DVB Logo
Home
မြန်မာသတင်း
စီးနင်းမည့်သူ နည်းပါးသဖြင့် မြန်မာ့မီးရထား ခရီးစဉ်အချို့ ဖျက်သိမ်း
DVB
·
January 29, 2023
စီးနင်းမည့်သူ နည်းပါးသဖြင့် မြန်မာ့မီးရထား ခရီးစဉ်အချို့ ဖျက်သိမ်း
Donate to DVB

မြန်မာ့မီးရထား လုပ်ငန်းဟာ အာဏာသိမ်းပြီးချိန်ကစလို့ လက်ရှိအချိန်ထိ ပုံမှန်အတိုင်း မလည်ပတ်နိုင်သေးဘဲ ဖြစ်နေတာပါ။ 

ဒီလအတွင်း ထပ်မံပြေးဆွဲနေတဲ့ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပုဂံ စတဲ့ ခရီးစဉ်တွေမှာလည်း နယ်မြေ မတည်ငြိမ်တာနဲ့ လိုက်ပါ စီးနင်းသူ မရှိသလောက် နည်းတာကြောင့် ခရီးစဉ်တချို့ ဖျက်သိမ်းနေရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်က ရန်ကုန်-ပုဂံ အမြန်ရထား အမှတ် ၆၁ အဆန်နဲ့ အမှတ် ၆၂ အစုန်ကို နေ့စဥ်ပြေးဆွဲမယ်လို့ ကြေညာခဲ့ပေမယ့် စီးနင်းသူ နည်းပါးတာကြောင့် တပတ်မှာ တရက်ပဲ ပြေးဆွဲနေတယ်လို့ မြန်မာ့မီးရထား၊ ရန်ကုန်ဘူတာကြီး လက်မှတ် အရောင်းဌာန တာဝန်ရှိသူ တဦးက ပြောပါတယ်။

"ပုဂံက သောကြာနေ့ တရက်တည်း ထွက်ပါတယ်။ သောကြာနေ့ ၄ နာရီ ၁၅ နေ့တိုင်းထွက်တယ်။ ၀ဇီရာရုပ်ရှင်ရုံရှေ့မှာ ရောင်းပါတယ်။ ရိုးရိုးတန်းက တရက်ကြိုရောင်းတယ်။ သောကြာနေ့ တရက်တည်း နေ့စဉ် ထွက်ပေးမယ်။ ပုဂံကနေဆို တနင်္ဂနွေ ၄း၁၅ ပြန်ထွက်မယ်။ တပတ်မှာ တကြိမ်စီပဲ ထွက်ပေးတယ်။ လောလောဆယ်တော့ အဆင်ပြေပါတယ်။ သွားနေကြတာပဲ။ Safe မဖြစ်လို့ မော်လမြိုင်ကို မနေ့က တရက် နားတယ်။ ဒီနေ့ ပြန်ထွက်ပေးတယ်။ အဲ့လိုလေး ရှိတာပေါ့။" 

ရန်ကုန်-ပုဂံ အမြန်ရထား စတင်ပြေးဆွဲတဲ့ ခရီးစဉ်မှာ ခရီးသည် ၅၄ ဦးသာ ရရှိခဲ့ပြီး၊ ခရီးစဉ် တကြောင်းကို ဆီဂါလန် ၅၀၀ ကျော် ကုန်တဲ့အတွက် တွက်ခြေမကိုက်တာကြောင့် နေ့စဥ် ပြေးဆွဲမယ့် ရထားခရီးစဉ်တွေကို ရပ်နားကာ တပတ်တရက်သာ ပြေးဆွဲနေပါတယ်။

ရန်ကုန်-ပုဂံ အမြန်ရထား လက်မှတ်ခတွေက ရိုးရိုးတန်း ၇,၂၀၀ ကျပ်၊ အထက်တန်း  ၁၄,၄၀၀ ကျပ်နဲ့ အထက်တန်းအိပ်စင် ၁၉,၈၀၀ ကျပ် အစားအစားရှိပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်-ပုဂံ အမြန်ရထား ကြိုတင်လက်မှတ် ဝယ်ယူဖို့ ရန်ကုန်ဘူတာကြီးကို သွားရောက်ခဲ့ပေမယ့် ခရီးစဉ် ထွက်မထွက် မသေချာတဲ့အတွက် လက်မှတ်ဝယ်ယူဖို့ အဆင်မပြေခဲ့ဘူးလို့ ကိုယ်တိုင်ကြုံရသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"သူတို့ရဲ့ သဘောတရားက ရက်ကြိုမရောင်းဘဲနဲ့ ဘယ်နေ့သွားမှာလဲ၊ သွားမယ့်ရက်ကို စုံစမ်း၊ စုံစမ်းပြီးတော့မှ သူတို့ရထား ထွက်တယ်ဆိုရင် အဲ့ဒီထွက်မယ့်ရက်ကို ရောင်းပေးမယ်။ ကျနော့် နေရာကနေ အဲ့နေရာကို လက်မှတ်သွားဝယ်တာ ၁ သောင်းကုန်တယ်။ ကုန်ကျစရိတ်က တခါ သွားတိုင်းမှာ ၂ သောင်း ကုန်တယ်။ Inquire သွားလုပ်တာ၂ ခါဆိုတော့ ၄ သောင်း ကုန်သွားတယ်။ လူနည်းတော့ စျေးမကိုက်တာလား မသိဘူး။ နေ့စဉ်ထွက်မယ့်ဟာက မထွက်ဖြစ်တော့ဘူး။”

