DVB Logo
Home
မြန်မာသတင်း
ရနောင်း လ.ဝ.က ထိန်းသိမ်းရေးစခန်းတွင် မြန်မာအလုပ်သမားများ လူ့အခွင့်အရေးချိုးဖောက်ခံနေရ
DVB
·
January 30, 2023
ရနောင်း လ.ဝ.က ထိန်းသိမ်းရေးစခန်းတွင် မြန်မာအလုပ်သမားများ လူ့အခွင့်အရေးချိုးဖောက်ခံနေရ
1 / 2
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းမြို့၊ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း (IDC)မှာ အကျဉ်းကျခံနေရတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သား ၆၅၅ ဦးဟာ လွတ်ရက်စေ့တာ လပေါင်းများစွာ ရှိနေပြီဖြစ်ပေမဲ့နေရပ်ပြန်ဖို့ ကြန့်ကြာနေပြီး လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ အချုပ်ခန်းတွင်းက ရွှေ့ပြောင်းမြန်မာလုပ်သားတွေဆီက သိရပါတယ်။

အဆိုပါ မြန်မာလုပ်သားတွေဟာ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှု၊ အထောက်အထား မစုံလင်မှုစတဲ့ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးအကျဉ်းချခံရကာ ပြစ်ဒဏ် ကျခံပြီးလို့ လွတ်မြောက်လာသူတွေဖြစ်ပြီး နေရပ်ပြန်ဖို့ ကြန့်ကြာတာတွေနဲ့ နေထိုင်စားသောက်မှု အခက်အခဲတွေကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်ကစပြီး နေရပ်ပြန်ပို့ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

ရွှေ့ပြောင်းလုပ်သား အမျိုးသမီးတဦးက “အချုပ်ထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေပါတယ်။ စီနီယာအလိုက် နေရပ်ပြန်ခွင့်မရဘဲ နောက်မှရောက်လာတဲ့ ငွေကြေးတတ်နိုင်သူတွေက မြန်မာလဝကကို လာဘ်ပေးပြီး နေရပ်ပြန်ခွင့်ရတယ်။ အစားအသောက်ပင်ပန်းပြီး အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို အလှူရှင်ရှိမှ ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါ ထိန်းသိမ်းရေးစခန်းမှာ အကျဉ်းထောင်ထက်ဆိုးရွားစွာ နေထိုင်ရကြောင်း၊ လူ ၈၀ လောက်ဆံ့တဲ့အခန်းထဲမှာ လူပေါင်း ၁၅၀ ကျဉ်းကျပ်စွာနေရသလို အစားအသောက်ဆင်းရဲ သောက်သုံးရေမလောက်ငှလို့ အရေပြားရောဂါတွေ ကူးစက်နေကြောင်း၊ ၂ လ - ၃ လ လောက်သာနေရရင် သည်းခံအောင့်အည်းလို့ရပေမယ့် ၆ လ - ၇ လကျော်နေရတာမို့ ဆန္ဒပြရတာဖြစ်တယ်လို့ စခန်းထဲနေရသူနောက်တဦးကလည်း  ဒီဗွီဘီကို ပြောပါတယ်၊ 

“လူ ၈၀ လောက်ဆံ့တဲ့အခန်းထဲမှာ ၁၅၀ ကျော်ပြွပ်သိပ်ထားတယ်ဆိုတော့ စဉ်းစား သာကြည့်ပါတော့ခင်ဗျာ။ စီစီကင်မရာတွေ နေရာအနှံ့။ အိမ်သာထဲမှာပါတပ်ထားတာ၊ အမျိုးသမီးတွေရေချိုးနေတာကို အောက်ထပ်ကနေ စီစီကင်မရာကြည့်တဲ့သူက ယောကျ်ားတွေ၊ အပြင်လည်းမထွက်ရတော့ ဖုန်းကတ်တွေ၊  မုန့်ပဲသရေစာတွေ စခန်းမှာပဲ ဈေးကြီးပေးဝယ်ရတယ်၊ အပြင်မှာ ၅ ဘတ်လောက်တန်တဲ့ မုန့် ၁ ထုတ်ကို ၂၅ ဘတ်ပေးရတယ်၊ ရေကလာလိုက်မလာလိုက် ၊ဝဲတွေ၊ ယားနာတွေပေါက်တယ်။ သောက်ရေသန့်ကို မျှပြီးသောက်ရတယ်၊ အထဲမှာ အသက်ကြီးတဲ့လူ၊ နေမကောင်းတဲ့လူ၊ ကိုယ်ဝန်ဆောင်တွေရော ၊  မခံချင်ဆုံးက ကျနော်တို့ထက် နောက်မှရောက်လာတဲ့သူတွေက ပိုက်ဆံပေးနိုင်ရင် အရင်ပြန်ပို့ခံရတဲ့စာရင်းထဲ ပါသွားတယ်။  ၁ လတောင်မနေရဘူး။ ပိုက်ဆံမပေးနိုင်ဘဲ ပုံမှန်အလည့်ကျစောင့်နေတာ ၆ လ - ၇ လ ရှိတဲ့သူတွေ ခုထိစာရင်းထဲမပါသေးဘူး။ ၃ လလောက်စောင့်ရရင်ကို သည်းခံနိုင်ပါသေးတယ်။ အခုတရား လွန်လွန်းလို့ ဆန္ဒထုတ်ဖော်ရတာပါ။”

