Home
ဆောင်းပါး
ဆလိုင်းတင်မောင်ဦးကျဆုံးခြင်း ၄၈ နှစ် မြောက်
DVB
·
June 26, 2024

 သူ့အသက်သာ၊ သတ်နိုင်ပါမည်

ယုံကြည်ချက်များ ရှင်သန်ဆဲ ။ ။

ဒီနေ့ အာဏာသိမ်းစစ်ကောင်စီဖြစ်နေတဲ့ လွန်ခဲ့သော ၄၇ နှစ်က မဆလပါတီစစ်တပ်က ပြည်သူ့ဘက်တော်သား ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို အင်းစိန်ထောင်မှာ လူမသိသူမသိ ကြိုးပေး ကွပ်မျက် သတ်ဖြတ်ခဲ့ပါတယ်။ သူ့ကို ကြိုးပေးခဲ့တဲ့နေ့ဟာ ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက် မနက် ၄ နာရီလောက်မှာ ဖြစ်တယ်။ ဒီနေ့ဆိုလျှင် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခဲ့တဲ့ ၄၈ နှစ်ပြည့်ပေါ့။

ဒီစာရေးနေချိန်ဟာ ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၈ နှစ်ပြည့် ဂုဏ်ပြုအခမ်းအနားကို အရှိုချင်း အမျိုးသားဖက်ဒရယ်ကောင်စီက ဦးဆောင်ကျင်းပနေချိန်ပါ။ အဲ့သည်မှာ ဦးအောင်စောဦး စတဲ့ မျိုးဆက်ဟောင်းသစ် လူစုံ တက်စုံ အဖွဲ့စုံ တက်ရောက်နေခဲ့ကြပါတယ်။

မကွေးက ကျောင်းသားအဖွဲ့တွေ၊ စစ်ကိုင်းကကျောင်းသားအဖွဲ့တွေ၊ ကမ္ဘာအရပ်ရပ်က ချင်းတိုင်းရင်းသားအဖွဲ့တွေ၊ တအာင်း/ ပလောင် စတဲ့ တခြား တိုင်းရင်းသားအဖွဲ့တွေ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ NLD စတဲ့ ပါတီတွေလည်း စုံစုံညီညီ တက်ရောက်ခဲ့ကြတာပါ။ မူလက တနာရီလောက်ပဲ ပွဲအချိန် သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ အဖွဲ့စုံက အားတက်သရော ဆွေးနွေးသွားကြတာကြောင့် ၃ နာရီကျော်ကြာခဲ့ပါတယ်။ အရင် နှစ်တွေ နှစ်တွေက ဆလိုင်း တင်မောင်ဦးပွဲကို လျှို့ဝှက်ကျင်းပခဲ့ကြရာက အခုလို ထင်ရှားပေါ်လွင် ပြုလုပ်ခွင့်ရတာက အားရစရာ၊ ဆလိုင်းတင်မောင်ဦးဝိဉာဉ် နိုးထလာတဲ့ နွေဦးတော်လှန်ရေး ကာလပါ။

လူမသိသူမသိခိုးဝှက်သတ်ဖြတ်ခြင်း

ရဲဘော်တို့ ငါ့ကိုဒီကောင်တွေ

လူမသိသူမသိ သတ်ဖို့ခေါ်သွားပြီ။

ငါတော့သွားပြီ

မင်းတို့ဆက်တိုက်ကြ။ ။ 

(ဆလိုင်းတင်မောင်ဦး) ၂၆ ဇွန် ၁၉၇၆

၁၉၆၇ ခုနှစ် ဇွန်လ ၂၆ ရက်မနက်မှာ အင်းစိန်ထောင်တွင်း တွံတေးသိန်းတန် သီချင်းကို အကျယ်ကြီး ဖွင့်ထားတယ်။ ဒီလိုဖွင့်ထားတာကပဲ လူသူမကြားစေချင်တဲ့၊ မသိစေချင်တဲ့ မတရားတဲ့ လုပ်ရပ်တွေကို ထောင်အာဏာပိုင်တွေက ခိုးဝှက် လုပ်တော့မယ်ဆိုတာကို သိနေကြပါတယ်လို့ အဲ့သည်အချိန် ထောင်ကျနေသူ ကျောင်းသားခေါင်းဆောင် ကိုမောင်မောင်တိတ်က ကျနော်ကို မကြာမကြာ ပြောပြခဲ့ဖူးပါတယ်။

