DVB Logo
Home
Lead Story
ပြည်သူ့ခုံရုံးတက်ရမယ့်စာရင်းနဲ့ နိုင်ငံ့သစ္စာဖေါက် ဘွဲ့ပေး ဘွဲ့ယူတွေ
DVB
·
February 3, 2023
ပြည်သူ့ခုံရုံးတက်ရမယ့်စာရင်းနဲ့ နိုင်ငံ့သစ္စာဖေါက် ဘွဲ့ပေး ဘွဲ့ယူတွေ
Donate to DVB

နိုင်ငံဖျက် စစ်ဓားပြမင်းအောင်လှိုင်နဲ့ လက်ပါးစေ နောက်လိုက်မိစ္ဆာတအုပ်ဟာ သူတို့ မတရားရယူထားတဲ့ စည်းစိမ်ဥစ္စာရာထူးတွေကို ကာကွယ်ဖို့ တိုင်းပြည်ကို လောင်မီးတိုက်ပြီး ပြည်သူလူထုကို အရက်စက်အကြမ်းကြုတ်ဆုံးနည်းလမ်းတွေသုံးပြီး အသက်ငင်နေတဲ့ကျားပမာ ဆိုးသွမ်းယုတ်မာနေကြတာဟာ ၂ နှစ်တာပြည့်ပြီဖြစ်ပါတယ်။ 

စစ်ဘီလူးသဘက်အုပ်စုဟာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ သံတမန်ရေးစတဲ့ စစ်မျက်နှာအသီးသီးမှာ အဘက်ဘက်ကျရှုံးလို့ သူတို့ကိုကပ်မြှောင်ထောက်ခံနေကြတဲ့ အမည်ပျက်အမျိုးမျိုးနဲ့ ပြည်သူ့အမုန်းခံ အပယ်ခံပုဂ္ဂိုလ်၊ ရဟန်း၊ ပါတီအနည်းစုနဲ့ မချိမဆန့်ကျားကန်ထားရင်း တစတစ ရုပ်ပိုင်း စိတ်ပိုင်းဆုတ်ယုတ်ယိမ်းယိုင်လာနေပါတယ်။

အဲ့ဒီလိုကျဆင်းလာတဲ့စိတ်ဓါတ်တွေကျားကန်ဖို့နဲ့ သူတို့လုပ်ရပ်မှားတွေကို ပိုမိုထောက်ခံလာ‌စေဖို့ ပြီးခဲ့တဲ့ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက် ကနေ စပေးခဲ့ရာမှာ  ၂ ရက်နေ့မှာတင် သူ့ကိုယ်သူ လူသတ်သမား ကြည်လင်းဆရာတော်လို့ ပြောတဲ့ ဝီရသူနဲ့တကွ စစ်အုပ်စုနဲ့ပနံသင့်တဲ့သူတွေ၊ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေ၊ ဒေါက်တာ‌အေးမောင်တို့လို စစ်တပ်လိုလားသူတွေကို ဂုဏ်ထူးဆောင်ဘွဲ့အနေနဲ့ သီရိပျံချီဘွဲ့ ၁၆၈ ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့  ၁၅၃ ဘွဲ့၊ အလင်္ကာကျော်စွာဘွဲ့ ၁၈ ဘွဲ့နဲ့ သိပ္ပံကျော်စွာဘွဲ့ ၅ ဘွဲ့ ကိုပေးအပ်ခဲ့ပါတယ်။

ပြည်တွင်းစစ်မီးတောက်ကြီးအောက် နိုင်ငံသူနိုင်ငံသားတွေ ငရဲကျသလို ဆင်းရဲကျပ်တည်းလို့ တိုင်းပြည်စီးပွားရေး ပြိုလဲနေချိန်မှာ အမေရိကန်ဒေါ်လာ ၃၃ သန်းပမာဏတန်ဖိုးနဲ့ ညီမျှတဲ့ ပြည်သူ့ဘဏ္ဍာငွေ ကျပ်  ၇ ဘီလီယံကျော်ကို အလွဲသုံးစားပြုပြီး ပြည်သူတွေအပေါ် သစ္စာဖေါက်ခဲ့သူတွေ၊ သီလယုတ်ညံ့သူတွေ၊ နာမည်ဆိုး နာမည်ပျက်သူတွေကိုသာမက မတရားမှုကို လက်မခံကြတဲ့ လူရိုသေရှင်ရိုသေ ရဟန်းရှင်လူပုဂ္ဂိုလ်တွေ၊ စစ်တပ်ရဲ့လုပ်ရပ်ကို မထောက်ခံကြတဲ့သူတွေအထဲက ပြည်သူကလေးစားတဲ့စာရေးဆရာတွေ၊ အနုပညာသည်တချို့ကိုပါ ဂုဏ်ထူးဆောင်ဘွဲ့တွေ မလိုချင်မှန်း မယူချင်မှန်းသိလျှက်နဲ့ အိမ်တိုင်ရာရောက် ဇွတ်လိုက် ပေးအပ်တယ်ဆိုတာ မြန်မာ့သမိုင်းမှာ အကြီးကျယ်ဆုံး၊ နိုင်ငံတော်သစ္စာ ဖေါက်ဖျက်ပုန်ကန်မှုကြီးအတွက် ရသမျှအမှုတွဲလိုက်တွဲတာဖြစ်သလို သူတို့ ဘယ်လောက် တပ်ပျက်နေပြီဆိုတာလည်း ညွှန်ပြနေတာဖြစ်ပါတယ်။

