DVB Logo
Home
မြန်မာသတင်း
ရနောင်းတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၁၅ ဦး ဖမ်းဆီးခံရ
DVB
·
February 3, 2023
ရနောင်းတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၁၅ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၅ ဦးကို ထိုင်းကားမောင်းသမားတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ရနောင်းဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။

ရနောင်းခရိုင်၊ ကရပူရီမြို့နယ်၊ နမ့်ကျစ်အုပ်စုထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၄ ဦးကို အရင်ဆုံးဖမ်းဆီးရမိခဲ့ပြီး သူတို့ကိုစစ်ဆေးမေးမြန်းချက်အရ တသုတ်ထဲဝင်လာသူတွေ နောက်ထပ်ရှိနေသေးတယ်ဆိုတာကြောင့် လမ်းကြောင်းပေါ်မှာ ဆက်လက်စောင့်ကြပ်စစ်ဆေးခဲ့တယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

ဒါကြောင့် ဖေဖော်ဝါရီ ၁ ရက်မှာ နယ်မြေထဲဝင်ရောက်လာတဲ့ ငွေရောင်တို ယိုတာဟိုင်းလပ်စ် ကား တစီးနောက်ခန်းမှာ လဲလျောင်းအနေအထားနဲ့ လိုက်ပါလာတဲ့ မြန်မာအမျိုးသား ၃ ဦး အမျိုးသမီး ၃ ဦး ပေါင်း ၆ ဦးတို့ကို ဖမ်းမိတာလို့ ဆိုပါတယ်။ 

ကားမောင်းသူမှာ အသက် ၂၈ နှစ်ရွယ် နိုင်းဒမ်ဆိုသူ ထိုင်းအမျိုးသားဖြစ်ပြီး သူ့ကား ထဲကနေ စိတ်ကြွဆေးပြား ၂ ပြားကိုပါ ဖမ်းမိခဲ့ပါတယ်။ 

နိုင်းဒမ်က သူဟာ အဆိုပါမြန်မာ ၆ ဦးကို ကရပူရီကနေ ထိုင်းနိုင်ငံအတွင်းပိုင်းကို အခကြေးငွေနဲ့ ပို့ပေးဖို့ ဒဲန်ဆိုတဲ့ အမျိုးသမီးက မက်ဆေ့ဂျာကနေ ဆက်သွယ်တာကြောင့် သွားကြိုခဲ့ကြောင်း သူ့ကိုတော့ အပြင်မှာ မမြင်ဖူးကြောင်း ပြောပါတယ်။ 

စစ်ဆေးရင်းနဲ့ သူဟာဒီမတိုင်ခင် ဇန်နဝါရီ ၂၈ ရက်နေ့ကလည်း မြန်မာအမျိုးသမီး ၂ ဦးကို ရနောင်းကနေ ချွန်းဖွန်းခရိုင်ပို့ပေးခဲ့ကြောင်း ထွက်ဆိုတာကြောင့် နေအိမ်တစ်လုံးမှာ ပုန်းနေတဲ့ သူတို့ ၂ ယောက်ကိုပါ ဖမ်းဆီးခဲ့ပါတယ်။ 

တစ်နေ့တည်းမှာဘဲ အဆိုပါလမ်းကြောင်းမှာမောင်းဝင်လာတဲ့ နောက်ထပ် အီဇူးစူးကား ၁ စီးပေါ်ကနေ တရားမဝင် မြန်မာ ၃ ဦးဖမ်းဆီးရမိခဲ့ပါတယ်။ ယာဉ်မောင်းမှာ အသက် ၄၁ ရွယ်ရှိ နိုင်းခယိုဖြစ်ပြီး သူ့ကိုလည်း  မေးလ်ဆိုသူ အမျိုးသမီးက လူအကြို ပို့လုပ်ပေးဖို့ အွန်လိုင်းကနေ ဆက်သွယ်လာကြောင်း ရနောင်းခရိုင် ကရပူရီမြို့ ဘန့်ပလိုင်ခေါင်းရွာကနေ  ပရကျူပ်ခီရီခန်ခရိုင် ဆာမ်လွဲ့မြို့နယ်သို့ ပို့ဆောင်စဉ် လမ်းမှာ အဖမ်းခံလိုက်ရတာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူက သူတို့အားလုံးကို လဝကဥပဒေနဲ့အရေးယူဖို့ သက်ဆိုင်ရာရဲစခန်းကိုပို့ ဆောင်ထားပြီး နောက်ထပ်ကွင်းဆက်တွေ ဖော်ထုတ်အရေးယူသွားမယ်လို့ ဆိုပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013