DVB Logo
Home
မြန်မာသတင်း
ပခုက္ကူ လ.ဝ.ကရုံး လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ၊ မြိုင်မြို့နယ်၌ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
January 27, 2023
ပခုက္ကူ လ.ဝ.ကရုံး လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ၊ မြိုင်မြို့နယ်၌ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ
1 / 3
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဇန်နဝါရီ ၂၆ ရက် ညနေက မြို့နယ် လ.ဝ.က ရုံး လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၇ ယောက် အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူမြေအောက်တော်လှန်ရေးတပ်ဖွဲ့ (PKU UG) ကနေ သိရပါတယ်။

ပခုက္ကူမြို့ လ.ဝ.က ရုံးကို မနေ့ညနေ ၄ နာရီကျော်လောက်မှာ စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲ ကျင်းပဖို့ လူဦးရေစာရင်းပြုစုနေတာကြောင့် လက်ပစ်းဗုံနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ PKU UG တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကံကောင်းက ဒီဗွီဘီကို ပြောပါတယ်။

“စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတာကို တိုက်ခိုက်ဖို့ အစီစဥ်ဆွဲခဲ့တာ ၃ ပတ်လောက်တော့ရှိပြီဗျ။ သူတို့ဘက်က ​ကံဆိုးချင်တော့ မနေ့က ဖြစ်စဥ်မှာ အဲဒီ လ.ဝ.က ရုံးက ဝန်ထမ်းတွေဟာ စစ်ကောင်စီတပ်သားနဲ့ ရဲ ၅ ယောက်အပါအဝင် ပျူစောထီးတွေနဲ့ မြို့ပေါ်ရပ်ကွက်တွေကို လူဦးရေစာရင်းကောက်ပြီး ရုံးကို ပြန်ရောက်တဲ့အချိန်မှာ တိုက်ခိုက်ခဲ့လို့ ရဲနဲ့ပျူစောထီး ၇ ယောက်လောက် အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်။” 

အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူလူထုစီကနေ မတရားအာဏာသိမ်းပြီး သူတို့ရဲ့ထွက်ပေါက်တခုဖြစ်တဲ့ အတုအယောင်ရွေးကောင်ပွဲ ပြုလုပ်ဖို့ ပြင်ဆင်နေတာကို လုံးဝ လက်မခံနိုင်လို့ "လက်တုံ့ပြန်" စစ်ဆင်ရေးပြုလုပ်လိုက်တာလို့ ကိုကံကောင်းက ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မ တွေ့ရသေးပါဘူး။

ပခုက္ကူခရိုင်အတွင်း မြိုင်မြို့နယ်နဲ့ ရေစကြို မြို့နယ်တွေမှာလည်း ဇန်နဝါရီ ၃ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ခံနေတဲ့ မြို့နယ် လ.ဝ.က ရုံးတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာလည်း ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ယောက်သေဆုံးကာ ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။

မြိုင်မြို့နယ် ကျောက်ခွက်ရေနံမြေ Well-2 ကျောက်ခွက်ရေနံမြေကနေ တဲကြီးရွာဘက်ကို ခြေလျင် ရှေ့ပြေးစစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်သား ၁၅ ယောက်ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းပွိုင့် အကြီးအသေး ၇ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ မြိုင်ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပေါက်မြို့နယ် ကျေးရွာကာကွယ်ရေးတပ်ဖွဲ့နဲ့ ပူပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်သား ၂ ယောက်နဲ့ ပျူ ၁ ယောက် နေရာမှာတင် ပွဲချင်းပြီးသေဆုံးကာ စစ်သား ၃ ယောက်၊ ပျူ ၂ ယောက် ဒဏ်ရာရရှိသွားပြီး လူနေတဲ ၂ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

“ဖောကား ၄ စီးနဲ့ နောက်ချန်စစ်ကြောင်း အင်အား ၅၀ လောက်ဟာ တဲကြီးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားပြီး ရွာအနီးပတ်ဝန်းကျင်မှာလည်း စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီး ၂၀ လောက်ကို ရှေ့ပြေးကင်းထောက်အဖြစ် စေလွှတ်ထားလို့ ကျနော်တို့တပ်ဖွဲ့က ဒရုန်းတွေနဲ့ အီနာဂါဗုံးသီး အများအပြားဖြုတ်ချပြီး တိုက်ခိုက်ခဲ့သလို လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်” လို့ ဗိုလ်လက်ယာက ပြောပါတယ်။

အဲဒီ စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ စစ်ကြောင်းကလည်း ရှေ့မတိုးရဲလို့ တဲကြီးရွာမှာပဲ တပ်စွဲထားရတယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ်မှာ ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီစစ်ကြောင်းနဲ့ ရိက္ခာပို့တဲ့ ကားတန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013