DVB Logo
Home
မြန်မာသတင်း
ဥပဒေသစ်ဟာ ကြံ့ခိုင်ရေးပါတီတခုတည်းဆက်ရပ်တည်နိုင်ရန် လုပ်ဆောင်ခြင်းဖြစ်ဟု လူ့ဘောင်သစ်ပါတီပြော
DVB
·
January 28, 2023
ဥပဒေသစ်ဟာ ကြံ့ခိုင်ရေးပါတီတခုတည်းဆက်ရပ်တည်နိုင်ရန် လုပ်ဆောင်ခြင်းဖြစ်ဟု လူ့ဘောင်သစ်ပါတီပြော
Donate to DVB

နိုင်ငံတဝန်း ပါတီဝင်အရေအတွက် အနည်းဆုံး ၁ သိန်းစည်းရုံးဖို့နဲ့  ပါတီရန်ပုံငွေကျပ် သိန်း ၁၀၀၀ ရှိရမယ့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကို ပြဋ္ဌာန်းလိုက်တာဟာ ကြံ့ခိုင်ရေးပါတီ တပါတီပဲ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ဖို့ လုပ်ဆောင်လိုက်တာလို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောဆိုလိုက်ပါတယ်။

နိုင်ငံတဝန်း ပါတီဝင်အရေအတွက် အနည်းဆုံး ၁ သိန်းစည်းရုံးဖို့နဲ့  ပါတီရန်ပုံငွေကျပ် သိန်း ၁၀၀၀ ရှိရမယ့်   နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကို  အာဏာသိမ်း စစ်ကောင်စီက ဇန်နဝါရီ ၂၆ ရက်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုးပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုက မတရားအာဏာသိမ်းတာဖြစ်တဲ့အတွက် သူလုပ်ဆောင်သမျှ တရားမဝင်ကြောင်းနဲ့ ဥပဒေအရကြည့်ရင် ပါတီတခုတည်းကိုပဲ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်တိုင်ရေး လုပ်ဆောင်တာလို့ ဦးအောင်မိုးဇော်က ပြောပါတယ်။

“စစ်အုပ်စုဟာ တရားဝင်တဲ့အစိုးရမဟုတ်ဘူး။ တရားမဝင် အာဏာသိမ်းထားတာဖြစ်တယ်။ ဆိုတော့ ဒီစစ်အုပ်စုပြောတဲ့ကိစ္စတွေ လုပ်တဲ့ကိစ္စတွေ အကုန်လုံးက သူတို့အတွက်ပဲ သူတို့ လုပ်တာဖြစ်တယ်။ ဆိုတဲ့အခါကျ‌တော့ အဲဒါနဲပတ်သက်ပြီး ကျနော်တို့ ဘာမှ မပြောချင်ဘူး၊ စိတ်လည်းမဝင်စား၊ ဒါက တခုပေါ့နော်။ ဒါပေမယ့် ဥပဒေနဲ့ပတ်သက်လို့ အဓိက ပြောပါလို့ ပြောရမယ်ဆိုလို့ရှိရင် ကြိမ်းသေတာက ဒီကြံ့ခိုင်ရေးပါတီတခုတည်းပဲ နိုင်ငံရေးပါတီအဖြစ် ဆက်ရပ်တည်ဖို့အတွက်ကို  သူတို့ လုပ်တဲ့ကိစ္စဖြစ်တယ်။ နောက်တခုက ပြည်နယ်တွေက ပါတီတွေ၊ အထူးသဖြင့် ဗမာမဟုတ်တဲ့ တိုင်းရင်းသားပါတီတွေကို ကိုယ့်ပြည်နယ်မှာ ကိုယ်လုပ်ဆိုတဲ့ အချိုးမျိုးကို လုပ်တာဖြစ်တယ်။ ကြိမ်းသေတာက သူ့ပါတီတခုတည်းကိုပဲ၊ သူရှင်သန်အောင် သူကြိုးစားပြီးတော့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားပါတီကို ကိုယ့်ပြည်နယ်မှာ ကိုယ်ပြန်ပြီးတော့လုပ်ဆိုတဲ့ အပေါက်မျိုးချိုးတာလို့ ကျနော်တော့ အဲလိုပဲ ကျနော်ယူဆပါတယ်။”

မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီတွေ များပြားနေပြီး ပါတီအလိုက်ပြည်သူကို ကိုယ်စားပြုနိုင်မှုမှာ အားနည်းနေကြောင်းနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ဇန်နဝါရီ ၂၄ ရက် စစ်ကောင်စီ အစည်းအဝေးမှာ ပြောကြားခဲ့ပြီး ရက်ပိုင်းအတွင်း ဒီဥပဒေသစ်ထွက်လာတာဖြစ်ပါတယ်။

ဥပဒေသစ်အရ ပြည်ထောင်စုတဝန်းလုံးမှာ စည်းရုံးမယ့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုတဲ့ နေ့ရက်ကနေစလို့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁ သိန်းကို စည်းရုံးရမှာဖြစ်ပြီး၊ တိုင်းနဲ့ ပြည်နယ်တခုအတွင်းမှာသာ စည်းရုံးမယ့်ပါတီဆိုရင်တော့  ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ စည်းရုံးရမယ်လို့ဆိုပါတယ်။

ကရင်ပြည်နယ်ခြေစိုက် ပါတီတခုဖြစ်တဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးကတော့ အဲဒီပြဋ္ဌာန်းချက်အသစ်က နိုင်ငံတဝန်းပါတီအတွက် ရည်ညွှန်းတာဖြစ်ပြီး ပြည်နယ်ပါတီအနေနဲ့ ကြိုးစားရမယ်လို့ ပြောပါတယ်။

“အဲဒါက တပြည်လုံးကို လွှမ်းခြုံတဲ့ပါတီပါ။ ကျနော်တို့ ပြည်နယ်မှာတော့ ပါတီဆိုလို့ရှိရင် သိန်း ၁၀၀၀ မဟုတ်ပါဘူး။ သိန်း ၁၀၀ ပါ။ သိန်း ၁၀၀ နဲ့ ပါတီဝင် ၁၀၀၀ ပဲလေ။ အဲတော့ ကျနော်တို့ အဲဒါကတော့  ကျနော်တို့ နည်းနည်းလေး ချိန်တွက်ကြည့်ရမှာပေါ့။ လုပ်နိုင်တယ်ဆိုရင်လုပ်မယ်။ မလုပ်နိုင်ဘူးဆိုရင် မလုပ်ဘူးပေါ့။”

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီကတော့ စစ်အုပ်စုက ကျင်းပမယ့် ရွေးကောက်ပွဲ ဝင်ရေးမဝင်ရေး အခြေအနေ ကြည့်ပြီးပြောရမှာဖြစ်ပြီး လတ်တလော ဘာမှမဆုံးဖြတ်ရသေးဘူးလို့ မန်းအောင်ပြည်စိုးက ပြောပါတယ်။

အရင် နအဖလက်ထက်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေပြဋ္ဌာန်းထားတဲ့ ဥပဒေမှာတော့ ပြည်ထောင်စု တဝန်းလုံးမှာ စည်းရုံးမယ့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုတဲ့ နေ့ရက်ကနေစလို့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ စည်းရုံးရမှာဖြစ်ပြီး၊ တိုင်းနဲ့ ပြည်နယ်တခုအတွင်းမှာသာ စည်းရုံးမယ့်ပါတီဆိုရင်တော့  ပါတီဝင်ဦးရေ အနည်းဆုံး ၅၀၀ စည်းရုံးရမယ်လို့ ပြဋ္ဌာန်းခဲ့တာပါ။

လက်ရှိနိုင်ငံရေးပါတီတွေအားလုံးဟာ ဥပဒေသစ်အရ ပြန်လည် မှတ်ပုံတင်ရမှာဖြစ်ပြီး မှတ်ပုံ ပြန်မတင်တဲ့ ပါတီတွေအားလုံး အလိုအလျောက် ပျက်သွားပြီလို့လည်း စစ်ကောင်စီရထုတ်ပြန်တဲ့ ဥပဒေသစ်မှာ ပြဋ္ဌာန်းထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013