DVB Logo
Home
မြန်မာသတင်း
တရားမဝင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီနှင့် NLD၊ သပိတ်အင်အားစု များ တွေ့ဆုံဆွေးနွေး
DVB
·
January 28, 2023
တရားမဝင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီနှင့် NLD၊ သပိတ်အင်အားစု များ တွေ့ဆုံဆွေးနွေး
Donate to DVB

အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုက ကျင်းပမယ့် တရားမဝင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးအတွက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ တရားမဝင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်း လုပ်ငန်းကော်မတီ (Anti-Sham Election Joint Working Committee) ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ (NLD CWC)၊ သပိတ်အင်အားစုတွေနဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ပူးပေါင်းလုပ်ငန်းကော်မတီအနေနဲ့ NUCC က အတည်ပြုထားတဲ့ တရားမဝင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ ပတ်သက်တဲ့ ပူးတွဲဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို တင်ပြဆွေးနွေးခဲ့ပြီး NLD CWC နဲ့ သပိတ်အင်အားစုတွေကလည်း တရားမဝင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးဆိုင်ရာ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ပူးပေါင်းလုပ်ငန်းကော်မတီက တင်ပြဆွေးနွေးခဲ့တဲ့ တရားမဝင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေမှာတော့ သတင်းစကားတွေ၊ ပြည်တွင်းနဲ့ ပြည်ပ လုပ်ငန်းစဉ်တွေနဲ့ အကောင်အထည်ဖော်ရေးမူတွေ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် တရားမဝင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီအနေနဲ့ ဖက်ဒရယ် ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေကြတဲ့ တခြားသော မိတ်ဖက်အင်အားစုတွေနဲ့လည်း ဆက်လက်ပူး ပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

NLD ပါတီ ဗဟိုအလုပ်ကော်မတီက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကြိုးပမ်းမှုနဲ့ လုပ်ငန်းစဉ်တွေကို အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၈ ရက်တုန်းက ကြေညာချက် ထုတ်ပြန်ခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ပြည်သူတွေအနေနဲ့ ဇန်နဝါရီ ၉ ရက်ကနေ ၃၁ ရက်အထိ အကြမ်းဖက် ဖက်ဆစ်စစ်အုပ်စုရဲ့ တအိမ်တက်ဆင်း လူဦးရေစာရင်း ကောက်ယူခြင်း လုပ်ငန်းစဉ်ကို ငြင်းဆန်ပြီးတော့ မပူးပေါင်းကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။

NUG အစိုးရ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်မှာတော့ တအိမ်တက်ဆင်း မြေပြင်လူဦးရေစာရင်း ကောက်ယူနိုင်ရေးအတွက် အားပေးအားမြှောက်ပြု ဆောင်ရွက်ကြတဲ့ အဲဒီ အကြမ်းဖက် ဖက်စစ်စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးအဖွဲ့၊ လဝကအဖွဲ့တွေနဲ့ တခြား ဘယ်လိုဒေါက်တိုင်မဆို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ပြင်းပြင်းထန်ထန် တရားစွဲဆို အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့ပေမဲ့ စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီးနောက် မဲစာရင်းမှားတယ်လို့ အကြောင်းပြပြီး စစ်တပ်က တရားမဝင် အာဏာသိမ်းလိုက်တာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ် အဆုံးသတ်သွားခဲ့ပြီး မြန်မာနိုင်ငံအနှံ့အပြားမှာ သန်းနဲ့ချီတဲ့ ပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်တဲ့အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာမှာ စစ်တပ်က အကြမ်းဖက် ပစ်ခတ်သတ်ဖြတ် နှိမ်နင်းခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တော်လှန်ရေးအင်အားစုတွေက ခုတခါ အကြမ်းဖက် စစ်အုပ်စုက တဖက်သတ်ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကိုလည်း ပြည်သူတရပ်လုံး ဆန့်ကျင်တိုက်ဖျက်ဖို့ တိုက်တွန်းထားပြီး ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လူဦရေးစာရင်း ကောက်ယူမှုနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့နဲ့ ခြိမ်းခြောက်မှုတွေရှိပါက သတင်းပေးပို့ တိုင်ကြားဖို့ တောင်းဆိုထားပါတယ်။

စစ်ကောင်စီကတော့ နိုင်ငံတဝန်းက လူဦးရေစာရင်းတွေကို eID ကွန်ပျူတာဒေတာစနစ်နဲ့ ကောက်ယူနေသလို တဖက်မှာလည်း မမှန်ဝါဒဖြန့် ရုပ်သံသတင်းမီဒီယာတွေဖြစ်တဲ့ မြန်မာ့အသံနဲ့ မြဝတီ ရုပ်မြင်သံကြားတို့ကတဆင့် (E-voting) အီလက်ထရွန်းနစ်နည်းနဲ့ မဲပေးတဲ့စနစ်ကို ပြည်သူလူထုသိအောင် ထုတ်လွှင့်ရှင်းလင်းနေတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013