" ရဲဘော်တို့ " ဆိုတဲ့ ဆလိုင်းတင်မောင်ဦးရဲ့ အသံ အော်လိုက်တာနဲ့ "ဟေး ဟေး ဟေး ဟေး" ဆိုပြီး ထောင်ဝန်ထမ်းတွေက သူ့အသံကို မကြားရအောင်၊ ဖုံးလွှမ်းသွားအောင် ဝိုင်းအော်ကြတယ်။ ဒါတောင်မှ အနီးအနားက သူတွေက (ရဲဘော်တို့ ငါ့ကိုဒီကောင်တွေ လူမသိသူမသိ သတ်ဖို့ခေါ်သွားပြီ။ ငါတော့သွားပြီ မင်းတို့ဆက်တိုက်ကြ။ ။) ဆိုတဲ့ စကားကို ကြားလိုက်ကြတယ်။ ထောင်ဝန်ထမ်းတွေလည်း ကြားကြတယ်။ နောက်တော့ သူ့ကို အတင်းဆွဲခေါ်သွားပြီး ကြိုးပေးခဲ့ကြတယ်။ ကြိုးတိုက်က ဂျိုင်းကနဲမည်သံကြီးကြားတော့ တထောင်လုံးက ကျောင်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းကျနေသူတွေ စိတ်မကောင်း ဒေါသဖြစ်ကြပါတော့တယ်။ ကိုမောင်မောင်တိတ်ရဲ့ အပြောအရ နံရံကို ခေါင်းနဲ့ဆောင့်ကြ သံတိုင်ကို ကိုင်ပြီး မှိုင်နေကြနဲ့ ဖြစ်ကုန်ကြတာလို့ ဆိုပါတယ်။

လွယ်လွယ်မသေခွပ်ဒေါင်းပေ

ခွပ်ဒေါင်း အောက်ချင်း၊

အသက်ပြင်းစွ၊ သေမင်းအံတု

အနိုင်လုခဲ့၊ တို့ရဲ့နောင်တော်

ဦးဆောင်တပ်မှူး၊ တင်မောင်ဦးတဲ့

ဆလိုင်းတို့ရဲ့ ထိပ်ခေါင်ပါတကား။ ။

နောက်ပိုင်းမှာ အခုခေတ်အခေါ် ဖရဲသီးဝန်ထမ်းလိုမျိုး ထောင်အာဏာပိုင်တချို့က ပြန်ပြောပြကြတယ်။ ဦးသန့်အရေးအခင်း (၁၉၇၄) ကို ခေါင်းဆောင်မှု၊ တောတွင်းဆက်သွယ်မှု၊ မှိုင်းရာပြည့်အရေးအခင်း (၁၉၇၆) ကို ဖြစ်ပေါ်လာအောင် စီစဉ် ညွှန်ကြားမှုတွေနဲ့ ဆလိုင်းတင်မောင်ဦးကို ဖမ်းတာတဲ့။ သေဒဏ် အမိန့်ချပြီးတဲ့အခါ အသနားခံစာတင်ရင် သေဒဏ်က လွှတ်ပေးမယ်လို့ စစ်တပ်က ညှိနှိုင်းတယ်တဲ့။ ဒါပေမဲ့ ငါ့ဘက်က ငါတို့ကျောင်းသားတွေဘက်က ဘာမှ မှားတာ လုပ်မထားဘူး။ စစ်တပ်ဆီ အသနားခံစရာ မလိုဘူးဆိုပြီး သူက အမှန်တရားဘက်က ရပ်တည်သွားခဲ့တာပါ။

