DVB Logo
Home
မြန်မာသတင်း
မြန်မာ့ဒီမိုကရေစီရေး ထောက်ခံကူညီမည်ဟု အီးယူနှင့် နိုင်ငံပေါင်း ၂၀ ကျော် ကြေညာ၊ အကြမ်းဖက်မှု ရပ်တန့်ရန် စစ်အာဏာရှင်ကို တောင်းဆို
DVB
·
February 1, 2023
မြန်မာ့ဒီမိုကရေစီရေး ထောက်ခံကူညီမည်ဟု အီးယူနှင့် နိုင်ငံပေါင်း ၂၀ ကျော် ကြေညာ၊ အကြမ်းဖက်မှု ရပ်တန့်ရန် စစ်အာဏာရှင်ကို တောင်းဆို
Donate to DVB

မြန်မာပြည်သူတွေအတွက် အားလုံးပါဝင်တဲ့ ဒီမိုက‌ရက်တစ်အနာဂတ်ဆီ ငြိမ်းချမ်းစွာ ဆောင်ရွက်နေကြသူတွေအားလုံးကို ဆက်ပြီးတော့ ပြတ်သားစွာထောက်ခံပံ့ပိုးသွားမယ်လို့ ဥရောပသမဂ္ဂ (အီးယူ)နဲ့ နိုင်ငံပေါင်း ၂၀ ကျော်က ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

စစ်အာဏာရှင်အနေနဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ ဒီမိုက‌ရေစီဖြစ်စဉ် ပြန်လည်စတင်ဖို့အတွက် အဓိပ္ပာယ်ပြည့်ဝပြီးအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေး‌နွေးမှုအတွက် အခင်းအကျင်း ဖန်တီးဖို့လည်း တောင်းဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက် ဒီကနေ့ မြန်မာ့နွေဦးတော်လှန်ရေး ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ဥရောပသမဂ္ဂ ကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်၊ အယ်လ်ဘေးနီးယား၊ အာမေးနီးယား၊ သြစတြေးလျ၊ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား၊ ကနေဒါ၊ မိုက်ခရိုနီးရှားဖက်ဒရယ်ပြည်ထောင်စု၊ ဂျော်ဂျီယာ၊ အိုက်စလန်၊ လစ်ချ်စတိန်း၊ မွန်တီနီဂရိုး၊ နယူးဇီလန်၊ မြောက်မက်ဆီဒိုးနီးယား၊ နော်ဝေ၊ ကိုရီးယားသမ္မတနိုင်ငံ၊ မာရှယ်ကျွန်းစုသမ္မတနိုင်ငံ၊ ပလောင်း(ပလာအို) သမ္မတနိုင်ငံ၊ ဆားဘီးယား၊ ဆွစ်ဇာလန်၊ ယူကရိန်း၊ ယူနိုက်တက်ကင်းဒမ်းနဲ့ အမေရိကန်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ ပူးတွဲထုတ်ပြန်လိုက်တာပါ။

မြန်မာစစ်တပ်ဟာ ပြည်သူတွေရဲ့ဆန္ဒကို ဆန့်ကျင်ပြီးတော့ အာဏာသိမ်းခဲ့ပြီးနောက်မှာ တိုင်းပြည်ကို နိုင်ငံ‌ရေး၊ စီးပွားရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းထဲကို ကျရောက်စေခဲ့ကြောင်းနဲ့ ပြီးခဲ့တဲ့ ၂ နှစ်တာအတွင်း မြန်မာပြည်သူတွေဟာ ပြောမပြနိုင်လောက်တဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကြားမှာ သတ္တိပြောင်မြောက်စွာနဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို လေးစားဖို့တောင်းဆိုရင်း ကြံ့ခိုင်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ဒီမိုကရေစီနိုင်ငံအတွက် သူတို့ရဲ့ သန္နိဋ္ဌာန်ကို ဖော်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။  