နိုင်ငံတိုင်းမှာ ခေတ်အဆက်ဆက် တရားသဖြင့်အုပ်ချုပ်တဲ့ အစိုးရဖြစ်ဖြစ်၊ တရားမဲ့အုပ်စိုးတဲ့အာဏာရှင်ဓားပြဖြစ်ဖြစ်၊ တိုင်းပြည်အတွက် ထူးထူးချွန်ချွန်အမှုထမ်းသူတွေ၊ သစ္စာခံနောက်လိုက်‌နောက်ပါတွေကို ဂုဏ်ထူး၊ ဘွဲ့ထူးတွေပေးအပ်လေ့ရှိကြပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာလည်း ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ အချုပ်အခြာအာဏာပိုင် လွတ်လပ်တဲ့နိုင်ငံအဖြစ်ရောက်ရှိအချိန်ကစပြီး နိုင်ငံတော်သမ္မတကနေ ဂုဏ်ထူးဘွဲ့ထူး‌တွေကို နှစ်စဉ် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ချီးမြှင့်ခဲ့ပါတယ်။

ဂုဏ်ထူးဘွဲ့ထူး‌တွေကို သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်ဆိုပြီး  ၃ မျိုးခွဲခြားထားရာမှာ သင်္ဂဟပြီးရင် ဘွဲ့၊ ဘွဲ့ရဲ့အောက် တံဆိပ်လို့သတ်မှတ်ထားပါတယ်။ ဘွဲ့အမျိုးအစားထဲမှာ သီရိပျံချီ၊ ဝဏ္ဏကျော်ထင်၊ အလင်္ကာကျော်စွာ၊ သိပ္ပံကျော်စွာ၊ ဇေယျကျော်ထင်ဆိုပြီး ၅ မျိုးရှိပါတယ်။

ဂုဏ်ထူးဘွဲ့ထူး‌တွေထဲမှာ သင်္ဂဟက အမြင့်ဆုံး ဖြစ်ပြီး သုဓမ္မနဲ့ စည်သူတို့က သင်္ဂဟအောက်မှာရှိပါတယ်။ အဲ့ဒီသင်္ဂဟကြီးတခုလုံးရဲ့အကြီးအကဲကတော့ နိုင်ငံတော် သမ္မတဖြစ်ပါတယ်။ ဒါကြောင့် သမ္မတတိုင်းမှာ ဒီသင်္ဂဟနှစ်ခုလုံးရဲ့ အမြင့်ဆုံးဘွဲ့တွေကို အလိုအလျောက် ပိုင်ဆိုင်ပါတယ်။

သီရိပျံချီဘွဲ့ကိုနိုင်ငံအတွက်ကောင်းရာကောင်းကျိုးကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်ခဲ့ကြသူတွေကိုချီးမြှင့်တာဖြစ်ပြီး ဝဏ္ဏကျော်ထင်ဘွဲ့ကိုတော့ အများပြည်သူတို့အတွက် ကောင်းရာကောင်းကြောင်းကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်ခဲ့ကြသူတွေကို ချီးမြှင့်တာဖြစ်ပါတယ်။

