DVB Logo
Home
Lead Story
မင်းအောင်လှိုင်တို့ နိုင်ငံတော်ပုန်ကန်တာ ၂ နှစ် ပြည့်ပြီ (ဆောင်းပါး)
DVB
·
February 1, 2023
မင်းအောင်လှိုင်တို့ နိုင်ငံတော်ပုန်ကန်တာ ၂ နှစ် ပြည့်ပြီ (ဆောင်းပါး)
Donate to DVB

လွန်ခဲ့တဲ့နှစ်နှစ် ဒီလိုနေ့မျိုးမှာ ခင်များတို့ရော ဘယ်လို ဖြစ်နေခဲ့ကြပါသလဲ။ သတင်းကြားကြားချင်းပဲ ထူးဆန်းအံ့သြမှုတွေ ဖြစ်သွားကြမလား။ စစ်တပ်က ဒီလို လုပ်ပါ့မလားဆိုပြီး သံသယဝင်ခဲ့ကြမလား။ လုပ်ရက်လိုက်လေခြင်းလို့ အံတကြိတ်ကြိတ်၊ တောက်တခေါက်ခေါက်နဲ့ ပေါက်ကွဲ​နေခဲ့ကြသလား။ ငါတို့အောင်ပွဲ၊ ငါတို့အစိုးရအတွက်ဆိုပြီး ဝမ်းနည်းကြေကွဲခဲ့ကြ​လေမလား။

မည်သို့ပဲရှိစေ မင်းအောင်လှိုင် အမှူးပြုတဲ့ စစ်တပ်အမည်ခံ အဖွဲ့အစည်းဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာပဲ တိုင်းပြည်အာဏာသိမ်းယူခဲ့တာဟာ အမှန်ပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် စစ်တပ်အမည်ခံ အဖွဲ့အစည်းဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာတင် နိုင်ငံတော်သစ္စာ‌ဖောက်ဖျက် ပုန်ကန်မှုကြီးကို ကျူးလွန်လိုက်တာ ဖြစ်ပါတယ်။ ဒီနေ့ ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်မှာ ဒင်းတို့တသိုက် နိုင်ငံတော်ပုန်ကန်မှုကြီးကျူးလွန်တာ ၂ နှစ်ပြည့်တဲ့နေ့လည်း ဖြစ်ပါတယ်။ 

နိုင်ငံတော်ပုန်ကန်မှုဆိုတာ

Penal Code ခေါ် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၁မှာ နိုင်ငံတော်ပုန်ကန်မှုကို အခုလိုအဓိပ္ပါယ်ဖွင့်ဆို သတ်မှတ်ထားပါတယ်။

၁၂၁။ ။ မည်သူမဆို--- 

(က) ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ကိုဖြစ်စေ၊ ပြည်ထောင်စုအဖွဲ့ဝင် တခုခုကိုဖြစ်စေ စစ်မက်ပြိုင်ဆိုလျှင်၊ သို့တည်းမဟုတ်

(ခ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကိုဖြစ်စေ၊ ပြည်ထောင်စု အဖွဲ့ဝင်တခုခုကို ဖြစ်စေ စစ်မက်ပြိုင်ဆိုင်ရန် အခြားနိုင်ငံ တခုခုကိုသော်၎င်း၊ လူတဦးဦးကိုသော်၎င်း၊ ပြည်ထောင်စုအတွင်း၌ ဖြစ်စေ၊ အပ၌ဖြစ်စေ ကူညီလျှင်၊ သို့တည်းမဟုတ်

(ဂ) ထိုသို့ စက်မက်ပြိုင်ဆိုင်ရန် ပြည်ထောင်စု နိုင်ငံအတွင်း၌ဖြစ်စေ၊ အပ၌ဖြစ်စေ လူတဦးဦးကို လှုံ့ဆော်လျှင်၊ သို့တည်းမဟုတ် လူတဦးဦးနှင့် ပူးပေါင်းကြံစည်လျှင်၊ သို့တည်းမဟုတ်

