DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေးကို နိုင်ငံတကာက ထိထိရောက်ရောက် မဖြေရှင်းနိုင်တာ ၂ နှစ်ပြည့်ပြီဟု ကုလအထူးကိုယ်စားလှယ်ပြော
DVB
·
February 1, 2023
မြန်မာ့အရေးကို နိုင်ငံတကာက ထိထိရောက်ရောက် မဖြေရှင်းနိုင်တာ ၂ နှစ်ပြည့်ပြီဟု ကုလအထူးကိုယ်စားလှယ်ပြော
Donate to DVB

မြန်မာနိုင်ငံရေးပြဿနာကို နိုင်ငံတကာအသိုက်အဝန်းက ထိထိရောက်ရောက် မဖြေရှင်း မကိုင်တွယ်နိုင်ခဲ့တာ ၂ နှစ်ပြည့်ခဲ့ပြီလို့ ကုလသမဂ္ဂရဲ့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးကပြောတဲ့ကြောင်း  ရိုက်တာသတင်းမှာဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူခဲ့တာ  ၂ နှစ်ပြည့်တဲ့နေ့မတိုင်ခင်  ဇန်နဝါရီ ၃၁ ရက်နေ့မှာ တွမ်အမ်ဒရူးစ်ကပြောကြားလိုက်တာဖြစ်ပါတယ်။

“အခုက တကယ်ကို စိတ်မကောင်းစရာ အခြေအနေပါပဲ၊ မြန်မာစစ်တပ်က အာဏာသိမ်းခဲ့တာ နှစ်နှစ်ပြည့်ခဲ့ပြီ၊ ဒါဟာ ကျနော်တို့ နိုင်ငံတကာအသိုက်အဝန်းက အဲဒီပြဿနာအပေါ်မှာ ထိထိရောက်ရောက် တာဝန်မယူ မဖြေရှင်းနိုင်ခဲ့တာ နှစ်နှစ်ပြည့်ပြီဆိုတာကို ပြတာပါပဲ။”

စစ်အာဏာရှင်တွေ သူတို့ကိုယ်သူတို့ ကျားကန်ထားနိုင်ဖို့အတွက် ပိုက်ဆံရယ်၊ လက်နက်ရယ်၊ တရားဝင်မှုရယ်ဆိုတဲ့ ၃ ခု လိုအပ်ပြီး မြန်မာနိုင်ငံသားတွေရဲ့ အမြင်မှာ ဒီစစ်အာဏာရှင်တွေဟာ တရားဝင်မှု လုံးဝမရှိဘူးလို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ကပြောပါတယ်။

“မြန်မာစစ်အာဏာရှင်တွေရဲ့ တရားဝင်မှုကို အသိအမှတ်ပြုရေးမှာ ကျနော်တို့ နိုင်ငံတကာ အသိုက်အဝန်းတွေ အရေးပါမှု ဘယ်လောက်ထိရှိတယ်ဆိုတာကို ကျနော်တို့နားလည်နေဖို့ကလည်း အရမ်းကို အရေးကြီးပါတယ်။ ဒီနေ့ပြောချင်တဲ့ အဓိကအကြောင်းကလည်း ဒါပါပဲ။” 

စစ်ကောင်စီဟာ နိုင်ငံတော် အာဏာကို တရားမဝင် သိမ်းယူခဲ့သလို အာဏာသိမ်း သက်တမ်း ၂ နှစ် ပြည့်သွားချိန်မှာလည်း အာဏာကို ဆက်ယူထားပြီး နိုင်ငံတကာရဲ့ တရားဝင်အသိအမှတ်ပြုမှု ရရှိဖို့ အတုအယောင်ရွေးကောက်ပွဲသစ်ကျင်းပဖို့ ပြင်ဆင်ကြိုးပမ်းနေတာဖြစ်ပါတယ်။ 

ဒါနဲ့ပတ်သက်ပြီးလည်း တွမ်းအန်ဒရူးစ်က “သူတို့ကတော့ နိုင်ငံတကာအသိုက်အဝန်းကြားမှာ တရားဝင်အသိအမှတ်ပြုတဲ့ ဒီမိုကရေစီစနစ်အတိုင်း ရွေးကောက်ခံအစိုးရဖြစ်လာစေရေးအတွက် နိုင်ငံရေး စာမျက်နှာသစ်ကိုလှန်ဖို့သူတို့ပြောတဲ့ ရွေးကောက်ပွဲကို ဒီနှစ်မှာ လုပ်မယ်လို့ ဆုံးဖြတ်ထားကြတယ်။ လူကြီးမင်းတို့ ခင်ဗျာ၊ အတိုက်အခံခေါင်းဆောင်တွေကို ဖမ်းဆီး၊ ထိန်းသိမ်း၊ နှိပ်စက်၊ သတ်ဖြတ်နေပြီးတော့ ဘယ်လိုနည်းနဲ့မှ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲဆိုတာ ရှိမလာနိုင်ပါဘူး။ သတင်းထောက်တွေ သူတို့အလုပ်ကိုသူတို့လုပ်တာဟာ တရားဥပဒေနဲ့ မညီပါဘူးဆိုတဲ့ နိုင်ငံမှာ တကယ့်ရွေးကောက်ပွဲအစစ် ဖြစ်မလာနိုင်ပါဘူး။ စစ်အာဏာရှင်တွေကို ဝေဖန်တာဟာ ရာဇဝတ်မှုလို့ သတ်မှတ်ထားတဲ့ နိုင်ငံမှာ တရားဝင်လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ရှိမလာနိုင်ပါဘူး။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ၊ နိုင်ငံတကာအသိုက်အဝန်းတွေ၊ ရွေးကောက်ပွဲစောင့်ကြည့်အကဲဖြတ်ရေးအဖွဲ့တွေ အနေနဲ့လည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကို ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ နည်းပညာဆိုင်ရာတွေ ထောက်ပံ့ပေးပြီး ဒါမှမဟုတ် ရွေးကောက်ပွဲစောင့်ကြည့်သူတွေ လွှတ်ပေးပြီး သူတို့ရဲ့ ကလိမ်ကကျစ်လုပ်ရပ်ကို ထောက်ခံကူညီလို့မဖြစ်ပါဘူး။ တကယ်လုပ်ရမှာက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ်ကို စစ်အုပ်ချုပ်မှုအောက်ရောက်အောင် စီစဉ်ရေးဆွဲထားတဲ့ သူတို့ရဲ့ ကလိမ်စေ့ငြမ်းဆင်လုပ်ရပ်အပေါ်မှာ ကန့်ကွက်ကြောင်း လက်မခံကြောင်းကို ချက်ကျလက်ကျ ကြေညာရမှာပဲ ဖြစ်ပါတယ်။”

