လုံး၊ နာဇီရွာရက်ကွက်မှာ ဗလီအလုံး ၂၀ ကျော်နဲ့ စစ်တွေတက္ကသိုလ် ဆောက်လုပ်ရာမှာ ဗလီ ၁ လုံး၊ အာရဗီစာသင်ကျောင်း ၁ ကျောင်း အပါအဝင် စစ်တွေမြို့ရှိ အစ္စလာမ်ဘာသာရေးအဆောက်အအုံ ၃၀ ခန့် ဖျက်ဆီးခံထားရကြောင်း စစ်တွေမြို့ရှိ အစ္စလာမ်ဘာသာရေးအဖွဲ့ စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013