DVB Logo
Home
မြန်မာသတင်း
ကျွန်းလှနှင့် ရွှေဘိုတွင် စစ်တပ်က ရွာမီးရှို့၊ ဒေသခံ ၂ ဦးကိုသတ်ဖြတ်၊ ဆားလင်းကြီး၌ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ
DVB
·
January 30, 2023
ကျွန်းလှနှင့် ရွှေဘိုတွင် စစ်တပ်က ရွာမီးရှို့၊ ဒေသခံ ၂ ဦးကိုသတ်ဖြတ်၊ ဆားလင်းကြီး၌ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် တောင်ယာဆိပ်ကျေးရွာကို ဇန်နဝါရီ ၃၀ ရက် ဒီမနက် ၆ နာရီခွဲလောက်မှာ စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ၃၆၈ နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၁၂၀ လောက်က အကြမ်းဖက် မီးရှို့ဖျက်ဆီးနေတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်အဖွဲ့ တာဝန်ရှိသူတဦး ဒီဗွီဘီကို ပြောပါတယ်။

“စစ်ကြောင်းက ၉ နာရီ ၂၀ မိနစ်မှာ တောင်ယာဆိပ်ရွာကို မီးရှို့ဖျက်ဆီးပြီး ကန့်ဘလူမြို့နယ် မန်ကျီးကုန်းရွာဘက်ကို ဦးတည်ထွက်ခွာသွားပြီး မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ခြေစာရင်းကို ဆက်လက်စုံစမ်းနေပါတယ်။ စစ်ဘေးရှောင် ၁၀,၀၀၀ ကျော်လောက်ရှိမယ်၊ စစ်ရှောင်တွေတော့ အရမ်းများတယ်ဗျ။ သတင်းတင်ဖို့တော့ ဆက်ကြိုးစားနေပါတယ်။ အကူအညီ‌တွေလည်း အရမ်းလိုအပ်နေပါတယ်။”

ခြေမြန်တပ်ရင်း ၃၆၈ နဲ့ ပျူစောထီးစစ်ကြောင်းဟာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီထိ ၂ လအတွင်း ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်အတွင်း လှည့်လည်စစ်ကြောင်းထိုးနေပြီး ရွာပေါင်း ၈ ရွာက အပြစ်မဲ့ပြည်သူပိုင်နေအိမ် ၂၀၀ ကျော်၊ စစ်ဘေးရှောင်တဲအလုံး ၃၀ လောက်နဲ့ စပါးတင်း‌ပေါင်း ထောင်ချီ အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၁၃ ဦးကို အကြမ်းဖက် ဖမ်းဆီးနှိပ်စက် မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။ ဖမ်းဆီးနှိပ်စက်ခံရစဉ် အသက်မသေဘဲ အမျိုးသမီး ၃ ဦး ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

အဆိုပါ စစ်တပ်နဲ့ ပျူစောထီးတွေက ပြည်သူပိုင် တန်ဖိုးကြီးပစ္စည်းတွေကို ခိုးယူတာ၊ စပါးထောင်ချီ ခိုးယူတာ၊ အိမ်‌မွေးတိရစ္ဆာန် ကြက်၊ ဝက်နဲ့ လယ်ယာသုံး ကျွဲ၊ နွားတွေကို ပြန်လည်ရောင်းချဖို့ ခိုးယူသွားကြပါတယ်။

အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးတာကြောင့် ကျွန်းလှမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာပေါင်း ၁၂ ရွာက ပြည်သူ ၁၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာကာ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်က ထုတ်ပြန်ပြောဆိုပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မအူရွာကို စစ်ကောင်စီက ဇန်နဝါရီ ၂၉ ရက်က ဝင်ရောက်ပြီး ဒေသခံရွာသား ၂ ဦးကို သတ်ဖြတ်ကာ ကျေးရွာကိုပါ မီးရှို့သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အခု မအူရွာကို မီးရှို့ခဲ့တဲ့ စစ်ကြောင်းဟာ ရွှေဘိုမြို့နယ် စစ်အင်းချောရွာကနေ လာပြီး ရွာကိုမီးရှို့ခဲ့ကာ ရွာသား ၂ ဦးကို သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။

