DVB Logo
Home
Lead Story
ဖေဖော်ဝါရီ ၁ ရက်၊ အသံတိတ် သပိတ် တိုက်ပွဲကြီး
DVB
·
January 31, 2023
ဖေဖော်ဝါရီ ၁ ရက်၊ အသံတိတ် သပိတ် တိုက်ပွဲကြီး
1 / 3
Donate to DVB

နိုင်ငံတကာ သတင်းစာမျက်နှာများ၌ မြန်မာပြည်တွင် ပေါ်ထွန်းစ ဒီမိုကရေစီစနစ်အား ရိုက်ချိုးဖျက်ဆီးခံလိုက်ရပြီး တနိုင်ငံလုံး ကြိမ်မီးအုန်းသလို ဒုက္ခပင်လယ်ဝေခဲ့ရသည့် ၂ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ရှိလာနေချိန်တွင် ဒီမိုကရေစီ တိုက်ပွဲဝင်နေကြသော အင်အားစုများကလည်း အသံတိတ်သပိတ် ဆင်နွှဲရန် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ အိမ်ပြင်မထွက်ကြရန် အထွေထွေသပိတ်ညှိနှိုင်းရေးကော်မတီမှ လှုံ့ဆော်လိုက်ပြီ ဖြစ်သည်။

၂၀၂၃ ခုနှစ်တွင် တော်လှန်ရေးကြီး အပြီးသတ်ဆင်နွှဲရန် စိုင်းပြင်းနေကြပြီဖြစ်၍ ယခုလို အသံတိတ်သပိတ်ကြီး ဆင်နွှဲခြင်းသည် လွန်စွာအရေးပါသော နောက်ထပ် ခြေလှမ်းကြီး ဖြစ်သည်။ မြန်မာ့အရေးအပေါ် စိတ်ဝင်စားမှု လျော့နည်းလာနေပြီဖြစ်သော နိုင်ငံတကာကလည်း မိမိတို့ မြန်မာပြည်သူများသည် စစ်အာဏာရှင်စနစ်ကို မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမည်သာ ဖြစ်သည်ဟု ထုတ်ဖော်ပြသရာလည်း ရောက်ပေသည်။

၎င်းတို့လုပ်မည်ဟု ရည်ရွယ်ထားသော ရွေးကောက်ပွဲဆိုသည်ကိုလည်း ပြည်သူများက လက်မခံကြောင်း ထုံးတွေအဖွေးသားကြားမှ ထပ်မံပြသလိုက်ခြင်းလည်း ဖြစ်သည်။

နိုင်ငံတကာသည်လည်း စစ်အာဏာရှင်များသည် လက်နက်အားကိုးဖြင့်သာ သက်ဆိုးရှည်နေသူများဖြစ်ပြီး ယခုထိ တိုင်းပြည်ကို မည်သို့မျှ အုပ်ချုပ်နိုင်စွမ်းရှိသူများ မဟုတ်ဟု ထပ်၍ အတည်ပြုနိုင်ပြန်သဖြင့် အရှက်တကွဲ အကျိုးနည်းသွားစေမည့် ထိုးနှက်ချက်ကြီးလည်း ဖြစ်၍ ယခင် အသံတိတ်သပိတ်များထက် ပို၍ လေးနက်ပြီး အနှစ်သာရ ရှိနေသည်။ အထူးသဖြင့် တရုတ်သည်လက်ရှိအနေအထားတွင် စစ်အာဏာရှင်များဘက်မှ လိုလိုလားလား ထောက်ခံပြောဆိုမှု မရှိတော့၍ ထိုအနေအထားကို ပို၍ခိုင်မာအောင် အင်္ဂတေလောင်းပေးမည့် ပွဲလည်း ဖြစ်သည်။ အာဆီယံ၏ ဥက္ကဋ္ဌအသစ် ဖြစ်လာမည့် အင်ဒိုနီးရှားအားလည်း ပြတ်ပြတ်သားသား ဆန့်ကျင်သွားရန် မြန်မာပြည်သူများက mandate အခွင့်အာဏာ ပေးအပ်လိုက်သည့်ပွဲလည်း ဖြစ်သွားပေလိမ့်မည်။

စစ်အာဏာသိမ်းအဖွဲ့သည် ဇန်နဝါရီ ၃၁ ရက်နေ့တွင် ကာလုံ ဆိုသည်ကို တရားမဝင် ခေါ်ယူ ဆွေးနွေးကြမည်ဟု ဆုံးဖြတ်ထားသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ မည်သို့ပင် ဆုံးဖြတ်ကြစေကာမူ ထွက်ပေါ်လာမည့်ရလဒ်သည် နိုင်ငံတကာနှင့် လူထုကို လှည့်ဖျားရန်သာ ဖြစ်၍ မည်သို့မျှ ထူးခြားမည် မဟုတ်သည့်အပြင် အခြေအနေများက အချိန်မရွေး ရုတ်ခြည်းဆိုသလို ပြောင်းလဲသွားနိုင်ပြန်၍ မိမိတို့ အိမ်တွင်းနေကြသည်သာ အကောင်းဆုံးဟု ယူဆ၍လည်း ရနေသည်။ ၎င်းတို့အား ထောက်ခံပါသည်ဆိုသော စီတန်းလှည့်လည်ပွဲများလည်း ရှိနေပြန်၍ ပြည်သူများကလည်း မိမိတို့လုပ်နိုင်သည့် ဘောင်အတွင်းမှ တန်ပြန် ဆန္ဒပြကြဖို့သာ ရှိပေတော့သည်။

ဒေါက်တာတေဇာဆန်းကလည်း အကြမ်းဖက် စစ်အုပ်စုမှ အာဏာသိမ်းကာ အရေးပေါ် အခြေအနေ ကြေညာထားခြင်းသည် ထိုနေ့တွင်ပင် မည်သို့မျှ ရှေ့ဆက်၍မရတော့ဘဲ ကုန်ဆုံးတော့မည်ဖြစ်၍ မည်သို့ပင် ထပ်မံလှည့်စားစေကာမူ ပြည်သူများက ဆက်လက်ဆန့်ကျင်သွားမည်သာ ဖြစ်သည်ဟု ထုတ်ဖော်ပြသရာရောက်သဖြင့် တနိုင်ငံလုံး တစိတ်တဝမ်းတည်း စည်းလုံးညီညွတ်စွာ ပါဝင်သွားကြဖို့ တိုက်တွန်း နှိုးဆော်ထားခဲ့သည်။

လက်ရှိအချိန်အထိ စစ်အာဏာရှင်စနစ်ကို ရိုက်ချိုးရန် တွန်းလှန်ရင်း ကျဆုံးသွားခဲ့သည့် ပြည်သူ ၂,၈၉၀ နှင့် ဖမ်းဆီးခံထားရသူ ၁၇,၄၀၀ ဦး ရှိနေပြီဖြစ်၍ ၎င်းတို့၏သွေးများ မြေခခဲ့ရသည်မှာ အလဟဿမဟုတ်၊ မိမိတို့ အမြဲတစေ အောက်မေ့ အမှတ်တရရှိနေကြောင်း ငါးနာရီခန့် အိမ်ထဲကအိမ်ပြင် မထွက်ကြဘဲ ပြသနိုင်ခွင့် ရရှိကြဦးမည်ဖြစ်သည် မဟုတ်ပါလား။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

လှစိုးဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013