ရိုမေးနီးယားရှိ အထပ်မြင့်တိုက်ကို ရုရှားပစ်ခတ်လိုက်တဲ့ ဒရုန်း ထိမှန်ခဲ့တာကြောင့် မီးလောင်မှုဖြစ်ခဲ့ပြီး လူ ၂ ယောက် ဒဏ်ရာရခဲ့ကြောင်း ရိုမေးနီးရား ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
ဒရုန်းထိမှန်ချိန်မှာ ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ခဲ့တာကြောင့် လူ ၇၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပါတယ်။
ဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ ရုရှားဟာ နယ်စပ်မှာ ယူကရိန်းကို တိုက်ခိုက်မှုတွေ ဆက်ပြုလုပ်နေပြီး ဂါလက်မြို့အရှေ့ပိုင်းကို ဒရုန်းထိမှန်ခဲ့တာလို့ ပါရှိပါတယ်။
အဲဒီဒရုန်းဟာ လူနေ ၁၀ ထပ် အဆောက်အအုံကို ထိမှန် ပေါက်ကွဲခဲ့တယ်လို့ ရိုမေးနီးယား တာဝန်ရှိသူတွေက ပြောပါတယ်။
ရိုမေးနီးယားဟာ NATO နဲ့ EU အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ယူကရိန်းနိုင်ငံနဲ့ မိုင် ၄၀၀ နယ်နိမိတ် ထိစပ်နေပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်စစ် စတင်ချိန်ကတည်းက ရုရှားဒရုန်းတွေ ရိုမေးနီးယား လေပိုင်နက်ထဲကို ချိုးဖောက်ဝင်ရောက်မှု ၂၈ ကြိမ် ရှိတယ်လို့ ရိုမေးနီးယား ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
ရိုမေးနီးယားပိုင်နက်ထဲကို ဒရုန်းအပိုင်းအစတွေ ရောက်ရှိမှုက ၄၇ ကြိမ်ရှိပြီး ၁၂ ကြိမ်က ဒီနှစ်တနှစ်ထဲမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ကတော့ လူနေတဲ့နေရာတွေကို ထိမှန်ခဲ့တာဖြစ်ပြီး ဒဏ်ရာရစေခဲ့တဲ့ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါဟာ ရုရှားနိုင်ငံရဲ့ တာဝန်မဲ့ပြီး အန္တရာယ်ရှိတဲ့ အပြုအမူဖြစ်တယ်လို့ ရိုမေးနီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒရုန်းကာကွယ်ရေးစနစ်တွေ လွှဲပြောင်းပေးဖို့နဲ့ပတ်သက်ပြီး NATO နဲ့ မဟာမိတ်အဖွဲ့တွေကို ရိုမေးနီးယားက သတင်းပို့ထားတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
Source: Reuters