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ယူကရိန်းအရေးမှာ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေသလို မြန်မာ့ အရေးကိုလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

“လိုနေတာက ဘယ်လိုစီးပွားရေးပိတ်ဆို့မှုတွေက အကောင်းဆုံးဖြစ်မလဲ၊ အထိရောက်ဆုံးဖြစ်မလဲ၊ ဘယ်သူတွေကို ပစ်မှတ်ထားပြီး စီးပွားရေးပိတ်ဆို့ရမလဲ၊ ဒီစီးပွားရေးပိတ်ဆို့မှုတွေအပေါ်မှာလဲ ယူကရိန်းအရေးမှာ ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသလို နိုင်ငံတကာ အသိုက်အဝန်းတွေက ဘယ်လိုပူးပေါင်းအရေးယူဆောင်ရွက်ကြမလဲ၊ အဲတာတွေကို လေ့လာသုံးသပ်ပြီး မြန်မာနိုင်ငံသားတွေဘက်က ရပ်တည်တဲ့ မြန်မာနိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးကို ထောက်ပံ့အားပေးကူညီမယ့် နိုင်ငံတွေက ပူးပေါင်းဆောင်ရွက်ကြဖို့ပါပဲ။ ”

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အန်းဒရူးစ်ဟာ “တရားမဝင် ဥပဒေမဲ့သော - မြန်မာနိုင်ငံရဲ့ အစိုးရအဖြစ် စစ်တပ်ရဲ့ အဆိုပြုချက်နဲ့ နိုင်ငံတကာတုံ့ ပြန်မှုတွေအပေါ် လေ့လာဆန်းစစ်ခြင်း”ဆိုတဲ့ အမည်နဲ့ အစီရင်ခံစာတစ်စောင်ကို မကြာခင်ကမှ တင်သွင်းခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တရားဝင်ရွေးကောက်ခံ အစိုးရကိုဖယ်ရှားကာ စစ်တပ်က အာဏာသိမ်းခဲ့တာ နှစ်နှစ်ပြည့်ခဲ့ပြီးတဲ့နောက် မြန်မာပြည်မှာ လူ့အသက်ပေါင်းများစွာ ကြွေလွင့်ခဲ့ရပြီး ဘဝပေါင်းများစွာဟာ ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားခဲ့ရပါတယ်။ 

ဆန္ဒပြပွဲတွေကို စစ်တပ်က ရက်ရက်စက်စက်ဖြိုခွင်းခဲ့ပြီး အပြစ်မဲ့ ပြည်သူတွေကို အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခဲ့ရာမှာ စစ်အာဏာသိမ်း ၂ နှစ်အတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ အပြစ်မဲ့ပြည်သူ ၂၉၄၀ ဦး ကျဆုံးခဲ့ရပြီး၊ ထောင်သွင်းအကျဉ်းချကာ နှိပ်စက်ညှဉ်းပန်း ဖမ်းဆီးခံရသူပေါင်း ၁၇၅၇၂ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားပါတယ်။

လူဦးရေ ၁ ဒသမ ၂ သန်းလောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး နိုင်ငံအတွင်းကနေ ထွက်ခွာခဲ့သူ ၇၀,၀၀၀ ကျော်ရှိတယ်လို့ စစ်တပ်ကို စစ်ရာဇဝတ်မှုတွေ၊ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စွပ်စွဲထားတဲ့ ကုလသမဂ္ဂက ပြောပါတယ်။

မြန်မာစစ်တပ်ကတော့ သူတို့ရဲ့လုပ်ရပ်ကို အကြမ်းဖက်သမားတွေကို နှိမ်နင်းတဲ့ တရားဝင်လုပ်ရပ်လို့ ငြင်းဆန်နေဆဲဖြစ်ပြီး မေးမြန်းမှုတွေကို ပြန်လည်ဖြေကြားခဲ့ခြင်းမရှိဘူးလို့ ရိုက်တာက ရေးပါတယ်။

Ref-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013