ရွှေ့ပြောင်းမြန်မာလုပ်သားတွေဟာ အချုပ်ခန်းတွင်းကနေ လွတ်ရက်စေ့ပြီး မြန်မာပြည်ပြန်ပို့ဖို့ ၆ လ၊ ၇ လခန့် စောင့်ဆိုင်းနေရပြီး အချုပ်မှာ ထမင်းတနပ်ပဲ ကျွေးသလို အိမ်သာတွေလည်း လုံလောက်မှုမရှိဘူးလို့ ရွှေ့ပြောင်းမြန်မာလုပ်သားတဦးက ဒီဗွီဘီကို ပြောပါတယ်။

လုပ်ထုံးလုပ်နည်းအရဆိုရင် ပြစ်ဒဏ်ကနေ လွှတ်ရက်စေ့သူတွေကို အခမဲ့ ပြန်လည်လွှဲ ပြောင်းပို့ဆောင်ပေးရမှာဖြစ်ပေမယ့် ငွေပေးနိုင်သူတွေ အရင်ပြန်ရကြောင်း၊ ၁ ဦးလျှင် ဘတ် ၁၂၀၀၀ လောက်ပေးရတယ်လို့ သိရပြီး ဘယ်သူကငွေယူပြီးဘယ်လိုလွှတ်ပေးတယ်ဆိုတာတော့ မသိရ ဘူးလို့ ဆိုပါတယ်။

အစာငတ်ခံပြီး အော်ဟစ် တောင်းဆို ဆန္ဒပြခဲ့တာကြောင့် ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းမှာ  ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက တာဝန်ရှိသူတွေရောက်လာပြီး နှစ်နိုင်ငံအာဏာပိုင်တွေ ညှိနှိုင်းရာမှာ ရွှေ့ပြောင်းမြန်မာလုပ်သားတွေကို မြန်မာနိုင်ငံဘက်က လာမယ့် ဖေဖော်ဝါရီ ၂ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ ပြန်လည်ခေါ်ယူမယ်လို့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေဆီက သိရပါတယ်။

အလုပ်သမားသံအရာရှိ ဦးတင်အောင်ဟာ ထိုင်းလဝက ထိန်းသိမ်းရေးစခန်းတာဝန်ရှိသူတွေနဲ့ရော ထိန်းသိမ်းခံမြန်မာနိုင်ငံသားတွေနဲ့ပါ တွေ့ဆုံပြီး လာမယ့် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ၂၂၀ ဦး ၊ ၈ရက်နဲ့ ၁၅ ရက်နေ့တွေမှာ ကျန်သူတွေကို မြန်မာပြည်ပြန်ပို့ပေးဖို့ ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ပြီးပြီလို့  ဘန်ကောက်မြန်မာသံရုံးကလည်း ဒီကနေ့ ထုတ်ပြန် ပါတယ်။

ကိုဗစ် ၁၉ ကူးစက်ကာလကြောင့် လူဦးရေကန့်သတ်ပြီး လွှဲပြောင်းနေရတဲ့အကြောင်းကိုလည်း အသိ ပေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ 

ရွှေ့ပြောင်းမြန်မာလုပ်သားတွေကို ကူညီပေးနေသူတဦးက “အရင်က မြန်မာဘက်ကခေါ်တာ တလမှာ တကြိမ် အများဆုံး ၁၇၀ ကျော်ခေါ်တယ်။ လာမယ့် ဖေဖော်ဝါရီလမှာ ၂ ကြိမ်ပြန်ခေါ်မယ်ဆိုတော့ အကုန်လုံးမခေါ်ဘဲ ကျန်ရစ်မှာလည်း စိုးရိမ်တယ်။ အဲလို အလုပ်သမားတွေကျန်ရစ်ပြီး နောက်ထပ်လွတ်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ထပ်ရောက်လာရင် မြန်မာလဝကကို လာဘ်ပေးမှုတွေဖြစ်လာပြီး မကျေနပ်မှုတွေ ရှိနေဦးမှာပဲ” လို့ ပြောပါတယ်။

အဆိုပါစခန်းမှာ လွှတ်ရက်စေ့မြန်မာ ၆၀၀ ကျော် ၇၀၀ နီးပါးရှိပြီး ဒီကနေ့လည်း နောက်ထပ် ၁၀၀ ကျော်ရောက်လာကြောင်း ၊ ဒါကြောင့် တာဝန်ရှိ သူတွေအနေနဲ့ ကတိပေးသွားတဲ့အတိုင်း မှန်မှန် ကန်ကန်ပြန်ပို့ပေးစေလိုတယ်လို့ စခန်းထဲနေသူ ၁ ဦးက ပြောသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013