DVB Logo
Home
မြန်မာသတင်း
CDM သူရဲကောင်းများကို NUG ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များချီးမြှင့်ပြီး ရာထူးတဆင့်တိုးမြှင့် ခန့်အပ်မည်
DVB
·
February 1, 2023
CDM သူရဲကောင်းများကို NUG ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များချီးမြှင့်ပြီး ရာထူးတဆင့်တိုးမြှင့် ခန့်အပ်မည်
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အဓိကအင်အားစုတခုဖြစ်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုတွေနဲ့ တော်လှန်ရေးကာလ ၂ နှစ်တိတိ ပါဝင်နေကြတဲ့ ပြည်သူ့သူရဲကောင်း၊ နိုင်ငံ့သူရဲကောင်း CDM ဝန်ထမ်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဂုဏ်ပြုချီးမြှင့်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

အဆိုပါထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်အာဏာကို မတရားသဖြင့် အဓမ္မသိမ်းယူခဲ့ချိန်ကတည်းက ခုချိန်ထိတိုင်အောင် အမှန်တရားနဲ့ ဓမ္မဘက်ကနေ ရပ်တည်နေကြတဲ့ ပြည်သူ့သူရဲကောင်း CDM တွေအားလုံးကို တော်လှန်ရေးအလွန်ကာလမှာ နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်တွေ ချီးမြှင့်ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းတွေရဲ့ အကြမ်းဖက်စစ်အုပ်စုကနေ အာဏာသိမ်းတဲ့ နေ့ရက် မတိုင်ခင်အချိန်ထိ ထမ်းဆောင်ခဲ့တဲ့ ရာထူးတာဝန်တွေကနေ ရာထူးတဆင့် တိုးမြှင့်ခန့်အပ်သွားမှာဖြစ်ကာ အဆိုပါ ရာထူးတိုးမြှင့်တဲ့အမိန့်ဟာ အခု ကြေညာချက် ထုတ်ပြန်တဲ့ ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီးတော့ အကျိုးသက်ရောက်မှုရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းတွေဖြစ်ကြတဲ့ နေ့စားဝန်ထမ်းတွေ (အချိန်ပိုင်းနည်းပြ၊ သရုပ်ပြတွေ အပါအဝင်) ကိုလည်း ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အမြဲတမ်းဝန်ထမ်းတွေ အဖြစ် အတည်ပြုခန့်ထားကြောင်းနဲ့ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းဖို့ ကြိုးစားချိန်က စတင်ကာ နိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းတွေ ထုတ်ယူခြင်းမရှိခဲ့တဲ့ လုပ်ခလစာငွေတွေနဲ့ ချီးမြှင့်ငွေတွေ အားလုံးကိုလည်း တော်လှန်ရေးအလွန်ကာလမှာ တလုံးတခဲတည်း ပြန်လည်ပေးအပ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ ပြည်သူလူထုတရပ်လုံးရဲ့ ပြတ်သားတဲ့ စိတ်ပိုင်းဖြတ်မှု၊ စွန့်လွှတ်စွန့်စားမှု၊ ရဲစွမ်းသတ္တိနဲ့ တစိုက်မတ်မတ် ကြိုးစားအားထုတ်မှုတွေကို အရင်းတည်ပြီးတော့ တော်လှန်ရေးအုတ်မြစ်ဟာ အခြေခိုင်ခဲ့ကာ လက်ရှိအချိန်မှာ ဘယ်သူကမှ ဖြိုလှဲဖျက်ဆီးပစ်လို့ မရနိုင်တဲ့ ခိုင်မာအားကောင်းမှုတခုနဲ့ ရှေ့ဆက်နေပြီ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နွေဦးတော်လှန်ရေး ၂ နှစ်ပြည့်တဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲ အပါအဝင် တခြားသော ခြေလှမ်းတိုင်း၊ လုပ်ရပ်တိုင်းဟာ ပြည်သူ့ အချုပ်အခြာအာဏာကို မတရားရယူဖို့ ကြိုးစားတဲ့ အာဏာဖီဆန်မှုမြောက်တဲ့ ဥပဒေချိုးဖောက်မှုတွေသာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရတရပ်ဖြစ်တဲ့ NUG အစိုးရအနေနဲ့ အဆိုပါ ဥပဒေချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေအားလုံးကို တရားဥပဒေရှေ့မှောက်ကို ပို့ဆောင်ပြီး ထိခိုက်နစ်နာခဲ့ရသူ အားလုံးအတွက် တရားမျှတမှုကို ရယူပေးနိုင်ဖို့လည်း ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013