DVB Logo
Home
မြန်မာသတင်း
မောင်တော နခခ-၅ မှ ထွက်ပြေးသွားသည့် စစ်သား ၁ ဦး စစ်တွေတွင် ဖမ်းမိ
DVB
·
February 3, 2023
မောင်တော နခခ-၅ မှ ထွက်ပြေးသွားသည့် စစ်သား ၁ ဦး စစ်တွေတွင် ဖမ်းမိ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့အဝင်ရှိ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ-၅ ကနေ ဇန်နဝါရီ ၃၁ ရက်က ထွက်ပြေးသွားခဲ့တဲ့ စစ်ကောင်စီတပ်သားတဦး ဖေဖော်ဝါရီ ၁ ရက် ညနေ ၅ နာရီကျော်လောက်က စစ်တွေမြို့ ပြည်တော်ရပ်ကွက် ခိုင်သဇင်ပန်းခြံအနီးရှိ ချောင်းထဲဆင်းပြေးစဥ် စစ်သားတွေနဲ့ ရဲတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ ရဲအရာရှိတဦးက အတည်ပြုပြောပါတယ်။

“သူက မနေ့ကတည်းက နခခ-၅ ကနေ ထွက်ပြေးသွားတာ။ သူ့ဓာတ်ပုံကို မောင်တောနဲ့ စစ်တွေ ပြေးဆွဲနေတဲ့ ကားတွေကို အားလုံးလိုက်ဖြန့်ပြီးသား။ စစ်တွေ ရေချမ်းပြင်ရဲစခန်းက သူ စစ်တွေကိုတက်သွားတာကို တွေ့လိုက်ပြီး ခြေရာခံလိုက်နေကြတာ။ ခိုင်သဇင်ပန်းခြံနားက ချောင်းထဲကို ဆင်းပြီး ပုန်းနေတာကို ဝိုင်းဖမ်းခဲ့ကြတာ။”

နခခ-၅ မှ ထွက်ပြေးသွားသူမှာ တပ်သားငြိမ်းချမ်းဖြစ်ပြီး  ဖမ်းဆီးခံရပြီးနောက်သူ့ကို စစ်ကားပေါ်တင်ခေါ်သွားပြီး လက်ရှိ ဘယ်မှာရောက်နေတယ် ဘာလို အရေးယူခံရမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

“ရဲသားနဲ့ စစ်သား ၃၀ လောက်ရှိတယ်။ အနီးကပ်လည်း သွားမကြည့်ဝံ့ဘူး။ အဝေးက မြင်လိုက်တာ။ အသက် ၃၀ ဝန်းကျင် လူလတ်ပိုင်းဗျ။ အမျိုးသားတဦးပါ။ ဘောင်းဘီနဲ့ တီရှပ်ဝတ်ထားတယ်။ သူက ခိုင်သဇင်ပန်းခြံအနီးက တံတားအောက်နား ပုန်းနေတာကို စစ်ကောင်စီတပ်သားတွေ ရှာတွေ့သွားတာ။ စစ်ကားပေါ် ဖမ်းတင်ခေါ်သွားတယ်” လို့ အနီးရှိ မျက်မြင် စစ်တွေဒေသခံက ပြောပါတယ်။

ထွက်ပြေးသွားတဲ့ တပ်သား ငြိမ်းချမ်းလက်ထဲမှာ စစ်ကောင်စီအတွက် အလွန်အရေးကြီး စာရွက်စာတမ်းတခုခု ဒါမှမဟုတ် လက်နက်တခုခု ယူဆောင်သွားတဲ့အတွက် အခုလို အသဲအသန် လိုက်ရှာဖမ်းဆီးတာဖြစ်နိုင်ကြောင်း ရခိုင် စစ်ရေး နိုင်ငံရေး လေ့လာသူတဦးက ထင်မြင်ချက်ပေးပါတယ်။

“သူ့ဆီမှာ မောင်တောဒေသအတွက် အရေးကြီးတဲ့ စစ်ရေးအချက်အလက် စာရွက်စာတမ်း ဖြစ်ဖြစ်၊ မြေပုံတွေဖြစ်ဖြစ်၊ လက်နက်တခုခုဖြစ်ဖြစ် ပါသွားတာဖြစ်နိုင်တယ်။ ဒါကြောင့် သူ့ကို ပိတ်ဆို့ရှာဖွေကြတာပေါ့။”

ဇန်နဝါရီ ၁၆ ရက် ညကလည်း မြောက်ဦးမြို့အခြေစိုက် ၅၄၀ တပ်ရင်းမှ စစ်ကောင်စီတပ်သား ၃ ဦး လက်နက်တွေနဲ့ ထွက်ပြေးသွားခဲ့သလို မြောက်ဦးအခြေစိုက် ၃၇၈ တပ်ရင်းမှ တပ်ကြပ်ကျော်သန့်စင်ဟာ တပ်တွင်းမှာ အရာရှိစစ်ဗိုလ် ၃ ဦးနဲ့ စကားများ ရန်ဖြစ်ပြီး ထွက်ပြေးသွားခဲ့တာရှိတယ်လို့ ဒေသတွေဆီက သိရပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ အလွတ်သဘော အပစ်အခတ် ရပ်စဲထားကြပေမဲ့ စစ်ကောင်စီတပ်အတွင်း ယုံကြည်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာနေသလို အထက်အရာရှိတွေရဲ့ ဖိနှိပ်မှုတွေကြောင့် အခုလို တပ်ပြေးတွေ တရက်တရက် များလာနေကြောင်း ရခိုင် စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသူတွေက ထောက်ပြကြပါတယ်။

ရက္ခိုင့်တပ်တော် (အေအေ) ပြောခွင့်ရ ခိုင်သုခကတော့ ပဥ္စမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီတပ်သားအရေအတွက် ရာနဲ့ချီပြီး အေအေဘက် ခိုလှုံလာနေတာရှိနေကြောင်း ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013