(ဃ) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့် တည်ထောင်ခန့်အပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လုပ်ငန်းအဖွဲ့ကိုသော်၎င်း၊ ပြည်ထောင်စုအဖွဲ့ဝင်၏ လုပ်ငန်းအဖွဲ့ကိုသော်၎င်း လက်နက်ဖြင့်ဖြစ်စေ၊ အခြား သောင်းကျန်းသော နည်းလမ်းဖြင့်ဖြစ်စေ ဖြိုဖျက်ရန် အားထုတ်လျှင်၊ သို့တည်းမဟုတ် ဖြိုဖျက်ရန် အခြားနည်းလမ်းဖြင့် ပြင်ဆင်လျှင်၊ သို့တည်းမဟုတ် ထိုသို့အားထုတ်မှုတွင် ပါဝင်ဆောင်ရွက်လျှင်၊ သို့တည်းမဟုတ် ထိုသို့ အားထုတ်မှုနှင့် ပတ်သက်လျှင်၊ သို့တည်းမဟုတ် ထိုသို့ အားထုတ်မှုကို ပြုရန်ဖြစ်စေ၊ ထိုသို့အားထုတ်မှုတွင် ပါဝင်ဆောင်ရွက်ရန်ဖြစ်စေ၊ ထိုသို့ အားထုတ်မှုနှင့် ပတ်သက်ရန်ဖြစ်စေ ပြည်ထောင်စု နိုင်ငံအတွင်း၌သော်၎င်း၊ အပ၌သော်၎င်း လူတဦးဦးကို လှုံ့ဆော်လျှင်၊ သို့တည်းမဟုတ် တဦးဦးနှင့် ပူးပေါင်းကြံစည်လျှင်၊

ထိုသူသည် နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုကြီးကို ကျူးလွန်သည်။

ဒီပုဒ်မအရ နိုင်ငံတော်ပုန်ကန်မှုမြောက်ဖို့ဆိုရင် တရားခံဟာ— 

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ​တော်ကို စစ်တိုက်ခိုက်မှု ပြုရပါမယ်။
  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ​တော်ကို စစ်တိုက်ခိုက်မှုပြုရန် အခြားနိုင်ငံတစ်နိုင်ငံ(ဝါ) လူတစ်ဦးဦးကို ပြည်တွင်းမှာ(ဝါ)ပြည်ပကနေ ကူညီရမယ်။
  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ​တော်ကို စစ်တိုက်ခိုက်မှုပြုရန် ပြည်တွင်း (သို့မဟုတ်) ပြည်ပကနေ လူတစ်ဦးဦးကို လှုံ့ဆော်တာ၊ လူတစ်ဦးဦးနဲ့ ပူးပေါင်းကြံစည်တာ ဖြစ်ရမယ်။
  • -ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားတဲ့ အစိုးရအဖွဲ့ကို ဖြိုဖျက်ဖို့ အားထုတ်တာ (ဝါ) ဖြိုဖျက်ဖို့ ပြင်ဆင်တာ၊ အဲဒီလို အစိုးရကို ဖြိုဖျက်တဲ့ လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ဖို့ ပြည်တွင်း (သို့မဟုတ်) ပြည်ပကနေပြီး လူတစ်ဦးဦးကို လှုံ့ဆော်တာ၊ လူတစ်ဦးဦးနဲ့ ပူးပေါင်းကြံစည်တာမျိုး ဖြစ်ရပါမယ်။

ပြစ်မှုဆိုင်ရာဥပဒေတွေရဲ့ သဘာဝအရ တရားခံဟာ ပုဒ်မပြဋ္ဌာန်းချက်ပါ အင်္ဂါရပ်အားလုံးနဲ့ ငြိစွန်းဖို့ မလိုအပ်ပါဘူး။ အနည်းဆုံး အချက်တစ်ချက်နဲ့ ငြိစွန်းရင်ကို ပြစ်မှုမြောက်ပါတယ်။ 

နိုင်ငံတော် ပုန်ကန်သူမင်းအောင်လှိုင်နှင့် သူ၏အဖွဲ့အစည်း

မင်းအောင်လှိုင် အမှူးပြုတဲ့ စစ်တပ်အမည်ခံ အဖွဲ့အစည်းဟာ ပုဒ်မ ၁၂၁ ကို ချိုးဖောက်ခဲ့ကြသူတွေပါ။ အတိအကျပြောရရင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၁(ဃ) အရ နိုင်ငံတော် ပုန်ကန်မှု ကျူးလွန်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ 

အကြောင်းမူ ဖွဲ့စည်းပုံအခြေခံဥပဒေအရသော် လည်းကောင်း၊ ရွေးကောက်ပွဲ ဥပဒေများနှင့်သော် လည်းကောင်း၊ ​ပြည်သူ့ဆန္ဒနဲ့အညီ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ပြည်သူ့အစိုးရကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာပဲ မင်းအောင်လှိုင် အမှူးပြုတဲ့ အဖွဲ့အစည်းက လက်နက်အားကိုးနဲ့ ဖြုတ်ချခဲ့တာကြောင့် ဖြစ်ပါတယ်။

