DVB Logo
Home
မြန်မာသတင်း
အိန္ဒိယအစိုးရအနေဖြင့် မြန်မာ့ပြည်သူများဘက်က ရပ်တည်ပေးရန် ချင်းတိုင်းရင်းသားများ ဆန္ဒပြ
DVB
·
January 31, 2023
အိန္ဒိယအစိုးရအနေဖြင့် မြန်မာ့ပြည်သူများဘက်က ရပ်တည်ပေးရန် ချင်းတိုင်းရင်းသားများ ဆန္ဒပြ
Donate to DVB

အိန္ဒိယအစိုးရအနေနဲ့ မြန်မာ့အရေးအတွက် ခိုင်မာတဲ့ဆုံးဖြတ်ချက်ချပြီး ပြည်သူတွေဘက်က ရပ်တည်ပေးဖို့ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ၊ အိန္ဒိယသံရုံးရှေ့မှာ ချင်းတိုင်းရင်းသားတွေက ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ 

ဇန်နဝါရီ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေတုန်းက ချင်းပြည်နယ်၊ ထန်တလန်မြို့အနီးက ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ကို စစ်ကောင်စီက  နှစ်ရက်ဆက်တိုက် လေကြောင်းကနေတိုက်ခိုက်ခဲ့တာပါ။ 

စစ်ကောင်စီလေယာဉ်တွေဟာ အိန္ဒိယဝေဟင်ပိုင်နက်ထဲအထိ ကျူးကျော်ရောက်ရှိခဲ့သလို ဗုံးသီးတချို့လည်း အိန္ဒိယပိုင်နက်ထဲကို ကျရောက်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ 

ဒီဖြစ်ရပ်တွေအတွက် အိန္ဒိယအစိုးရက လေ့လာစုံစမ်းနေပြီး စိုးရိမ်မှုတွေရှိနေတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၁၉ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။ 

အိန္ဒိယဝေဟင်ပိုင်နက်ထဲကို စစ်ကောင်စီလေယာဉ်တွေ ကျူးကျော်ဝင်ရောက်ခဲ့တာရှိမရှိ၊ ဗုံးသီးတွေ အိန္ဒိယနိုင်ငံထဲကို ကျရောက်ခဲ့တာရှိမရှိဆိုတဲ့ အချက်တွေကိုတော့ အိန္ဒိယအစိုးရက အတိအလင်းပြောဆိုတာမျိုး မရှိခဲ့ပါဘူး။ 

နယ်စပ်စည်းတလျှောက်မှာနေထိုင်တဲ့ နှစ်ဖက်နိုင်ငံက ပြည်သူတချို့ကတော့ ဒီအဖြစ်အပျက်တွေဟာ အမှန်တကယ်ဖြစ်ပျက်ခဲ့တာလို့ ဆိုပါတယ်။ 

ဒီလုပ်ရပ်တွေအတွက် အိန္ဒိယအစိုးရက စစ်ကောင်စီကို အပြင်းအထန်သတိပေးဖို့နဲ့ မြန်မာပြည်သူတွေဘက်က ရပ်တည်ပေးဖို့ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီရောက် ချင်းတိုင်းရင်းသားတွေက အမေရိကန်နိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးရှေ့မှာ ဒေသစံတော်ချိန် ဇန်နဝါရီ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြတာပါ။

(Peace and Justice Committee) Chin Baptist Churches USA သိက္ခာတော်ရဆရာ ဟင်နရီလျန်က "အိန္ဒိယဝန်ကြီးချုပ်ပဲဖြစ်ဖြစ် အိန္ဒိယပြည်သူပြည်သားတွေဆီမှာ မင်းအောင်လှိုင်အာဏာရှင်နဲ့ မပူးပေါင်းဖို့ သူတို့ကို မထောက်ပံ့ဖို့ လာပြောခြင်းဖြစ်ပါတယ်။ လက်နက်တွေမပေးပို့ပါနဲ့။ လက်နက်ပို့ထားတဲ့ အရာတွေကိုလည်း ကျနော်တို့ ဓာတ်ပုံတွေနဲ့ ရရှိထားတာတွေရှိပါတယ်။ Camp Victoria ကို ဗုံးကြဲတဲ့အခါမှာ အိန္ဒိယပိုင်နက်ထက်ကို ဗုံးကျပါတယ်။ ဒါကို မကျဘူးလို့ မငြင်းဘဲနဲ့ ရိုးသားစွာဝန်ခံပြီးမှ မင်းအောင်လှိုင်နဲ့အဖွဲ့တွေကို အိန္ဒိယနိုင်ငံပိုင်နက်ထဲကို မကျူးကျော်ဖို့အတွက် Air Space ကိုလည်း မကျူးကျော်ဖို့အတွက် သတိပေးရန်အတွက် ပြောဆိုခြင်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံ ဖြစ်သည့်အ ားလျော်စွာ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူပြည်သားတွေကို ထောက်ပံ့ပေးသင့်တယ်လို့ ကျနော်တို့ ယုံကြည်တဲ့အတွက်ကြောင့် ဒီယုံကြည်ချက်ကို လာဖော်ပြတာဖြစ်ပါတယ်" လို့ ပြောပါတယ်။