လက်ရှိမှာ မြန်မာ့မီးရထားက နယ်ဝေး ရထားခရီးစဉ်များအဖြစ် ရန်ကုန်- မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-ပဲခူး၊ ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-မော်လမြိုင် စတဲ့ ခရီးစဉ်တွေ ပြေးဆွဲနေပြီး၊ လူစီးနဲ့ ကုန်တင်ရထား စုစုပေါင်း ၂၈ စီး ပြေးဆွဲတယ်လို့ သိရပါတယ်။ 

ရန်ကုန်- မန္တလေး ရထားပြေးဆွဲမှုဟာ အရင်က တနေကုန် ခရီးစဉ်ရှိပြီး၊ ခရီးသည် ထောင်ချီ လိုက်ပါစီးနင်းခဲ့ရာ အခုအခါ တရက်ကို နှစ်ကြိမ်သာ ပြေးဆွဲနေပါတယ်။

"မန္တလေးဘက်ကို နေ့စဉ် ထွက်တယ်။ ထွက်တဲ့အချိန်က ၃-၄၅၊ ညနေ ၅ နာရီ စုစုပေါင်း ၂ ကြိမ် ထွက်တယ်။ ခရီးသည်များခြင်း၊ နည်းခြင်းက ရထားရှိရင်တော့ ခရီးသည် ရှိတယ်။ ခရီးစဉ်က နေ့တိုင်းရှိတယ်။ ရန်ကုန်-မန္တလေး ရိုးရိုးတန်း လက်မှတ်ခက ၈၀၀၀၊ အထက်တန်း လက်မှတ်ခက ၁၆၀၀၀၊ ခရီးစဉ် ရှိနေရင် စီးလို့ရပါတယ်"လို့ မြန်မာ့မီးရထားမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်ကလည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာ ကျေးရွာမှာရှိတဲ့ ခလွန်ချောင်းကူး ရထားလမ်းသံတံတား မိုင်းဆွဲခံခဲ့ရပြီး မော်လမြိုင်-ရန်ကုန် ရထား ခရီးစဉ်ပြေးဆွဲမှု ယာယီ ရပ်နားခဲ့ပါတယ်။

အာဏာမသိမ်းခင်ကာလ မြန်မာ့မီးရထားဟာ ရန်ကုန် - မန္တလေး အမြန်ရထား  ၆ စင်း၊ စာပို့ရထား ၂ စင်း၊ ရန်ကုန် - မော်လမြိုင် - ရေး - ထားဝယ် ရထား ၆ စင်း၊ ရန်ကုန် - နေပြည်တော် ၄ စင်း၊ ရန်ကုန် - ပြည်၊ ပြည်- သာရဝေါ ရထား ၆ စင်း၊ ရန်ကုန် - ပဲခူး၊ ရန်ကုန် - ဥက္ကံ ၄ စင်းနဲ့ ရန်ကုန်မြို့ပတ်ရထား ခေါက်ရေ ရာကျော် ပြေးဆွဲနိုင်ခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရန်ကုန် - မန္တလေး စုန်/ဆန် ၂ စင်း၊ ရန်ကုန် - ပြည် စုန်/ဆန် ၄ စင်း၊ ရန်ကုန် - မော်လမြိုင် စုန်/ဆန် ၂ စင်း၊ ရန်ကုန် - ပဲခူး၊ ရန်ကုန် - ဉက္ကံ စုန်/ဆန် ၄ စင်း၊ ရန်ကုန်မြို့ပတ်ရထား ခေါက်ရေ ၁၀ ခေါက်ကျော်လောက်သာ ပြေးဆွဲပေးနေတယ်လို့ CDM မီးရထား အသိုင်းအဝိုင်းဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013