DVB Logo
Home
မြန်မာသတင်း
ပတ်စ်ပို့ သက်တမ်းတိုးရန် ဘန်ကောက် မြန်မာသံရုံးရှေ့ ညအိပ်တန်းစီ စောင့်ဆိုင်းနေရ
DVB
·
January 28, 2023
ပတ်စ်ပို့ သက်တမ်းတိုးရန် ဘန်ကောက် မြန်မာသံရုံးရှေ့  ညအိပ်တန်းစီ စောင့်ဆိုင်းနေရ
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက် မြန်မာသံရုံးမှာ စနေနေ့ တရက်တည်းသာ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ သက်တမ်းတိုးပေးနေတဲ့အတွက် ထိုင်းရောက် မြန်မာတွေဟာ သောကြာနေ့တိုင်း ညဘက်ကတည်းက သံရုံးရှေ့မှာ လာရောက်တန်းစီ ညအိပ်ပြီး တိုကင်နံပါတ်ကို ခက်ခက်ခဲခဲ ရယူနေရပါတယ်။

ထိုင်းရောက် မြန်မာလုပ်သား တစ်ဦးက "သံရုံးရောက်တော့ လူတွေအများကြီးရောက်နေပြီ။ တချို့တွေဆို ညအိပ်ပြီး စောင့်တာလည်း ရှိတယ်။ ကျနော်တို့ ရောက်သွားတော့ တန်းစီတာ နောက်ဆုံးမှာပေါ့။ ကျနော်တို့ နောက်မှာ တစ်ယောက်၊ နှစ်ယောက်ပဲ ရှိတော့တယ်။ ကျနော်က တန်းစီနေရင်းနဲ့ လူအုပ်ကိုကြည့်လိုက်တာ အဆင်မပြေတော့ အရှေ့ကနေ လူအများကြီးကြားကနေ အရ ဝင်တိုးတာ။ လူတိုင်းလည်း အဲ့လို တိုးတာပဲ။ တန်းစီရင် တနေကုန်သွားမှာ။ တချို့တွေဆို မူးလဲသူလဲ၊ ပစ်လဲသူကလဲ။ လူကြားထဲမှာ အတင်းတိုး၊ ဖုန်းတွေ ကွဲတဲ့သူကကွဲ အဲ့လိုမျိုး လူတိုးနေရတာပေါ့"လို့ပြောပါတယ်။

စနေနေ့ တရက်တည်းကို လူဦးရေ ၂၀၀ ကနေ ၄၀၀ အတွင်းသာ အကန့်အသတ်နဲ့ လုပ်ဆောင်ပေးနေတာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်ကစလို့  ထောင်နဲ့ချီတဲ့ လူအုပ်ကြီးဟာ စစ်ကောင်စီ သံရုံးရှေ့မှာ သောကြာညတိုင်း လာရောက် စောင့်ဆိုင်း တန်းစီနေတာ ၃ ပတ်ခန့်ရှိနေပါပြီ။ 

"တချို့တွေဆို အလုပ်မပိတ်လည်း လာရတယ်။ စနေနေ့လည်း အလုပ်မပိတ်ဘူးလေ။ ကျနော်တို့လည်း အတူတူ ခွင့်ယူပြီး လာရတယ်။ အချိန်တွေကုန်တယ်။ ငွေတွေကုန်တယ်။ တနေ့ကို ဘယ်လောက် ဘယ်လောက်ဆိုပြီး သူတို့နိုင်သလောက် လုပ်ပေးစေချင်တယ်။ ရုပ်ပျက်တာပေါ့။ မြန်မာနိုင်ငံသားတွေ အများကြီး သူများနိုင်ငံမှာ နေတာ။ အရင်တုန်းကလို အွန်လိုင်းစနစ်နဲ့ လုပ်စေချင်တယ်"လို့ ထိုင်းရောက် မြန်မာလုပ်သား တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

ထိုင်းအစိုးရဘက်ကတော့ မြန်မာရွှေ့ပြောင်း လုပ်သားတွေအတွက် Work Permit သက်တမ်းတိုး ကိစ္စတွေကို အချိန် ၅ လပိုင်းအထိ ထပ်တိုးပေးထားပါတယ်။

