DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်း ၂ နှစ်ပြည့် ရန်ကုန် မြို့တော်ခန်းမရှေ့၌ စစ်ကောင်စီထောက်ခံပွဲ ကျင်းပရန် စီစဉ်
DVB
·
January 30, 2023
အာဏာသိမ်း ၂ နှစ်ပြည့် ရန်ကုန် မြို့တော်ခန်းမရှေ့၌ စစ်ကောင်စီထောက်ခံပွဲ ကျင်းပရန် စီစဉ်
Donate to DVB

စစ်အာဏာသိမ်း ၂ နှစ်ပြည့်နဲ့ ပြည်သူ့နွေဦးတော်လှန်ရေး ၂ နှစ်ပြည့်အဖြစ် ဖေဖော်ဝါရီ ၁ ရက်မှာ ပြုလုပ်မယ့် Silent Strike (အပြင်မထွက် ငြိမ်သက်တိတ်ဆိတ်ခြင်း သပိတ်) နေ့မှာ တပ်ထောက်ခံသူတွေနဲ့ အမျိုးသားရေးသမားတွေကလည်း ရန်ကုန်၊ မြို့ဝောာ်ခန်းမရှေ့မှာ စစ်ကောင်စီ ထောက်ခံပွဲပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ထောက်ခံပွဲကို မိုက်ကယ်ကျော်မြင့်၊ မင်းသားကြီး (ခ) အောင်ဆန်းဦး၊ ဒေါ်မိုးမိုးခိုင်တို့က ဦးဆောင်ကျင်းပမယ်လို့ သိရပြီး ရန်ကုန်၊ သမ္မတရုပ်ရှင်‌ရုံရှေ့မှာ နေ့လယ် ၁၂ နာရီလောက် စုဝေးကာ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံဘေးကို စီတန်းလှည့်လည်သွားမယ်လို့ ဆိုပါတယ်။

အဆိုပါထောက်ခံပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီပွဲစဉ်သူတဦးက “၁ ရက်နေ့ကိစ္စက ဟုတ်ပါတယ်။ အစည်းအဝေးမှာ စီစဉ်ထားတာက ကြာပြီ။ ဒီ‌နေ့မှ ကြေညာချက်ထုတ်လိုက်တာ။ ထောက်ကြန့်၊ မြောက်ဥက္ကလာ၊ သာကေတတဝိုက်က ကိုယ့်လူနဲ့ကိုယ် အကြိုအပို့ရှိတယ်။ လုံခြုံရေးနဲ့ပတ်သက်လို့ နီးစပ်ရာ ခလရ၊ ခမရတွေက တာဝန်ယူပေးမယ်လို့ ပြောထားတယ်။ အစိုးရ ၂ နှစ်ပြည့်နဲ့ ကာ/လုံ ကြိုဆိုပွဲ ပါပါတယ်။ လူကတော့ ကြိုဖိတ်ထားတာ ကြာပြီ။ အခုမှ ကြေညာချက် ထုတ်လိုက်တာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်မတော်ချစ်မြတ်နိုးသူများအဖွဲ့ရဲ့ ဇန်နဝါရီ ၃၀ ရက် ထုတ်ပြန်ချက်မှာ Silent Strike ကို တုံ့ပြန်တဲ့အနေနဲ့ အဲ့ဒီနေ့မှာ ပုံမှန်အတိုင်း သွားလာကြဖို့၊ လိုအပ်ပါက မြို့နယ်တိုင်းမှာ တပ်ထောက်ခံပွဲတွေ စုပေါင်းပြုလုပ်သွားမယ်လို့ တွေ့ရပါတယ်။

ဒါနဲ့ပတ်သက်ပြီး ရန်ကုန် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတဦးက “စစ်တပ်ကလူတွေအပြင်ထွက်နေတယ်။ သူတို့ကို ထောက်ခံနေတယ်။ အာဏာသိမ်းတာကို လက်ခံနေတဲ့ပုံကို ပြချင်လို့ ပွဲလုပ်တာပဲ။ နွေဦးတော်လှန်ရေးက ၂ နှစ်ပြည့်ပြီလေ။ ဘယ်သူက ဘာလဲ၊ ပြည်သူကလည်း သိတယ်၊ မြန်မာကလည်း သိတယ်၊ ကမ္ဘာကလည်း သိတယ်။ စစ်အာဏာရှင်ဆိုတာ မြန်မာမှာ မင်းအောင်လှိုင် နောက်ဆုံးပဲ။ သူ့တပ်က နောက်ဆုံးပဲ ဖြစ်စေရမယ်။ ပြည်သူကို ပြောချင်တာက သူတို့နဲ့ ဝေးဝေးနေပါ။ တတ်နိုင်ရင် အပြင်မထွက်ပါနဲ့။ အသံတိတ်သပိတ်မှာ ပါဝင်ပေးပါ။ ၁၀ နာရီကနေ ညနေ ၃ နာရီအတွင်းပါပဲ။ အာဏာရှင်ကို ဒီလိုနည်းနဲ့ အာခံပြီး သပိတ်မှာ ပါဝင်ကြပါလို့ပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

ပြည်သူ့နွေဦးတော်လှန်ရေး ၂ နှစ်ပြည့်၊ လူထုတိုက်ပွဲ၊ အသံမထွက် ငြိမ်သက်တိတ်ဆိတ်ခြင်းသပိတ် (Silent Strike) ကို ဖေဖော်ဝါရီ ၁ ရက် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအတွင်း ပြုလုပ်သွားမှာဖြစ်ပြီး “တသံတည်းညီ တချီတည်းရုန်း”၊ “တရားမဝင်ရွေးကောက်ပွဲကို တိုက်ဖျက်ကြ၊ တိတ်ဆိတ်မှုနဲ့သက်သေပြ” စတဲ့ ဆောင်ပုဒ်တွေနဲ့လည်း ကြွေးကြော်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013