
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို လာရောက်ခဲ့တဲ့ နိုင်ငံခြား ခရီးသွားတွေထဲမှာ မြန်မာနိုင်ငံသားတွေက အများဆုံး ဖြစ်နေတယ်လို့ မီဇိုရမ်ခရီးသွားဌာနရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။
မီဇိုရမ်ကို ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားသားခရီးသွား စုစုပေါင်း ၁၄,၅၅၈ ယောက်ရှိပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံသား ၁၁,၀၀၀ နီးပါးအထိ ပါဝင်နေတာပါ။
မီဇိုရမ်ပြည်နယ်ဟာ ချင်းပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေသလို စစ်ဘေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေ အဓိက ခိုလှုံရာဒေသလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်ပမှာ ပညာသင်ကြားနေသူတွေနဲ့ အလုပ်လုပ်ကိုင်နေသူတွေဟာ မိဘနေရပ်ဆီ ပြန်တဲ့အခါ မြန်မာနိုင်ငံအစား မီဇိုရမ်ပြည်နယ်ကိုသာ ပြန်လာနေကြရတယ်လို့ သိရပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး ချင်းရေးရာအဖွဲ့ချုပ် (ICA) မှ ဆလိုင်းဗန်ဆွီးဆန်က “မီဇိုရမ်ကို အလည်လာတဲ့အထဲမှာ မြန်မာတွေ အများဆုံးဖြစ်တယ် ဆိုတာက မြန်မာပတ်စ်ပို့ ကိုင်ဆောင်ထားပြီး တရားဝင်လာတဲ့သူတွေကို သူတို့ စာရင်းလုပ်ထားတာ ဖြစ်ပါတယ်။ မီဇိုရမ်ဘက်မှာ သူတို့အမျိုးတွေက ပိုရှိတဲ့အခါကျတော့လေ၊ မြန်မာပြည်ဘက်ကလည်း ဝင်ဖို့အတွက်က အဆင်မပြေတဲ့အခါကျတော့ မီဇိုရမ်ကို တပတ်တန်သည်၊ ၂ ပတ်တန်သည် အဲဒီလိုလာတာကတော့ အများဆုံးပေါ့။ နိုင်ငံခြားမှာ ကျောင်းတက်တဲ့သူတွေက မီဇိုရမ်မှာ စစ်ဘေးဒုက္ခသည်တွေ refugee အကြောင်းတွေကို သုတေသနလာလုပ်တဲ့ဟာတွေက အများဆုံးပေါ့နော်” လို့ ပြောပါတယ်။
မီဇိုရမ်ပြည်နယ်ဟာ ချင်းပြည်နယ်တင်မကဘဲ ရခိုင်နဲ့ စစ်ကိုင်းတိုင်းက ပြည်သူတွေရဲ့ ကျန်းမာရေးအတွက်ပါ အဓိက အားကိုးနေရတဲ့ဒေသ ဖြစ်ပါတယ်။
အထူးသဖြင့် စစ်တပ်ရဲ့ ဖြတ်လေးဖြတ် ပိတ်ဆို့မှုတွေကြောင့် ဆေးဝါးသယ်ယူရ ခက်ခဲနေချိန်မှာ မီဇိုရမ်ပြည်နယ်ဘက်ကနေ ဆေးဝါးတွေကို အဓိက တင်သွင်းနေရတာပါ။
မီဇိုရမ်အစိုးရအနေနဲ့ မြန်မာဘက်က လာရောက်တဲ့ စစ်ရှောင်တွေအတွက် စခန်းတွေ တည်ဆောက်ပေးတာနဲ့ ရိက္ခာထောက်ပံ့တာတွေကို လုပ်ဆောင်ပေးနေပါတယ်။
ဒါကြောင့်လည်း မီဇိုရမ်ပြည်နယ်ဟာ မြန်မာစစ်ဘေးဒုက္ခသည်တွေအတွက် “ဒုတိယနေအိမ်” လိုမျိုး ခံစားရတယ်လို့ စစ်ဘေးရှောင်တယောက်က ဆိုပါတယ်။
“နိုင်ငံရေးက တည်ငြိမ်မှုမရှိသေးတော့ ကိုယ့်ပြည်ဒေသမှာ နေလို့ထိုင်လို့မရတော့ မီဇိုးပြည်ဘက်ကို ကူးထားတဲ့သူတွေ များတယ် ထင်တယ်။ ကိုယ့်နိုင်ငံလည်း မဟုတ်ဘဲနဲ့ တည်းရမဲ့အိမ်လည်း မရှိ၊ လာတုန်းမှာတော့ စစ်ရှောင်ဘဝဆိုတော့ နေထိုင်နိုင်ဖို့ရန်အတွက် ခွင့်ပေးတယ်။ ပြီးမှ နေရာတွေ နေရာထိုင်ခင်းတွေ ပြင်ဆင်ပေးတယ်။ အဲဒီလောက်ထိ ကူညီနိုင်တဲ့အတွက်ကြောင့်မို့ သူတို့ဆီမှာ နေရတာ ပီတိဖြစ်တာပေါ့။ လူအချင်းချင်း စာနာတတ်တဲ့စိတ် တကယ့်ကို ကောင်းတယ်လို့ ကျနော့်အနေနဲ့ ခံစားရတာပေါ့။”
မီဇိုရမ်အစိုးရဟာ စစ်ဘေးရှောင်တွေကို ကူညီပေးနေသလို ချင်းပြည်နယ်ဘက်မှာ ကျန်ရှိနေသူတွေကိုလည်း ကျန်းမာရေးနဲ့ ပညာရေးကိစ္စတွေအတွက် ၇ ရက် နယ်စပ်ဖြတ်ကျော်ခွင့်နဲ့ လွတ်လပ်စွာ သွားလာခွင့်တွေ ပေးထားပါတယ်။
မီဇိုရမ်အစိုးရရဲ့ အချက်အလက်တွေအရ လက်ရှိ မီဇိုရမ်ပြည်နယ်ထဲမှာ ရောက်ရှိ နေထိုင်နေတဲ့ မြန်မာစစ်ဘေးရှောင်ဦးရေ ၄၀,၀၀၀ နီးပါး ရှိနေတယ်လို့ သိရပါတယ်။










