
စက်သုံးဆီ အခက်အခဲကြောင့် ကျိုက်ထီးရိုးတောင်တက်ကားခတွေကို မတ် ၂၃ ရက်က စတင်ကာ လူတယောက်ကို ၂,၀၀၀ ကျပ် တိုးမြှင့်ကောက်ခံတယ်လို့ ခရီးသွားလာသူတွေဆီက သိရပါတယ်။
တောင်တက်ကားခတွေကတော့ အရင်က နောက်ခန်း ကျပ် ၇,၀၀၀၊ ခေါင်းခန်း ကျပ် ၉,၀၀၀ ဖြစ်ပြီး မတ် ၂၃ ရက်ကစတင်ကာ နောက်ခန်း ကျပ် ၉,၀၀၀၊ ခေါင်းခန်း ကျပ် ၁၁,၀၀၀ နှုန်းအဖြစ် ၂,၀၀၀ တိုးမြှင့်ကောက်ခံတာလို့ ခရီးသွားပြည်သူတယောက်က ပြောပါတယ်။
"ကျိုက်ထီးရိုးတောင်တက်ကားခက တခေါက်သွားရင် စျေးတမျိုးပြောင်းတယ်။ အရင်နှစ်က နောက်ခန်း ၅,၀၀၀၊ ခေါင်းခန်း ၇,၀၀၀ ပြီးခဲ့တဲ့လကသွားတော့ နောက်ခန်း ၇,၀၀၀၊ ခေါင်းခန်း ၉,၀၀၀၊ မနေ့က ရောက်တော့ နောက်ခန်း ၉,၀၀၀၊ ခေါင်းခန်း ၁၁,၀၀၀ ပေးရတယ်။ ဆီမရလို့ ဈေးတက်တာလို့ ပြောတယ်။”
စစ်ကောင်စီက စုံ-မ စနစ်နဲ့ စက်သုံးဆီကို ခွဲတမ်းနဲ့ ရောင်းချတာကြောင့် တညအိပ် ဘုရားဖူးခရီးစဥ်တွေ ဖျက်သိမ်းရပြီး နေ့ချင်းပြန် ဘုရားဖူးခရီးစဥ်တွေလည်း လိုက်ပါသူနည်းလို့ တချို့ဘုရားဖူးကား တွေ နားထားရတယ်လို့ ခရီးသွားလုပ်ငန်းရှင်တယောက်က ပြောပါတယ်။
“စစ်တပ်ကထုတ်တဲ့ အမိန့်တွေက မြေပြင်နဲ့ အတော်လေးကွာဟမှုရှိတယ်။ ဘုရားဖူးကားတွေကို ခွင့်ပြုတယ်ဆိုပေမဲ့ တကယ်တမ်းသွားရင် အဖမ်းခံရတယ်။ မိုင် ၁၀၀ ကျော်ရင် ဆီထုတ်ရတယ် ဆိုတာလည်း အပိုပြောတာ။ တကယ်တမ်း ထုတ်လို့ရတဲ့ဆိုင် ရှားတယ်၊ အဲဒီတော့ တညအိပ် ခရီးစဥ်တွေကို ဖျက်ပြီး နေ့ချင်းပြန် စီစဥ်ရတော့ လူမပါဘူး။ တချို့ကားတွေ ဆီအခက်အခဲကြောင့် နားကြတယ်။”
ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းမှ ကျိုက်ထီးရိုးတောင်ပေါ် ရင်ပြင်တော်စခန်းအထိ ပြေးဆွဲရတဲ့ တောင်တက်မော်တော်ယာဥ်အစီးရေ ၁၅၀ ရှိပြီး စက်သုံးဆီအခက်အခဲနဲ့ ဈေးနှုန်း မြှင့်တက်မှုကြောင့် ကားခတိုးမြှင့်ကောက်ခံရတာလို့ တောင်တက် မော်တော်ယာဉ်အသင်းနဲ့ နီးစပ်သူက ပြောပါတယ်။
“တောင်တက်ကားခကို ၂ နှစ်နေမှ တကြိမ် တိုးကောက်တာပါၑ။ ၂၀၂၃ ခုနှစ်က နောက်ခန်း ကျပ် ၅,၀၀၀၊ ရှေ့ခန်း ၇၀၀၀။ ၂၀၂၅ နှစ်ကုန်မှ ရှေခန်း ၉,၀၀၀၊ နောက်ခန်း ၇,၀၀၀ အခု တိုးကောက်တာက စက်သုံးဆီ မရတာရယ်၊ ပြင်ပပေါက်ဈေးနဲ့ ဝယ်ရတာကြောင့်ပါ။”
မွန်ပြည်နယ် ကျိုက်ထို အပါအဝင် ၄ မြို့နယ်မှာ မတ် ၂၂ မှ ၂၄ အတွင်း စုံ၊ မ စနစ် ဖောက်ဖျက်တဲ့ မော်တော်ယာဥ် ၂၇ စီးနဲ့ ဆိုင်ကယ် ၂၂ စီးကို စစ်ကောင်စီက ဖမ်းဆီးအရေးယူထားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။