သူစဉ်းစားတဲ့ပုံစံက သီပေါဘုရင်လက်ထက် သတ်ပစ်ဖို့ အစ်ကိုတော် အစ်မတော် မင်းညီမင်းသား ၄၀ ကျော်ကို ကြေးတိုက်ထောင်မှာ ဖမ်းထားချိန် စဉ်းစားချက်နဲ့တူနေတယ်။ ၁၉၇၆ ခုနှစ်မှာ စစ်တပ်က သတ်ကို သတ်ချင်လို့ကို သူ့ကို သေဒဏ်ပေးခဲ့တာ။ အသနားခံစာတင်လည်း သတ်မှာပါ။ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းက "ငါ့နားရွက်ကို တံတွေးဆွတ် ရန်စတဲ့ ဒီကောင်ကို ဘာလို့ လူ့ပြည်မှာ ဆက်ထားနေရမှာလည်း" ဆိုပြီး ပြောခဲ့တာ မဟုတ်လား။

အလားတူ သီပေါနန်းတက်ချိန် ၁၈၈၅ တဝိုက်က ဖမ်းဆီးခံထားကြရတဲ့ မင်းညီမင်းသားတွေဟာလည်း ကြေးတိုက်ထောင်ထဲကနေ အသနားခံစာတင်ဖို့ ပြောကြတဲ့အခါ အကြီးဆုံး မင်းသားကြီတပါးက စာတင်မနေပါနဲ့ကွာ၊ စာရေးရတာ လက်ညောင်းပါတယ်။ သူတို့သတ်ချင်လို့ကို ဖမ်းထားတာ စာတင်လည်း မလွှတ်ပါဘူးလို့ ပြောခဲ့ဖူးပါတယ်။

‘ကြိုးပေးသတ်စေ’ အမိန့်သာ ရှိပြီး ‘မသေမချင်း ကြိုးကွင်းစွပ် သတ်စေ’ ဆိုတဲ့ အမိန့် မဟုတ်လို့ ဆလိုင်းတင်မောင်ဦးဟာ အံကြိတ် အသက်အောင့်ပြီး အချိန် ကြာကြာနေနိုင်အောင် ကြိုတင်လေ့ကျင့်ပါတယ်။ ဒါကြောင့် ကြိုးပေးသတ်ချိန်မှာ သူဟာ အလေ့အကျင့် ရှိထားတာကြောင့် မသေပါဘူး။ ဒါကို စစ်အာဏာသားတွေက စစ်ဖိနပ်နဲ့ နင်းပြီး အသက်ထွက်စေခဲ့တယ်လို့ ထောင်မှူးတဦးက နောက်ပိုင်းမှာ ပြန် ပြောပြခဲ့ပါတယ်။

၄၈ နှစ်မြောက်ဆလိုင်းတင်မောင်ဦး ဂုဏ်ပြုတေးများ

ဒီစာရေးနေချိန် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၈ နှစ်ပြည့် ဂုဏ်ပြုအခမ်းအနားကို အရှိုချင်း အမျိုးသားဖက်ဒရယ်ကောင်စီက ဦးဆောင်ကျင်းပနေချိန်ပေါ့။ အဖွဲ့ အသင်း ပါတီ အသီးသီးက ဆလိုင်းတင်မောင်ဦးအတွက် ဂုဏ်ပြုစကားသံတွေ ပြောခဲ့ကြပြီ။ ဒီအထဲမှာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီရဲ့ ဂုဏ်ပြုသဝဏ်လွှာကို ဗဟိုကော်မတီဝင် ကချင်ပြည်နယ် ဗန်းမော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက ဖတ်ကြားပါတယ်။ သူက ဇွန်လဟာ အမှတ်တရနေ့တွေ များပါတယ်တဲ့။ ဇွန် ၆ အလုပ်သမားသပိတ် နှစ်ပတ်လည်နေ့၊ ဇွန် ၁၁ ရက် ၁၉၅၁ က ဆလိုင်းတင်မောင်ဦးမွေနေ့ပါ။ သက်ရှိထင်ရှား ရှိနေသေးလျှင် ၇၃ နှစ် အရွယ်ပေါ့။ မကွေးတိုင်း ကျောင်းသားတဦးကတော့ ဆလိုင်းတင်မောင်ဦး ရှိနေသေးလျှင်လည်း အခု နွေဦးတော်လှန်ရေးမှာ ဦးဆောင်နေဦးမှာလို့ ပြောသွားခဲ့ပါတယ်။ ၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက်ဟာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပါ။ ဘယ်နေရာမှာ ဖမ်းထားမှန်းမသိတဲ့ လူထုခေါင်းဆောင် အမေအိုဟာ ဇွန် ၁၉ ရက်နေ့ ကမ္ဘာလုံးဆိုင်ရာ ပန်းသပိတ်ကြီးကို ဦးဆောင်သွားခဲ့တာပေါ့။ ၁၉၇၆ ခုနှစ် ဇွန် ၂၆ ရက်ကလည်း ဆလိုင်းတင်မောင်ဦး ကျဆုံးခဲ့တဲ့နေ့ပါ။ ၄၈ နှစ်မြောက် ဂုဏ်ပြုအခမ်းအနားတွေ အခုလို ပြုလုပ်နေကြပါပြီ။