ဒါပေမဲ့ ထိုင်းရောက် မြန်မာလုပ်သားတွေကတော့ ပတ်စ်ပို့ သက်တမ်းတိုးရဖို့အရေး၊ ဗီဇာနဲ့ Work permit အချိန်မီ ရနိုင်ဖို့အရေးအတွက် ဘတ်ငွေ သောင်းနဲ့ချီကာ အကုန်အကျခံ လုပ်ဆောင်နေရတယ်လို့ ထိုင်းရောက် ပတ်စ်ပို့ အကျိုးဆောင်တွေက ပြောပါတယ်။

ထိုင်းနိုင်ငံမှ ပတ်စ်ပို့ အကျိုးဆောင်တစ်ဦးက "လောလောဆယ် ထိုင်းဘက်ကတော့ work permit တစ်နှစ်ပေးထာတယ်။ ၈၀၀ တန် စာအုပ်ကို ၈၀၀၀ နဲ့ပေးလုပ်နေရတာ။ ကျမတို့က လုပ်နေရတာ။ ၈၀၀၀၊ ၉၀၀၀၊ ၁၂၀၀၀ အထိတောင် ပေးလုပ်နေရတာ။ လက်ရှိ အခုပေါက်ဈေးက အနိမ့်ဆုံးဈေးက သံရုံးမှာဆိုရင်တောင် ၅၀၀၀ ရှိတယ်။ အမြင့်ဆုံးဈေးက ၈၀၀၀ အထိရှိတယ်၊ ခက်ခဲတာပေါ့။ စာအုပ်တအုပ်၊ ဗီဇာတစ်အုပ်ဖိုးနဲ့ စာအုပ်အသစ် လဲတာနဲ့ လူတယောက်ကို ၁၅၀၀၀၊ ၂၀၀၀၀ ကုန်နေတာ နည်းတဲ့ပိုက်ဆံမှ မဟုတ်တာ။ တကယ်ဆို ကျမတို့က အစဉ်အဆက်က ဟိုး ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂ လုပ်ခဲ့တာ ဘတ် ၄၀၀၀ နဲ့ ဗီဇာ ၂ နှစ် ၊ ဝါ့ပါ့မစ် ၂ နှစ် ဘတ် ၅၀၀၀ ပေးပြီး အလုပ်လုပ်ခဲ့တာလေ။ အခုဟာက စာအုပ်လေးကို တအုပ်ကို ၈၀၀၀ ၊၉၀၀၀။ ဗီဇာဖိုး မပါသေးဘူး။ work permit လည်း မပါသေးဘူး။ဘာမှ မပါဘဲကို ဒီလောက်ကုန်နေတာ၊ ဗီဇာ တစ်နှစ်၊ Work Permit တစ်နှစ် ရဖို့တောင်မှ ဘတ် ၁၅၀၀၀ ၊ ၂၀၀၀၀ ကုန်နေတဲ့ အနေအထားနဲ့ လုပ်နေရတာ"လို့ ပြောပါတယ်။

ဘန်ကောက် မြန်မာသံရုံးဟာ ထိုင်းရောက် MoU လုပ်သားတွေအတွက် အလုပ်သမား အယောက် ၁,၀၀၀ အထက်ရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို Mobile Team စေလွှတ်ပြီး ပတ်စ်ပို့ သက်တမ်းတိုး ဆောင်ရွက်ပေးတာတွေကို အလှည့်ကျ လုပ်ပေးနေပြီး ကျန်တဲ့ လူဦးရေ ၁,၀၀၀ အောက် စက်ရုံ၊ အလုပ်ရုံတွေကိုတော့ သံရုံးမှာ အလှည့်ကျ ခေါ်ယူ လုပ်ဆောင်ပေးနေပါတယ်။

လက်ရှိ မြန်မာ တနိုင်ငံလုံးမှာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွေအားလုံးကို ရပ်နားထားတာကြောင့် ပြည်ပထွက် ဆေးကုသမယ့်သူ။ ကျောင်းတက်မယ့်သူ။ အလုပ်လုပ်မယ့်သူ စတဲ့ နည်းမျိုးစုံနဲ့ ပြည်ပကို သွားရောက်မယ့်သူတွေ အခက်အခဲတွေ ကြုံ‌နေရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013