အဲဒီ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းမှာပဲ နိုင်ငံတော်အစိုးရအဖွဲ့ဝင်တွေဆီကို မင်းအောင်လှိုင်ရဲ့ နောက်လိုက်ငယ်သား လက်နက်ကိုင်အဖွဲ့တွေ ရောက်ရှိလာကြပါတယ်။ အစိုးရအဖွဲ့ဝင်တွေရှိရာ လမ်းတလျှောက်၊ အဆောက်အဦ ပတ်ဝန်းကျင်တွေမှာ လက်နက်ကိုင်တွေကို ဖြန့်ချလိုက်ပါတယ်။ ပြီးတော့ လမ်းတွေကိုလည်း ပိတ်ဆို့၊ တားဆီး၊ သွားလာခွင့် မပြုကြတော့ပါဘူး။

ပြီးနောက် နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် နာယကနဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးတီခွန်မြတ် အပါအဝင် အစိုးရအဖွဲ့ဝင်တွေကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ ဒါတင်မကသေးပါဘူး။ ပြည်သူ့ရွေးကောက်ခံ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုလည်း အကျပ်ကိုင်ခြိမ်းခြောက်ပါတယ်။ ဒီအကြောင်းကို ကာယကံရှင်ဖြစ်တဲ့ သမ္မတဦးဝင်းမြင့်ကိုယ်တိုင် ၂၀၂၁ အောက်တိုဘာ ၁၂ ရက်နေ့ နေပြည်တော် အထူးတရားရုံးရှေ့မှာ ထွက်ဆိုသွားပါတယ်။

သမ္မတကြီးရဲ့ ထွက်ဆိုချက်အရ ဖေဖော်ဝါရီ ၁ ရက်၊ မနက် ၅ နာရီလောက်မှာ လက်နက်ကိုင် စစ်ဗိုလ်ချုပ်နှစ်ဦးဟာ သမ္မတအိမ်တော်ကို ရောက်လာပါတယ်။ ပြီးတာနဲ့ “ကျန်းမာရေးမကောင်းဘူးလို့ အကြောင်းပြပြီး ရာထူးကနေ ဆင်းပေးပါ” လို့ အကျပ်ကိုင်ပါတယ်။ သမ္မတက “ကျနော် ကျန်းမာရေးကောင်းတယ်၊ ရာထူးကလည်း မဆင်းပေးနိုင်ဘူး” လို့ ပြန်ဖြေပါတယ်။ ဒီအခါ မင်းအောင်လှိုင်ရဲ့ အလိုတူ အလိုပါ အဲဒီစစ်ဗိုလ်ချုပ်နှစ်ဦးက “ပြန်စဥ်းစားပါဦး၊ ပုဂ္ဂိုလ်ရေးထိခိုက်မှုတွေ ရှိလာနိုင်တယ်” ဆိုကာ ထပ်မံခြိမ်းခြောက်ပါတယ်။ “'နုတ်ထွက်မပေးနိုင်ဘူး၊ ပုဂ္ဂိုလ်ရေးထိခိုက်မှုရှိမယ် ဆိုရင်လည်း မတတ်နိုင်ဘူး။ အသေပဲ ခံလိုက်မယ်”လို့ သမ္မတကြီးက တုံ့ပြန်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး သူဟာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း၊ သူ့ရဲ့ပထမဆုံး လျှောက်လဲချက်မှာ သမ္မတကြီးကိုယ်တိုင် ထွက်ဆိုခဲ့တာပဲ​​ ဖြစ်ပါတယ်။ ဒါဟာ ကာယကံရှင်ကိုယ်တိုင်ရဲ့ နှုတ်သက်သေခံချက်လည်း ဖြစ်ပါတယ်။ သမ္မတဆိုတာ ပြည်ထောင်စု နိုင်ငံသားအားလုံးရဲ့ အထွတ်အထိပ်မှာရှိသလို နိုင်ငံတော်ရဲ့ သင်္ကေတ ဆိုလည်း မမှားပါဘူး။

ဒါပေမဲ့ မင်းအောင်လှိုင် အမှူးပြုတဲ့ အဖွဲ့အစည်းဟာ လက်နက်အားကိုးနဲ့ ပြည်ထောင်စုအဖွဲ့ဝင်တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်၊ အမိန့်အမှတ် (၁/ ၂၀၂၁)ကို ကြေညာကာ တိုင်းပြည်ကို ချောက်ထဲကျသွားအောင် အာဏာသိမ်းလိုက်ပါတယ်။  

ဒါဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၁ အရ နိုင်ငံတော်ပုန်ကန်မှုကြီးကို ကျူးလွန်လိုက်တာပဲ ဖြစ်ပါတယ်။ လူတဦး၊ လူတစုကို လက်နက်အားကိုး အကြမ်းဖက်နည်းနဲ့ ပြုမူလုပ်ဆောင်တာမျိုး မဟုတ်ပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ၊ ရွေးကောက်ပွဲ ဥပဒေအရ၊ ပြည်သူ့ဆန္ဒအရ ရွေးကောက်ထားတဲ့ အစိုးရကိုမှ လက်နက်အားကိုးနဲ့ ဖြိုဖျက်ပစ်လိုက်တာပဲ ဖြစ်ပါတယ်။ 

Aung Hla and others Vs King Emperor 1931,9 Ran,404 စီရင်ထုံးမှာ “လက်ရှိအစိုးရကိုသော်လည်းကောင်း၊ ပြည်ထောင်စု၏ လုပ်ငန်းအဖွဲ့တစ်ခုခုကိုသော်လည်းကောင်း၊ အကြမ်းဖက်၍ တော်လှန်ပြောင်းလဲစေရန် အကြံဖြင့်ပြုသည့် မည်သည့်ပြုလုပ်မှုမျိုးမဆို နိုင်ငံတော်ပုန်ကန်မှုတွင် အကျုံးဝင်သည်။ တနည်းဆိုရသော် နိုင်ငံတော်နှင့် ချီ၍ပတ်သက်သည့် ကိစ္စကို အကြမ်းနည်းဖြင့် ပြောင်းလဲရန် ပြုလုပ်ခြင်းသည် နိုင်ငံတော်ပုန်ကန်မှု ဖြစ်သည်။" လို့ ဆုံးဖြတ်ထားတာလည်း ရှိပါတယ်။ ဒါကြောင့် မင်းအောင်လှိုင် အမှူးပြုတဲ့ စစ်တပ် အမည်ခံ အဖွဲ့အစည်းဟာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၂၁ အရ နိုင်ငံတော်ပုန်ကုန်မှု ကျူးလွန်ကြောင်း ထင်ရှားလှပါတယ်။

နိုင်ငံတော်ပုန်ကန်မှု အတွက် ပြစ်ဒဏ်

နိုင်ငံတော်ပုန်ကန်မှုအတွက် ပြစ်ဒဏ်ကိုတော့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၂ မှာ ယခုလို ပြဋ္ဌာန်းထားပါတယ်

၁၂၂။ ။(၁) မည်သူမဆို၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အတွင်းတွင် နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုကြီးကို ကျူးလွန်လျှင်၊ သေဒဏ်ဖြစ်စေ၊ ထောင်ဒဏ် နှစ် နှစ်ဆယ် ဖြစ်စေ ချမှတ်ခြင်းခံရမည်။

(၂) ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံသားဖြစ်သူသည်၊ သို့တည်းမဟုတ် သာမန်အားဖြင့် ပြည်ထောင်စု နိုင်ငံအတွင်းတွင် နေထိုင်သူသည် ပြည်ထောင်စု နိုင်ငံအပတွင် နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုကြီးကို ကျူးလွန်လျှင်၊ သေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ ချမှတ်ခြင်းခံရမည်။

လက်ရှိမှာတော့ နိုင်ငံတော် ပုန်ကန်သူ မင်းအောင်လှိုင်အမှူးပြုတဲ့ စစ်တပ်အမည်ခံ အဖွဲ့အစည်းဟာ တရားစီရင်မှုကနေ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

ဒီလို ရာဇဝတ်ကောင်တွေကို ဖမ်းဆီး အပြစ်ပေး အရေးယူဖို့ ပြည်သူတဦးချင်းရော၊ သက်ဆိုင်ရာ တ်ောလှန်ရေးအစုအဖွဲ့တွေကပါ ကြိုးပမ်းကြဖို့ တာဝန်ရှိကြောင်း မင်းအောင်လှိုင်တို့အဖွဲ့ရဲ့ နိုင်ငံတော်ပုန်ကန်မှု ၂ နှစ်ပြည့်မှာ သတိပေး တိုက်တွန်းလိုက်ရပါတယ်။

နွေဦးဇင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013