နွေဦးတော်လှန်ရေးနဲ့ ဆလိုင်းတင်မောင်ဦး ၄၈ နှစ်မြောက်

“မင်းတို့ ငါ့ရဲ့ခန္ဓာကိုယ်ကိုသာ

သတ်လို့ရမယ်၊

ငါ့ရဲ့ယုံကြည်ချက်နဲ့

ရပ်တည်ချက်ကိုတော့

ဘယ်တော့မှ သတ်လို့မရဘူး။

မင်းတို့ စစ်ဖိနပ်အောက်

ငါဘယ်တော့မှ ဒူးမထောက်ဘူး။”

နောင်တော် ဆလိုင်းတင်မောင်ဦးနဲ့ မျိုးဆက်သစ် နွေဦးတော်လှန်ရေး တိုက်ပွဲဝင် GZ လူငယ်တွေ ပေါင်းစည်းသွားပါပြီ။ လွန်ခဲ့သော ၄၈ နှစ်မှာ ဆလိုင်းတင်မောင်ဦးက မင်းတို့ စစ်ဖိနပ်အောက်‌ ငါဘယ်တော့မှ ဒူးမထောက်ဘူးကွ။”လို့ ပြောခဲ့သလို ဒီနေ့ တိုက်ပွဲဝင်နေသူ အားလုံးကလည်း စစ်ဖိနပ်အောက် ဒူးမထောက်ရုံမကပဲ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ဖို့ လုပ်နေကြပြီလေ။ ပထမဦးဆုံး ကြိုးပေးသတ်ဖြတ်ခံခဲ့ရသူ ဆလိုင်းတင်မောင်ဦးကို ကြိုးပေးကွပ်မျက်ခဲ့သလို နွေဦးတော်လှန်ရေးမှာလည်း ရက်စက်ခဲ့ကြပြန်ပါပြီ။

ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ ၄ ဦးကိုလည်း လူမသိသူမသိ သတ်ဖြတ်ခဲ့ကြပါပြီ။ ပြည်သူ့ရန်သူ စစ်အာဏာရှင်ဟာ ပြည်သူ့ရန်သူ ပီသလှပါတယ်။ မကောင်းဆိုးယုတ်၊ အကုန်လုပ်၏၊ မလုပ်ရဲတာဘာမျှမရှိတကား။ ဒါကြောင့် ဆလိုင်းတင်မောင်ဦး ဦးတည် ရည်မှန်းခဲ့တဲ့ ဒီမိုကရေစီအရေး၊ စစ်အာဏာရှင် ဖြုတ်ချရေး၊ ပြည်သူလူထု အခွင့်အရေးတို့အတွက် ဆလိုင်းတင်မောင်ဦး စိတ်ဓာတ်ကို ကိုင်ဆွဲပြီး နွေဦးတော်လှန်ရေးကြီးအတွင်း စုပေါင်းညီညာ နိုင်ရာက ပါဝင်တိုက်ကြရေးသာ အဓိက ပဓာန ဖြစ်ပါတယ်။

မောင်တူး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024