DVB Logo
Home
မြန်မာသတင်း
မောင်တောခရိုင်မှ ပညာရေးဝန်ထမ်းများ လစာ ၂ ဆမရသဖြင့် အခက်တွေ့နေ
DVB
·
February 3, 2023
မောင်တောခရိုင်မှ ပညာရေးဝန်ထမ်းများ လစာ ၂ ဆမရသဖြင့် အခက်တွေ့နေ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ဖြစ်တဲ့ ဘူးသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ်အတွင်း တာဝန် ထမ်းဆောင်နေကြတဲ့ စစ်ကောင်စီလက်အောက်ခံ Non-CDM ပညာရေးဝန်ထမ်းတွေဟာ ၂၀၂၃ ဇန်နဝါရီအတွက် လစာနှစ်ဆမရတဲ့အတွက် အခက်အခဲဖြစ်နေကြကြောင်း ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။

ပညာရေးဝန်ထမ်းတဦးက “တခြားဝန်ထမ်းတွေက လစာနှစ်ဆ အပြည့်ရကြပါတယ်။ ကျမတို့ ပညာရေးဝန်ထမ်းတွေက ဘဏ်မှာ ငွေမရှိလို့ဆိုပြီး တလစာပဲ ရတယ်။ မောင်တောနဲ့ ဘူးသီးတောင်က ပညာရေးဝန်ထမ်းတွေလည်း တလစာရကြတာ။ ဘဏ်မန်နေဂျာတွေက ငွေမရှိဘူးဆိုပြီး လုပ်စားနေကြတာ ကြာပြီ။ အချိန်တပတ်လောက် စောင့်ရမယ်ဆိုတော့ ကုန်စျေးနှုန်းတွေက မြင့်တော့ အခက်အခဲ ဖြစ်နေရတယ်”လို့  ပြောပါတယ်။

ဘဏ်မှာ ငွေသားလက်ကျန် နည်းနေတာဟာာ မောင်တောခရိုင်ရှိ မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာတွေက ငွေပွဲစားတွေနဲ့ ငွေထုတ်ပေးနေတာတွေ ရှိနေတာကြောင့်လို့ ဒေသခံ ဝန်ထမ်းတွေက ပြောပါတယ်။

“မောင်တောခရိုင် ဆောက်လုပ်ရေးကုမ္ပဏီတွေက ဘဏ်မန်နေဂျာတွေနဲ့ လက်တွဲပြီး ပွဲစားတွေနဲ့ လုပ်စားနေကြတာ။ ဘဏ်မှာငွေရှိလို့ ပြောနေကြတာပါ။ ကျမတို့ တာဝန်ကျနေတဲ့ ဘူးသီးတောင် မြောက်ပိုင်း ဆိုတာက မြို့ကဝန်ထမ်းတွေနဲ့ မတူဘူးလေ။ အသွားအပြန် ခရီးစရိတ်က  ၅ သောင်းလောက်အထိ ကုန်ကျတာ။ အခုလို လစာကို နောက်တခေါက် လာထုတ်ရမယ်ဆိုတော့ အခက်အခဲတွေ အများကြီးတွေ့နေရတာ။” 

မောင်တောခရိုင်ရှိ ဝန်ထမ်းများအားလုံး ဇန်နဝါရီ ၃၁ ရက် လကုန်ရက်မှာ လစာ ၂ ဆ ရရှိခဲ့ကြပေမဲ့ မောင်တောမြို့နယ်ရှိ ပညာရေးဝန်ထမ်းတွေပဲ လစာ ၁ လစာ ရရှိခဲ့ကြတာပါ။

​လစာငွေ ၂ လစာမရဘဲ ၁ လစာပဲ ရရှိလို့ ဝေးလံတဲ့နေရာဒေသတွေကနေ လစာလာထုတ်ယူကြရတဲ့ ဝန်ထမ်းတွေအတွက် အခက်အခဲ ဖြစ်တယ်လို့ ပြောကြပါတယ်။

မောင်တောမြို့နယ် အောင်သပြေကျေးရွာမှာ တာဝန်ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်းတဦးက “ကျမတို့က မောင်တောနဲ့ မိုင် ၇၀ ကျော်ဝေးတဲ့ အောင်သပြေကျေးရွာကနေ မောင်တောမြို့ပေါ်ကို ခရီးစရိတ်တွေအကုန်ခံပြီး လစာလာထုတ်နေကြရတာ။ လစာ ၂ လစာအပြည့်မရဘူး။ နောက်တပတ်မှလာပြီး နောက် တလစာကို ထုတ်ရမှာဆိုတော့ ခရီးစရိတ် ထပ်ကုန်ရတော့မှာ” လို့  ​ပြောပါတယ်။

မောင်တောခရိုင်မှာ  တာဝန်ထမ်းဆောင်နေတဲ့ နယ်ခြားစောင့်ရဲအပါအဝင် ဌာနဆိုင်ရာအားလုံးကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကစပြီး လစာနှစ်ဆ ခံစားခွင့် ခွင့်ပြုပေးထားခဲ့တာလည်း ဖြစ်ပါတယ်။

မောင်တောခရိုင်မှာ လမ်းပန်းဆက်သွယ်ရေး ဝေးလံခေါင်းပါးပြီး ကုန်စျေးနှုန်း အဆမတန် မြင့်မားနေတဲ့ဒေသဖြစ်တဲ့အတွက် ခုလို လစာ ၂ လစာ ရှားပါးစရိတ် ဝန်ထမ်းတိုင်း ရရှိနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013