ဆန္ဒထုတ်ဖော်ပွဲကို (Peace and Justice Committee) Chin Baptist Churches USA နဲ့ Chin Association of Maryland တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး  မြန်မာနိုင်ငံအတွင်း ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် ခရစ်ယာန်ဘာသာဓလေ့အတိုင်း ဆုတောင်းတာတွေလည်းပြုလုပ်ခဲ့ပါတယ်။

ချင်းတိုင်းရင်းသူ ဆွီးက "အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ ဒီမိုကရေစီမိခင်နိုင်ငံတခုအဖြစ် နှစ်ကာလပေါင်းများစွာ နာမည်ကောင်းနဲ့ရပ်တည်လာခဲ့တာကို မင်းအောင်လှိုင်ကို ကူညီခြင်းအားဖြင့် အိန္ဒိယနိုင်ငံနဲ့ အိန္ဒိယလူမျိုးများရဲ့ ဂုဏ်သိက္ခာ ကမ္ဘာ့ပြည်သူများအရှေ့မှာ သိက္ခာကျရတော့မယ့်အဖြစ်ကို လာရောက်ပြီးတော့ အသိပေးတာလည်းဖြစ်ပါတယ်။ လာရောက်ပြီးတော့ သတိပေးတာလည်းဖြစ်ပါတယ်" လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အိမ်နီးချင်းအိန္ဒိယနိုင်ငံနဲ့ ထိုင်းနိုင်ငံတွေဆီကို ထွက်ပြေးတိမ်းရှောင်တဲ့ မြန်မာပြည်သူ သိန်းနဲ့ချီပြီးရှိခဲ့ပါတယ်။ 

မြန်မာ့ပြည်တွင်းရေးပြဿနာဟာ အိမ်နီးချင်းနိုင်ငံတွေအပေါ်မှာပါ သက်ရောက်မှုရှိခဲ့ပြီး နယ်စပ်စည်းတွေအနီးနားထိ စစ်ကောင်စီက အကြမ်းဖက်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အိမ်နီးချင်းနိုင်ငံတွေဟာ မြန်မာ့အရေးအပေါ် ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေ မချနိုင်ခဲ့တာကြောင့် စစ်ကောင်စီကို အခွင့်အရေးပေးသလိုဖြစ်ခဲ့ပါတယ်။

(Peace and Justice Committee) Chin Baptist Churches USA သိက္ခာတော်ရဆရာ ဒေါက်တာ စီဒုံကမ်က "ဗမာပြည်ဟာ လွတ်လပ်တဲ့နိုင်ငံ တရားမျှတမှုရှိတဲ့နိုင်ငံဖြစ်ဖို့အတွက် အိန္ဒိယနိုင်ငံဟာ အင်မတန်မှ အရေးကြီးတဲ့နိုင်ငံဖြစ်တယ်။ နိုင်ငံခေါင်းဆောင်များ အထူးသဖြင့် ဝန်ကြီးချုပ်ကိုလည်း ကျနော်တို့ မြန်မာပြည်သူပြည်သားများကိုပဲ အားပေးကြပါ။ မင်းအောင်လှိုင်လို လူအများအသက်ကို သတ်ဖြတ်တဲ့လူကိုတော့ ဘာမှအကူအညီမပေးပါနဲ့။ ဒါကို ကျနော်တို့ပြောချင်လို့ အခုလို သံရုံးရှေ့ကိုလာရောက်ခြင်းဖြစ်ပါတယ်" လို့ ပြောပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာလည်း  စစ်ကောင်စီက ဇန်နဝါရီ ၇၊ ၈၊ ၂၁ နဲ့ ၂၃ ရက်နေ့  ၄ ရက်အတွင်းမှာ ဗုံးကြဲမှု ၈ ကြိမ်အထိ ပြုလုပ်ခဲ့ပါတယ်။ အချိန် ၂ နှစ်တာကာလအတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် ချင်းပြည်နယ် မြို့နယ် ၉ ခုစလုံးက ခန့်မှန်းလူဦးရေ ပြည်သူ ၅ သိန်းဝန်းကျင်ဟာ စစ်ဘေး၊ မီးဘေးသင့်ခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013