DVB Logo
Home
မြန်မာသတင်း
နယ်မြေ မတည်ငြိမ်မှုကြောင့် ကျိုက်ထီးရိုးကို ခရီးသွားများ မလာသင့်ဟုဆို
DVB
·
January 27, 2023
နယ်မြေ မတည်ငြိမ်မှုကြောင့် ကျိုက်ထီးရိုးကို ခရီးသွားများ မလာသင့်ဟုဆို
Donate to DVB

ကျိုက်ထီးရိုးဘုရားဖူးလာသူတချို့ ပစ်ခတ်ခံရလို့ သေဆုံးဒဏ်ရာရမှုတွေ ရှိနေပေမယ့် ကျိုက်ထီးရိုးဘုရားကို လာရောက် ဖူးမြော်သူတွေကတော့ ပုံမှန်အတိုင်း ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီအချိန်မှာ နိုင်ငံရေး မတည်ငြိမ်သေးတာကြောင့် ကျိုက်ထီးရိုးဘုရားကို ခရီးသွား ဧည့်သည်တွေ မလာရောက်သင့်သေးဘူးလို့ ကျိုက်ထို အခြေစိုက် လူမှုကူညီကယ်ဆယ်ရေး အသင်းတွေက ပြောပါတယ်။

ကျိုက်ထို အခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက "မသွားတာ အကောင်းဆုံးပဲ။ အခု တောက်လျှောက်က ပစ်နေခတ်နေကြတာ။ ဘုရားဖူးကတော့ လာတယ်။ ဒါပေမဲ့ လူအများကြီးတော့ မဟုတ်ဘူး။ ဖြစ်နိုင်ရင် နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့အခါ ဘုရားဖူး မလာတာ  အကောင်းဆုံးပဲ။ အန္တရာယ်က ဘယ်လိုမှ ပြောလို့မရဘူး။ ကိုယ့်အိမ်ထဲမှာ နေရင်တောင် စိတ်မှမချတာ။ နှစ်ဖက်စလုံးက မငြိမ်ဘူးလေ။ ဟိုဘက်ရော ဒီဘက်ရော လှော်နေကြတာ။ ပြည်သူလူထုက ဒုက္ခရောက်တာပေါ့" လို့ ဒီဗွီဘီကို ပြောပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံနားမှာ ဇန်နဝါရီ ၂၅ ရက်က ကျိုက်ထီးရိုး ဘုရားဖူး ကားတစီးပေါ် လက်နက်ကြီးကျခဲ့ပြီး ကားပေါ် လိုက်လာတဲ့ အမျိုးသား ၁ ယောက် သေဆုံးကာ ၇ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

လူမှုကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက“ကားခေါင်း အနောက်တည့်တည့်ခြမ်းကို တိုက်ရိုက်ကျတာ။ အဓိက ယောကျာ်းလေး တယောက် ထိသွားတယ်။ တယောက်က ဆုံးတယ်။ ကျန်တဲ့သူတွေက လက်နက်ကြီးစ မှန်တယ်။ ကျနော်တို့ ကားနှစ်စီးနဲ့ ကျိုက်ထိုဆေးရုံကို ရောက်အောင် ပို့ပေးခဲ့တယ်”လို့ပြောပါတယ်။

ဒီပစ်ခတ်မှုဟာNUG၊ CRPH လက်ဝေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ  ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့် သတင်းစာတွေမှာ  စွပ်စွဲထားပါတယ်။ ဒေသတွင်း တော်လှန်ရေး အင်အားစုတွေက သွားရောက်ပစ်ခတ်ခဲ့တာမျိုး မရှိသလို ဘယ်အဖွဲ့စည်းကမှ သွားရောက် လုပ်ဆောင်ခြင်း မရှိကြောင်း ဒေသခံ  PDF တပ်ဖွဲ့က တာဝန်ရှိသူတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၂ ရက်ကလည်း ကျိုက်ထီးရိုး ကင်ပွန်းစခန်း တောင်ခြေ တောင်တက် ကားဂိတ် ပစ်ခတ်ခံခဲ့ရပြီးနောက် အဲဒီပစ်ခတ်မှုကြောင့် အမျိုးသမီး ၃ ယောက် သေဆုံးကာ ရဲတပ်ဖွဲ့ဝင် တယောက်အပါအဝင် လူ ၁၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီ ပစ်ခတ်မှုဖြစ်စဉ်ပြီးနောက် ဘုရားဖူးဧည့်သည် အနည်းငယ် ပါးသွားပြီး လက်ရှိ ပုံမှန်ရက်တွေမှာ  ရင်ပြင်ကို ဘုရားဖူးဧည့်သည် ၁၀၀၀၊ ၁၈၀၀ ဝန်းကျင်၊ ရုံးပိတ်ရက်တွေမှာ ၅၀၀၀ ဝန်းကျင် လာရောက်လေ့ရှိတယ်လို့ ‌ဘုရားရင်ပြင်မှာ ဈေးဆိုင်ဖွင့်လှစ်ထားသူတွေဆီက သိရပါတယ်။

ကိုဗစ်နဲ့ အာဏာသိမ်းမှု မတိုင်ခင် ကျိုက်ထီးရိုးဘုရားကို နှစ်စဉ် ပြည်တွင်းပြည်ပ ခရီးသွား သန်းချီ လာရောက် ဖူးမြော်လေ့ရှိပြီး လက်ရှိမှာတော့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ခရီးသွား ဝင်ရောက်မှု သိသိသာသာ လျော့နည်းသွားခဲ့ပါတယ်။

ဘုရားရင်ပြင်မှာ ဈေးဆိုင်ဖွင့်လှစ်ထားသူတဦးက "ဘုရားဖူးက အရင်တိုင်းပဲ။ ပုံမှန်တိုင်းလာတယ်။ စစ်တပ်က လုံခြုံရေးယူထားတယ်ဆိုပြီး အရင်တခေါက်က ဖြစ်တဲ့ကိစ္စနဲ့ သူတို့က အကုန်လုံးကို နည်းနည်းကြီးကြပ်ထားတာပေါ့။ ရင်ပြင်ပေါ်မှာတော့ အေးချမ်းတယ်။ လမ်းကြောင်းကတော့ ရှင်းတယ်။ အစစ်အဆေးတွေ ဘာတွေ သိပ်မရှိဘူး။ ညောင်ခါးရှည်ဂိတ်မှာ နည်းနည်းလေး ကားစစ်တာ ရှိမယ်။ အဲ့လိုမျိုး သတင်းကြားတယ်ဆို ဧည့်သည်တွေအနေနဲ့ တချို့က လာကြတယ်။ တချို့က နည်းနည်း ရှိန်သွားတယ်"လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ပစ်ခတ်မှု မဖြစ်ပွားခင် သြဂုတ်ကနေ အောက်တိုဘာအထိ ၃ လအတွင်း ကျိုက်ထီးရိုးဘုရားကို လာရောက်တဲ့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ၂၀၀၀ ကျော်ရှိခဲ့ပါတယ်။ ပြည်ပ ခရီးသွားတွေထဲမှာ ထိုင်းနိုင်ငံက အများဆုံး အဓိက လာရောက်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကျိုက်ထီးရိုးဘုရားကို မှီတည်ပြီး စားဝတ်နေရေး လုပ်ကိုင်နေကြတဲ့  ဒေသခံတွေဟာ နယ်မြေ တည်ငြိမ်အေးချမ်းဖို့နဲ့ ခရီးသွားဧည့်သည် အများအပြားလာရောက်ဖို့သာ အဓိက မျှော်လင့်နေကြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013