ဒါပေမဲ့ အာဏာသိမ်းတဲ့ အချိန်ကစပြီး စစ်အာဏာရှင်အဖွဲ့အစည်းဟာ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေ အပါအဝင် ဆန့်ကျင်ကန့်ကွက်မှုတွေအားလုံးကို အကြမ်းဖက် ဖြိုခွင်းခဲ့ပြီး ကလေးသူငယ်တွေ အပါအဝင် ထောင်ပေါင်းများစွာသော အရပ်သားပြည်သူတွေဟာ ထောင်ချ၊ နှိပ်စက်၊ သတ်ဖြတ်တာတွေကို ခံခဲ့ကြရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဗုံးကြဲမှုတွေအပါအဝင် စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှိပ်စက်မှုတွေ၊ လိင်အကြမ်းဖက်မှု သတင်းအစီရင်ခံစာတွေဟာလည်း ပျံ့နှံ့နေပြီး ကာလရှည်ကြာလာတဲ့ ပဋိပက္ခကြောင့် ထောင်ပေါင်းများစွာသော အရပ်သားပြည်သူတွေ သေဆုံးရကာ ပြည်သူ ၁၇ သန်းကျော်  အကူအညီလိုအပ်နေကာ  ပြည်သူ ၁ သန်းခွဲကတော့ နေအိမ်တွေကနေ အတင်းအကျပ် ပြောင်းရွှေ့ခံခဲ့ကြရတယ်လို့ ဆိုပါတယ်။ 

ဥရောပသမဂ္ဂ (အီးယူ) အပါအဝင် ပူးတွဲနိုင်ငံတွေအနေနဲ့ မြန်မာအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အာဆီယံဥက္ကဋ္ဌနဲ့ အာဆီယံအထူးကိုယ်စားလှယ်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေအပါအဝင် အာဆီယံရဲ့ အခန်းကဏ္ဍကိုလည်း ကြိုဆိုထောက်ခံကြောင်းနဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ လူသားအားလုံးရဲ့ လူ့အခွင့်အရေးကို လေးစားဖို့၊ လူသားချင်းစာနာ အကူအညီတွေကို နှောင့်နှေးစေခြင်းမရှိဘဲ အပြည့်အဝပေးအပ်နိုင်ဖို့၊ အရပ်သားတွေကို အကာအကွယ်ပေးဖို့တို့ကို တောင်းဆိုထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ (၂၀၂၂) ကိုလည်း ကြိုဆိုထောက်ခံတယ်လို့ ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲမှာ ဖော်ပြခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုက‌ရေစီ ဆန္ဒကို မြန်မာစစ်တပ်က အာဏာသိမ်းပြီး ချေဖျက်ခဲ့တာကြောင့် မြန်မာနိုင်ငံကို ဒီမိုက‌ရေစီလမ်းကြောင်းပေါ်  ပြန်လည်ရောက်ရှိစေဖို့လည်း ထပ်လောင်းတောင်းဆိုထားပါတယ်။

စစ်အာဏာရှင်အဖွဲ့အစည်းအနေနဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ရမှာဖြစ်ပြီး ဒီမိုက‌ရေစီဖြစ်စဉ် ပြန်လည်စတင်ဖို့အတွက် အဓိပ္ပာယ်ပြည့်ဝပြီး အများပါဝင်နိုင်တဲ့ တွေ့ဆုံဆွေး‌နွေးမှုအတွက် အခင်းအကျင်း ဖန်တီးရမှာဖြစ်ကာ လူ့အခွင့်အရေးချိုးဖောက်သူတွေကို တာဝန်ယူမှု တာဝန်ခံမှု ရှိစေရေးအတွက်  ကြိုးပမ်းမှုတွေအားလုံးကို ထောက်ခံပံ့ပိုးဖို့၊ ကြမ်းကြုတ်ရက်စက်မှုတွေ ကျူးလွန်ဖို့ အထောက်အပံ့ဖြစ်စေတဲ့ စစ်လက်နက်ပစ္စည်း ရောင်းချတာ၊ လွှဲပြောင်းတာတွေကို ရပ်တန့်ဖို့နဲ့ အ‌ရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးအပ်ဖို့လည်း နိုင်ငံ‌တကာအသိုက်အဝန်းကို ထပ်ပြီးတော့ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013