
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှာ ဇန်နဝါရီ ၂၈ ရက် မနက် ၈ နာရီလောက်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ် ၃ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စေတီပြင်ကျေးရွာဒေသခံတွေက ပြောပါတယ်။
"မီးစလောင်တဲ့ နေအိမ်မှာ လူ မနေဘူး။ ကလေး တယောက်က ဖယောင်တိုင်သွားထွန်းတယ်လို့ သိရတယ်။ အဲဒီဖယောင်းတိုင်မီးကတဆင့် မီးလောင်ပြီး အနီးကနေအိမ် ၂ လုံးပါ မီးလောင် သွားခဲ့ရတာ။"
စေတီပြင်ကျေးရွာရဲ့ မြောက်ဘက်က လူမနေတဲ့ နေအိမ်တလုံးမှာ ငါးတန်းအရွယ် ကျောင်းသား တယောက် ဖယောင်းတိုင်မီး ထွန်းထားရာက မီးလောင်ခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် အနီးနား က အုန်းမိုး၊ ဝါးထရံကာ နေအိမ် နှစ်လုံးကိုပါ ကူးစက်လောင်ကျွမ်းခဲ့ရတာလို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
မီးလောင်တဲ့ နေအိမ်တွေကတော့ ဦးကျော်ဝင်းယေ၊ ဦးမောင်ခင်သန်းနဲ့ ဦးကျော်ဝင်းတို့ရဲ့ နေအိမ်တွေဖြစ်ပါတယ်။
မီးလောင်တာကို စေတီပြင်ကျေးရွာ မီးသတ်ဌာနခွဲ နဲ့ ကျေးရွာသားတွေ ပူးပေါင်း ငြှိမ်းသတ်တာကြောင့် မနက် ၈ နာရီခွဲမှာ မီးငြိမ်းခဲ့ပါတယ်။