DVB Logo
Home
မြန်မာသတင်း
ရေစကြို ပခန်းငယ်ရဲကင်းစခန်းနှင့် မင်းတုန်းမြို့နယ်က ဂိတ်စခန်းတခု တိုက်ခိုက်ခံရ
DVB
·
February 2, 2023
ရေစကြို ပခန်းငယ်ရဲကင်းစခန်းနှင့် မင်းတုန်းမြို့နယ်က ဂိတ်စခန်းတခု တိုက်ခိုက်ခံရ
1 / 2
Donate to DVB

မကွေးတိုင်း ရေစကြိုမြို့နယ် ပခန်းငယ်ရဲကင်းစခန်းကို ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်ပိုင်းက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူရှိနိုင်တယ်လို့ ရေစကြိုမြို့နယ် ပ.က.ဖ ကနေ သိရပါတယ်။

ရေစကြိုမြို့နယ် ပခန်းငယ်ရဲကင်းစခန်းကို မနေ့က မနက် ၆ နာရီလောက်မှာ စစ်အာဏာသိမ်း ၂ နှစ်ပြည့်ကို လက်တုံ့ပြန်တဲ့အနေနဲ့ ဒရုန်းနဲ့ အီနာဂါဗုံးသီး ၂ လုံးဖြတ်ချတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပ.က.ဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကိုပြောပါတယ်။

“အဲဒီရဲစခန်းမှာ စစ်(...)တွေ အများကြီးတပ်စွဲထားတာဗျ။ အီနာဂါဗုံးသီး ၂ လုံးဖြုတ်ချတဲ့ အချိန်မှာ တလုံးကတော့ကျတယ်ဗျ။ နောက်တလုံးချတဲ့အချိန်မှာ ချချပြီးချင်း Drone Gun နဲ့ ဆွဲယူသွားတာကြောင့် ဒရုန်းတစင်းအပါဝင် အပိုပစ္စည်း တန်ဖိုး သိန်း ၈၀ လောက် နစ်နာဆုံးရှုံးပြီး ကျနော်တို့ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်။”

တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူရှိနိုင်ပြီး ဒရုန်းကိုတော့ သူတို့ဘက်က Drone Gun နဲ့ ပစ်ချလိုက်လို့ ပြန်ယူလို့ မရခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီ ပခန်းငယ်ရဲကင်းစခန်းကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့သလို ၂၀၂၂ ခုနှစ် ဧပြီ ၂၈ ရက်နေ့မှာလည်း ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၁၄ ယောက်သေဆုံးပြီး ၃ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်း မင်းတုန်းမြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်စခန်းတခုကို ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၁၁ နာရီခွဲလောက်မှာ စစ်အာဏာသိမ်း ၂ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၂ ယောက်ထက်မနည်းဒဏ်ရာရရှိခဲတယ်လို Swallow-PDF ရဲ့ ခေါင်းဆောင် ဗိုလ်ပျံလွှားက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ပထမသွားတုန်းကတော့ စစ်အာဏာသိမ်း ၂ နှစ်ပြည့် အသံတိတ်သပိတ်မှာ လမ်းပိုင်းဆိုင်ရာ ကြီးကြပ်ဖို့ သွားခဲ့ပေမယ့် သတင်းတွေပေါက်သွားလို့ စစ်(...)တွေတပ်စွဲထားတဲ့ ပြောင်းရွာနားက စစ်ဆေးရေးဂိတ်ကို လက်ပစ်ဗုံး ၃ လုံးအပါဝင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ။” 

အဲဒီစစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ဟာ တိုင်းရင်းသားတွေနဲ့ ပြည်သူတွေကို မတရားဖမ်းဆီးတာနဲ့ ငွေညှစ်တာတွေ ပြုလုပ်ကာ နည်းမျိုးစုံဒုက္ခပေးနေတာကြောင့် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဗိုလ်ပျံလွှားက ပြောပါတယ်။

Sallow-PDF အနေနဲ့ လက်နက်ခဲယမ်းတွေ စုဆောင်းနေပြီး စစ်အာဏာရှင်အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမှာဖြစ်လို့ မိဘပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့နေရာကနေ ပူးပေါင်းပါဝင်ကူညီပေးကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်တွေမှာ ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေး သလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013