
အစ္စလာမ်ဘာသာဝင်တွေနဲ့ ရာမဒန်ဥပုသ်လရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ မတ် ၂၀ ရက်မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရှိတဲ့ ချန်းခလန်ချင်းမိုင် ဗလီကျောင်းတော်မှာ စည်ကားသိုက်မြိုက်စွာ ဥပုသ်ဖြေခဲ့ ကြပါတယ်။
အရုဏ်မတက်ခင်ကနေ နေဝင်ချိန်အထိ ဥပုသ်သီလ ဆောက်တည်ခဲ့ကြပြီးနောက် အစ္စလာမ် ဘာသာဝင်တွေဟာ နေဝင်ချိန်မှာ စုပေါင်းပြီး ပျော်ရွှင်စွာ ဝါဖြေခဲ့ကြတာပါ။
တလတာ ဥပုသ်စောင့်ခြင်း ပြီးဆုံးသွားပြီးနောက် အီးဒ်ဒလ်ဖိသ်ရ်ပွဲတော်ကို ကျင်းပကြမှာလည်း ဖြစ်ပါတယ်။
ချန်းခလန်ချင်းမိုင်ဗလီဆရာ အီမန် ဆွာလာဟူဒင်က မတ် ၂၁ ရက်ဟာ အီးဒ်ဒလ်ဖိသ်ရ်ပွဲတော်၊ အီးဒ်မူဘာရတ် အချိန်အခါ ဖြစ်တယ်လို့ မိန့်ဆိုပါတယ်။
"အီးဒ် မူဘာရက်ခ်ဆိုတာက မင်္ဂလာရှိသောနေ့၊ နေ့တနေ့ ဖြစ်တယ်။ အဲ့ဒီနေ့မှာ လူတွေအားလုံးက တယောက်ကို တယောက် အမှားရှိရင် တောင်းပန်ကြမယ်။ တောင်းပန်ကြရင် အားလုံးက ခွင့်လွှတ်ပေးကြမယ်။ ကိုယ့်မှာ အမှားရှိရင် ခွင့်လွှတ်ပေးဖို့ တယောက်ကိုတယောက် လာပြီးတော့ တောင်းပန်တာပေါ့။ အထူးသဖြင့်တော့ ကိုယ့်အမျိုးတွေ ဆွေမျိုးတွေဆီ သွားပြီးတော့ ဆလန် ပေးမယ်၊ နှုတ်ဆက်မယ်၊ နှုတ်ဆက်ပြီးတော့ တောင်းပန်မယ်၊ ဒိုအာတွေလုပ်ခိုင်းမယ်၊ ဒိုအာဆို တာက ဆုမွန်တောင်းခိုင်းတာပေါ့။"
ရာမဒန်ဆိုတာ အစ္စလာမ်ပြက္ခဒိန်ရဲ့ ၉ ခုမြောက်လဖြစ်ပြီး ကမ္ဘာတဝန်းက မွတ်စလင်တွေအတွက် အမြင့်မြတ်ဆုံးလ ဖြစ်ပါတယ်။ ရာမဒန်ကာလအတွင်း မွတ်စလင်တွေဟာ ဥပုသ်စောင့်ဖို့ မိုးသောက်ချိန် မရောက်ခင် အစာအဟာရသုံးဆောင်ကြပြီး အဲ့ဒီနောက် ဥပုသ်စောင့်ကြပါတယ်။
ဥပုသ်စောင့်ချိန်မှာ ကျမ်းမြတ်ကိုရမ်ကို ရွတ်ဖတ်ရင်း တရက်မှာ ၅ ကြိမ် ဝတ်ပြုကြပါတယ်။ နေဝင်ချိန်မှာတော့ ဝါဖြေကြပြီး ဥပုသ်စောင့်သူတွေကို ဗလီတွေမှာ အစာအဟာရတွေ ကျွေးမွေးလေ့ရှိကြပါတယ်။ ရာမဒန်လ ကုန်ဆုံးတဲ့အခါမှာတော့ အီးဒ်ဒုလ်ဖိသ်ရ် လို့ခေါ်တဲ့ ဥပုသ် ထွက်ပွဲတော်ကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲကြပါတယ်။
ချန်းခလန်ချင်းမိုင်ဗလီဆရာ အီမန်ဆွာလာဟူဒင်က"အခု ဒီနှစ်မှာ အလ္လာဟ်က ဆုံဆည်းခွင့် ပေးတယ်။ လာမဲ့နှစ်မှာလည်း အားလုံး ဆုံစည်းနိုင်မဲ့ အခွင့်အရေး အလ္လာဟ်ရှင်မြတ် ပေးသနား ပါစေလို့ ဆုတောင်းပြုလိုက်ပါတယ်" လို့ ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။
ချန်းခလန်ချင်းမိုင် ဗလီကျောင်းတော်ကတော့ ချင်းမိုင်က မြန်မာရွှေ့ပြောင်းနေထိုင်သူ အစ္စလာမ် ဘာသာဝင်တွေများစွာ လာရောက်ဝတ်ပြု ဆုတောင်းကြတဲ့ ဗလီကျောင်းတော် ဖြစ်ပါတယ်။










