DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် လူသတ်မှုသံသယဖြင့် ဖမ်းဆီးခံရသူ ၁ ဦး ပြန်လွှတ်
DVB
·
January 27, 2023
စစ်တွေတွင် လူသတ်မှုသံသယဖြင့် ဖမ်းဆီးခံရသူ ၁ ဦး ပြန်လွှတ်
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပြည်နယ်စစ်ကောင်စီရုံးအနီးမှာ မနှစ် သြဂုတ် ၁၅ ရက်နေ့က ပလတ်စတစ်အရောင်းဆိုင် စာရေးမ မနွယ်သန္တာဝင်း အသတ်ခံရမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သံသယတရားခံအဖြစ် ဖမ်းဆီးတရားစွဲဆိုခဲ့တဲ့ ကိုမျိုးချစ်စိုးကို စစ်တွေအကျဉ်းထောင်တရားရုံးက အပြစ်မရှိဟုဆိုကာ ဇန်နဝါရီ ၂၇ ရက် ရုံးချိန်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ မိခင်ဖြစ်သူက အတည်ပြု ပြောပါတယ်။

ကိုမျိုးချစ်စိုးမှာ အပြစ်မရှိဘူးလို့ တရားရုံးက ဆုံးဖြတ်လိုက်တာကြောင့် တရားသေ လွတ်မြောက်လာတာလို့ မိခင်ဖြစ်သူ ဒေါ်လှသိန်းနွယ်က ပြောပါတယ်။

“ကျမသားလေး ပြန်လွတ်မြောက်လာပါပြီ။ တရားသေလွှတ်ပေးလိုက်တာပါ။ ပြစ်မှုကျူးလွန်မှု မရှိတာကြောင့် စစ်တွေအကျဉ်းထောင် တရားရုံးက ပြန်လွှတ်ပေးလိုက်တာပါ။ အခုတော့ အဒေါ်ဖြစ်သူရဲ့အိမ်ကို ရောက်နေပါပြီ။”

ကိုမျိုးချစ်စိုးကို စစ်တွေမြို့ မြို့မရဲစခန်းမှ စခန်းမှူး ဆန်းကျော်ထွန်းက တရားလိုလုပ်ကာ တရားစွဲဆိုခဲ့တာဖြစ်ပြီး အဲဒီအမှုနဲ့ပတ်သက်လို့ လိုပြသက်သေတွေနဲ့ ခံပြသက်သေတွေက ကိုမျိုးချစ်စိုး အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ကြပြီး တရားလိုဖြစ်သူ တဦးတည်းကသာ အပြစ်ရှိတယ်လို့ စွပ်စွဲခဲ့တာဖြစ်တယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်က စစ်တွေမြို့မှာ မနွယ်သန္တာဝင်း အသတ်ခံရမှုနဲ့ စွပ်စွဲပြီး သြဂုတ် ၁၆ ရက်နေ့မှာ ရဲတပ်ဖွဲ့ဝင်တွေက ကိုမျိုးချစ်စိုးကို ဖမ်းဆီးခဲ့ကာ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၀၂ (လူသတ်မှု) နဲ့ စစ်တွေမြို့မရဲစခန်းမှူး ဆန်းကျော်ထွန်းက တရားလိုလုပ်ကာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

မနွယ်သန္တာဝင်း သေဆုံးမှုနဲ့ပတ်သက်ပြီး တရားခံပေါ်ပေါက်ရေးအတွက် စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့ နှစ်ဖွဲ့လုံးက တရားခံဖော်ထုတ်နိုင်ဖို့ သံသယဖြစ်ဖွယ်လူတွေကို အပြန်အလှန် ဖမ်းဆီး စစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။

မနွယ်သန္တာဝင်းအမှုမှာ လူသတ်မှု ကျူးလွန်သူကို သူ့ရဲ့ ကိုယ်တိုင်ဝန်ခံထွက်ဆိုချက်နဲ့အတူ တရားခံအစစ်ဖြစ်သူ ဆိုင်မန်နေဂျာ ကိုမျိုးမြင့်ဇော်ကို ဖမ်းဆီးထိန်းသိမ်းထားပြီဖြစ်တယ်လို့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) ဘက်က သြဂုတ် ၃၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ပြစ်မှုကျူးလွန်သူကို ဘယ်လိုပြစ်ဒဏ်ချမှတ်ထားတယ် ဆိုတာကို တရားဝင် ထုတ်ပြောဆိုတာ မရှိသေးပါဘူး။

အသက် ၁၈ နှစ်အရွယ် မနွယ်သန္တာဝင်းဟာ သြဂုတ် ၁၅ ရက်နေ့က ဘောလုံးကွင်းရပ်ကွက်၊ မေယုလမ်းရှိ “Luminous/Livguard” ပလတ်စတစ်ပစ္စည်းအရောင်းဆိုင်မှာ အရောင်းစာရေးမအဖြစ် အလုပ်လုပ်ကိုင်နေစဉ် အသတ်ခံခဲ့ရတာဖြစ်ပြီး ဓားထိုးဒဏ်ရာနှစ်ချက်၊ မျက်နှာ၊ မေးစေ့တို့မှာ ညိုမဲဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013