“သူတို့ထွက်သွားလို့ ကျေးရွာထဲ ကျနော်တို့ ဒီနေ့ ဇန်နဝါရီ ၃၀ ရက် မနက်ခင်း ဝင်ရောက်တော့ သူတို့ သတ်ပြီး မီးရှို့ထားခဲ့တဲ့ ရုပ်အလောင်း ၂ ဦးကို တွေ့ခဲ့ရတယ်ဗျ။ အသတ်ခံရသူတွေက ကျနော်တို့ မအူပင်အရှေ့ရွာက အသက်ကြီးရွယ်အို ၂ ဦးပါဗျ။ ကိုမြင့်သန့် အသက် ၅၀ ကျော်၊ ဦးကံထူး အသက် ၆၀ ကျော် မီးရှို့ပြီး အသတ်ခံရတယ်။ သူတို့သတ်ပြီး ရွာကိုမီးရှို့ရင်း အိမ်တွေထည့်ပြီး မီးရှို့ထားခဲ့တယ်။ စစ်ကောင်စီတပ်ဟာ ရွာကို အိမ်တွေကို မီးရှို့ခဲ့ရုံသာမက ဒေသခံတွေရဲ့ စပါးတိုက်တွေ၊ လယ်ယာသုံး ထွန်စက်ကားတွေ၊ လှည်းတွေကိုပါ မီးရှို့သွားတယ်” လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက မအူအရှေ့ရွာကို မီးရှိုခဲ့သလို ဒီနေ့ ဇန်နဝါရီ ၃၀ ရက် မနက်မှာလည်း မအူအနောက်ရွာကို မီးရှို့ခဲ့ပါသေးတယ်။ စစ်ကောင်စီက ကျေးရွာနှစ်ရွာကို မီးရှို့ခဲ့လို့ အိမ်ခြေ ၄၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မြန်မာဝမ်ပေါင်ကုမ္ပဏီကို လာရောက်မယ့် စစ်ကောင်စီအရာရှိကိုကြိုတဲ့ စစ်ကောင်စီယာဉ်တန်းကို ဇန်နဝါရီ ၂၈ ရက် မနက် ၉ နာရီလောက်က မိုင်း ၂ ကြိမ်ဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေက ပြောပါတယ်။

ယာဉ်တန်းမလာခင် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ပေမဲ့ ကျေးသကျရွာနဲ့ လက်ခုတ်ပင်ရွာကြားမှာ တကြိမ်၊ မွန်းတည့် ၁၂ နာရီမှာ ကျေးသကျရွာနဲ့ ကံကုန်း-ဒုန်းတောရွာကြားက မြောက်ယမားတံတားပေါ်မှာ တကြိမ် တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

Regional Friend Fighters (RFF) တာဝန်ခံက “ပထမတခေါက် ဝမ်ပေါင်ရုံးထဲကနေ စစ်ကား ၅ စီးနဲ့လာတာ။ မိုင်းဆွဲခဲ့တယ်။ ဗန်ဒါကားတစီး မီးလောင်ပြီး စစ်သားငါးဦး ဒဏ်ရာရသွားတယ်။ နောက်တကြိမ်ကြတော့ မနက်ခင်းက မိုင်းဆွဲခံရလို ဒဏ်ရာရတဲ့ စစ်သားတွေ ထပ်လာခေါ်တဲ့ စစ်ကားကို မြောက်ယမားတံတားပေါ်မှ ထပ်ပြီး မိုင်းဆွဲခဲ့တယ်။ အန်စာတုံးကားသုံးစီး ပျက်စီးသွားတယ်။ လင်ခရူဆာတစီး လွတ်မြောက်သွားတယ်။ အသေအပျောက်က စုံစမ်းနေဆဲ” လို့ ပြောပါတယ်။

စစ်ဆင်ရေးကို Regional Friend Fighters (RFF) နဲ့ ညီနောင်မဟာမိတ်ဖြစ်တဲ့ Revolution Youth Group (RYG) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013