အလင်္ကာကျော်စွာဘွဲ့ကို‌တော့ စာပေ ပရိယတ္တိ၊ သုခုမပညာ၊ ကခုန်ခြင်း၊ သီဆိုခြင်း၊ ရေးဖွဲ့ခြင်း၊ ဂီတပညာအရပ်ရပ်တွေမှာ ထူးခြားကောင်းမွန်စွာ တတ်မြောက်သူတွေကို ချီးမြှင့်တာဖြစ်ပါတယ်။ သိပ္ပံကျော်စွာဘွဲ့ကို သိပ္ပံပညာ၊ ကုန်ကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုလက်မှုပညာရပ်တွေမှာ ထူးကဲကောင်းမွန်စွာဆောင်ရွက်သူ‌တွေကို ချီးမြှင့်ပြီး ဇေယျကျော်ထင်ဘွဲ့ကိုတော့ စစ်ဘက်ဆိုင်ရာ အမှုထမ်းကောင်းခြင်းအတွက် ချီးမြှင့်တာဖြစ်ပါတယ်။

ပြည်သူ့က ရွေးကောက်တင်မြှောက်တဲ့ အရပ်သားအစိုးရလက်ထက်မှာ သီရိပျံချီဘွဲ့ချီးမြှင့်ခံရသူတွေထဲမှာ  မြန်မာနိုင်ငံသူနိုင်ငံသားတွေ လေးစားကြည်ညိုကြရတဲ့ ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့် (၁၉၅၃)၊ ဆရာဇေယျ (၁၉၅၅) တို့ဟာ ထင်ရှားပြီး၊ ဝဏ္ဏကျော်ထင်ဘွဲ့ချီးမြှင့်ရသူ‌တွေထဲမှာတော့ နိုင်ငံကျော်စာဆိုတော်တွေဖြစ်ကြတဲ့ ဆရာ‌ဇော်ဂျီ (၁၉၆၁)နဲ့ ဆရာကြီးမင်းသုဝဏ် (၁၉၆၂) တို့ဟာ အထူးထင်ရှားလှပါတယ်။ 

ဒီဆောင်းပါးမှာအဓိက မီးမောင်းထိုးပြချင်တာက လွတ်လပ်ရေးရခါစက ပါလီမန်ဒီမိုကရေစီလက်ထက်မှာ ချီးမြှင့်တဲ့လူပုဂ္ဂိုလ်ရှင်ရဟန်းတွေဟာ နိုင်ငံနဲ့ပြည်သူတို့အတွက် ကောင်းရာကောင်းကြောင်းကို အမှန်တကယ်ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်ခဲ့ကြသူတွေ၊ သမိုင်းကြောင်းကောင်းရှိသူတွေဖြစ်သလို ပြည်သူလူထုက ကြည်ညိုလေးစားခံရသူတွေ ဖြစ်ကြပါတယ်။

အခု အာဏာလုမိစ္ဆာဓားပြမင်းအောင်လှိုင် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဇွတ်ပေးအပ်တဲ့ ဘွဲ့ဆိုးဂုဏ်ထူးဆိုးတွေကို ပြည်သူလူထုရဲ့ မုန်းတီးရွှံရှာမှုခံနေကြရတဲ့ သမိုင်းကြောင်းမကောင်းတဲ့ လူဆိုးလူယုတ်တွေ၊ မကောင်းမှုနဲ့ အသက်မွေးဝမ်းကြောင်းသူတွေ၊ လူသတ်ပြီးသာသနာပြုရတယ်ဆိုပြီး မသိနားမလည်သူတွေကို ဘာသာရေးအစွန်း‌ရောက်အဆိပ်ခတ်တဲ့ ရဟန်းဆိုးတွေသာ လိုလိုလားလား လက်ခံယူ‌ကြတာဖြစ်ပါတယ်။

တနည်းအားဖြင့်ပြောရရင် ပြည်သူတွေက ပြောင်လှောင်နေကြတဲ့ သမ္မတရူးမင်းအောင်လှိုင်က သူခိုးသေဖော်ညှိတဲ့သဘောနဲ့ ပေးအပ်တဲ့အဂ္ဂဗလချာအသီရိအဓမ္မဘွဲ့ဆိုး၊ သူခိုးသီရိအဓမ္မဘွဲ့၊ သူခိုးမဟာသွားရေယိုသူဘွဲ့စတာတွေ၊ အသီရိပျံချီဘွဲ့ဆိုးတွေဟာ ပြည်သူ့ခုံရုံးတက်ရမယ့် နိုင်ငံ့သစ္စာဖေါက်ဘွဲ့ဆိုးတွေဖြစ်ကြပါတယ်။ အဲ့ဒီဘွဲ့ဆိုးတွေကို လိုလိုလားလားယူခဲ့ကြတဲ့သူတွေကို အများပြည်သူတွေက ထုံးတို့လို့မှတ်ထားပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013