DVB Logo
Home
မြန်မာသတင်း
ခမရ ၅၅၀ တပ်က နွားတင်စက်လှေ ၂ စီးကို ပစ်ခတ်ဖမ်းဆီး၊ ရသေ့တောင်၌ အမျိုးသား အလောင်း ၁ လောင်း တွေ့ရှိ
DVB
·
February 1, 2023
ခမရ ၅၅၀ တပ်က နွားတင်စက်လှေ ၂ စီးကို ပစ်ခတ်ဖမ်းဆီး၊ ရသေ့တောင်၌ အမျိုးသား အလောင်း ၁ လောင်း တွေ့ရှိ
Donate to DVB

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့မှာ ဇန်နဝါရီ ၃၁ ရက် ညက နွားတင်လာတဲ့ စက်လှေ ၂ စီးကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်၊ ဦးရာဇ်တော် တံတားနားမှာ မနေ့ည ၁၁ နာရီကျော်လောက်မှာ ခမရ ၅၅၀ တပ်ရင်းက စစ်ကောင်စီတပ်သား ၅၀ လောက်ဟာ နွားတွေတင်လာတဲ့ စက်လှေ ၂ စီးကို သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ကြတာလို့ ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်နေသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ အပစ်ရပ်ကာလမှာ သေနတ်ပစ်ခတ်သံ ၁၀ ချက်ထက်မနည်း ကြားလိုက်ရတော့ မြို့ခံအတော်များများ အထိတ်တလန့် ဖြစ်ကြရပြီး ညဥ့်နက်နေပြီဆိုတော့ ဘယ်သူမှ ထွက်မကြည့်ရဲကြဘူးလို့ ဆိုပါတယ်။

အဲဒီပစ်ခတ်မှုဖြစ်စဥ်ကို အသေအချာ စုံစမ်းကြည့်လိုက်တော့မှ အရှေ့ဘက်ကမ်း ပေါက်တောမြို့နယ်ဘက်ကနေ နွားတွေသယ်လာတဲ့ စက်လှေအကြီး ၂ စီးကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးလို့ နွားအကောင်ရေ ၃၀ ထက်မနည်း အဖမ်းခံရတယ်လို့ ပြောပါတယ်။

“စစ်ကောင်စီတပ်ကတော့ ညဘက်တွေမှာ မြို့ထဲကို သိပ်လာလေ့မရှိဘူးဗျ။ သတင်းပေးတွေက အခိုင်အမာ သတင်းအတိကျပေးထားလို့သာ အင်အားအလုံးအရင်းနဲ့ လာဖမ်းခဲ့ကြတာဖြစ်ပြီး သူတို့ကိုတော့ ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှာ အမှုဖွင့်လောက်တယ်” လို့ စံပြရပ်ကွက်နေသူက ပြောပါတယ်။

အဲဒီနွားတွေကိုတော့ လယ်ယာသုံး ခိုင်းနွားအဖြစ် သယ်လာတာမျိုးတော့ မဟုတ်ဘဲ ကင်းချောင်းအတိုင်းထွက်ကာ အငူမော်ဘက်ကနေတဆင့် တဖက်နိုင်ငံကို တင်ပို့မယ်လို့ ခန့်မှန်းရကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာလည်း ဇန်နဝါရီ ၃ ရက်က နွား ၁၇၆ ကောင် တင်ဆောင်လာတဲ့ စက်လှေ ၃ စီးနဲ့ စက်လှေပေါ်မှာ လိုက်ပါလာသူ ၁၆ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးအရေးယူခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အောက်ကျောင်းတောင်ကျေးရွာ ချောင်းဝအနီးမှာ ဇန်နဝါရီ ၃၀ ရက် မနက် ၇ နာရီကျော်က အမျိုးသားအလောင်းတလောင်း ​တွေ့ရှိခဲ့တယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။

မျက်မြင်ဒေသခံတဦးက “ဘယ်ရွာကလဲ၊ ဘယ်သူလဲဆိုတာ မသိရသေးဘူးဗျ။ မျက်နှာက ပျက်နေတော့ မှတ်လို့မရတော့ဘူး။ လည်ပင်းမှာ ရိုက်နှက်ဒဏ်ရာတခုတော့ ​ပါတယ်” လို့  ပြောပါတယ်။

အဆိုပါ ရေထဲမျောပါလာတဲ့အလောင်းမှာ ရခိုင်အမျိုးသားပါတီ သံတွဲမြို့နယ်မှ “ဦးမြင့်ဇော်ကို မဲပေးကြပါစို့” စာတန်းပါ တီရှပ်အင်္ကျီ ဝတ်ဆင်ထား​တာ တွေ့ရတယ်လို့ အလောင်းကို ဆယ်ယူခဲ့ကြသူတွေက ပြောပါတယ်။

“အနီးအနား ကျေးရွာတွေမှာလည်း လူပျောက်တာမရှိဘူး။ သူဝတ်ထားတဲ့အင်္ကျီက ANP ပါတီ သံတွဲက တီရှပ်အင်္ကျီ ဖြစ်နေတယ်။ ခရီးသွားစက်လှေတွေကများ ပြုတ်ကျကျန်ခဲ့တာလား။ ပရဟိတအဖွဲ့တွေနဲ့ ဒေသခံတွေ လိုက်လံပြီးတော့ စုံစမ်းနေကြတယ်။”

လက်ရှိမှာ အဲဒီရုပ်အလောင်းကို စေတီပြင် ပရဟိတအသင်းနဲ့ အနီးအနားရှိ ကျေးရွာဒေသခံတွေက ဆယ်ယူကာ မော်ကျွန်းမှာ တင်ထားကြပြီး မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရရှိရေး ကြိုးစားလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နောက်ဆုံး စုံစမ်းသိရှိချက်အရ အမည်မသိတွေ့ရှိထားတဲ့ အလောင်းမှာ သံတွဲမြို့နယ် ကင်းမော်ကျေးရွာကဖြစ်ပြီး ဘူးသီးတောင်မြို့နယ် စက်ခေါ်ကျေးရွာမှာ အိမ်ထောင်ကျကာ စေတီပြင်ကျေးရွာမှာ နေထိုင်တဲ့ ဦးအောင်နိုင် (၃၇ နှစ်) ဖြစ်ပြီး ဇန်နဝါရီ ၂၇ ရက်က စေတီပြင်ချောင်းမှာ အရက်သောက်ပြီး ဂဏန်းထောင်နေစဥ် ရေထဲလိမ့်ကျပြီး အခုလို သေဆုံးခဲ့တာဖြစ်တယ်လို့ အလောင်းကို ကူညီရှာဖွေခဲ့တဲ့ ကိုအောင်မင်းစိုးက ပြောပါတယ်။

သူ့မှာ ၂ နှစ်အရွယ် သမီးတယောက် ကျန်ရှိခဲ့ကြောင်း၊ အလောင်းကို မိသားစု သဘောဆန္ဒအလျောက် ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013