DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်လက်ထက် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု သိသိသာသာတိုးတက်လာ
DVB
·
January 27, 2023
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်လက်ထက် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု သိသိသာသာတိုးတက်လာ
Donate to DVB

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ခြောက်နှစ်ဆက်တိုက်လျော့ကျလာနေရာကနေ စစ်တပ်အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာတော့ ၃၃ ရာခိုင်နှုန်း ပြန်လည်တိုးတက်များပြားလာတယ်လို့ ဇန်နဝါရီလ ၂၆ ရက်က ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဘိန်းစိုက်ပျိုးမြေဟာ ၂၀၂၂ ခုနှစ်အတွင်း သုံးပုံတစ်ပုံ များပြားလာပြီး ဟက်တာ ၄၀၁၀၀ (ဧက ၉၉၀၀၀ ကျော်ခန့်) ထိတိုးတက်လာသလို၊ တစ်ဟက်တာ ( ၂ ဧကခွဲနီးပါး) လျှင် ဘိန်းကုန်ကြမ်းထုတ်လုပ်နိုင်မှုဟာ ၄၁ ရာခိုင်နှုန်းတိုးတက်လာပြီး ကီလို ၂၀ ခန့်အထိ ထုတ်လုပ်လာနိုင်ခဲ့တယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှုဟာ ၂၀၂၁ ခုနှစ်မှာ ၄၂၃ မက်ထရစ်တန်ထုတ်လုပ်ခဲ့ရာကနေ ၂၀၂၂ ခုနှစ်မှာ မက်ထရစ်တန်ချိန်ပေါင်း ၇၉၅ နီးပါးရှိခဲ့တာကြောင့် နှစ်ဆလောက် သိသိသာသာတိုးလာခဲ့တာဖြစ်ကြောင်းနဲ့ ဒါဟာ UNODC က စတင်မှတ်သားစာရင်းပြုစုခဲ့တဲ့ ၂၀၀၂ ခုနှစ်နောက်ပိုင်း အများဆုံးပမာဏဖြစ်ကြောင်း UNODC ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အခုလို ဘိန်းစိုက်ပျိုးမှု တိုးတက်များပြားလာရတာဟာ ပြီးခဲ့တဲ့ နှစ်နှစ်နီးပါးက မြန်မာစစ်တပ်ရဲ့ အာဏာလုယူခဲ့မှုကြောင့် နောက်ဆက်တွဲဖြစ်လာခဲ့ရတဲ့ နိုင်ငံရေး၊ စီးပွားရေး ပဋိပက္ခတွေနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိနေကြောင်း မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) ရဲ့ အရာရှိတစ်ဦးက ပြောပါတယ်။

UNODC ရဲ့ ဒေသဆိုင်ရာကိုယ်စားလှယ် ဂျရမီဒေါက်ဂလပ်စ်က“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာလုခဲ့ပြီး နောက်ဆက်တွဲဖြစ်လာခဲ့တဲ့ စီးပွားရေး၊ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးချို့ယွင်းပျက်စီးမှုတွေ စုပေါင်းကြုံလာတဲ့အခါ ပဋိပက္ခအများဆုံးကြုံတွေ့ရတဲ့ နယ်စွန်နယ်ဖျားဒေသတွေက လယ်ယာစိုက်ပျိုးသူတွေအတွက် တခြားရွေးချယ်စရာလမ်းမရှိဘဲ ဘိန်းစိုက်ပျိုးမှုဘက်ကိုပဲ ပြန်လှည့်သွားကြတယ်” လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းမှုကို အာဏာသိမ်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူဘက်က ဘာမှပြန်လည်ဖြေကြားခြင်းမရှိခဲ့ကြောင်း  The Straits Times စင်ကာပူ သတင်းစာမှာ ရေးပါတယ်။

အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ကျဆင်းလာခဲ့ပါတယ်။ ကျပ်ငွေတန်ဖိုးထိုးကျသွားခဲ့ပြီး အစားအသောက်နဲ့ လောင်စာဆီဈေးတွေ အဆမတန်တက်လာခဲ့ပါတယ်။

UNODC ရဲ့ မြန်မာနိုင်ငံဆိုင်ရာမန်နေဂျာ ဘန်နဒစ်ဟော့ဖ်မန်က “စီးပွားရေးတည်ငြိမ်မှုနဲ့ တခြားအစားထိုးနည်းလမ်းတွေမရှိဘဲနဲ့တော့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ ဆက်ပြီးတော့ ပျံ့ပွားထွန်းကားနေဦးမှာပဲ” လို့ ပြောပါတယ်။

တရုတ်၊ ထိုင်း၊ လာအိုနိုင်ငံတို့နဲ့ထိစပ်နေတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာတော့ ဘိန်းစိုက်ပျိုးမှုတိုးတက်လာတာအများဆုံးဖြစ်ပြီး တိုးတက်မှု ၃၉ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်အတွက် အစီရင်ခံစာဟာ ဂြိုလ်တုကနေ ရိုက်ကူးရရှိတဲ့ ဓာတ်ပုံတွေကိုအဓိကအသုံးပြုပြီး ဘိန်းစိုက်မြေကို တွက်ချက်ခဲ့ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ဘိန်းထုတ်လုပ်မှုတန်ဖိုးဟာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂ ဘီလီယံအထိ ရှိနိုင်ပြီး မူးယစ်ဆေးဝါးအများစုဟာ အိမ်နီးချင်းနိုင်ငံတွေထဲကိုသာမက ကမ္ဘာအနှံ့ ကဈေးကွက်တွေဆီကို မှောင်ခိုတင်ပို့ခြင်းခံနေရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Photo-UNODC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013