
မေလ ၁ ရက်နေ့က တရုတ်နိုင်ငံမှာ ရထားတွေ၊ အဝေးပြေးကားတွေ၊ လေယာဉ်တွေ အသုံးပြုပြီး ခရီးသွားသူ သန်းနဲ့ချီ ရှိပြီး ခရီးသွားမှု စံချိန်တင် မြင့်တက်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
မေ ၁ ရက် တရက်တည်းမှာပဲ နိုင်ငံတဝန်း ရထားစီးသူ ၂၄ ဒသမ ၈ သန်း ရှိတယ်လို့ ရထားအာဏာပိုင်တွေက ခန့်မှန်းထားပြီး ခရီးသွားဦးရေ တိုးလာလို့ ရထားအပို ပြေးဆွဲမှု ၂,၀၇၀ ပြုလုပ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
အဝေးပြေးလမ်း အသုံးပြုတဲ့ ကားအရေအတွက်ကလည်း နေ့စဉ် ကားအစီးရေ သန်း ၇၀ အထိ ရောက်ရှိခဲ့တယ်လို့ ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
ဒါဟာ အလုပ်သမားနေ့ပိတ်ရက် တရက်တည်းမှာ အမြင့်ဆုံးကို ရောက်ခဲ့တာပါ။ မေ ၁ ရက်ကနေ ၅ ရက်အထိ ခရီးသည်တင်ယာဉ်တွေမှာ လူလိုက်ပါမှုကို ၇ ယောက်ထက် မပိုစေရဆိုတဲ့ အချက်ကိုလည်း ဒီကာလမှာ လျှော့ချပေးထားပါတယ်။
EV လျှပ်စစ်ကားတွေနဲ့ ခရီးသွားမှုကလည်း ၂၄ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ဆိုပါတယ်။ ရေလမ်းကြောင်းနဲ့ ခရီးသွားသူ ၉ ဒသမ ၂ သန်းရှိပြီး ဒါဟာ တနှစ်အတာအတွင်း ၆ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
ရေလမ်း ခရီးသွားသူတွေဟာ ချုံကျိုးရေလက်ကြားကို ဖြတ်သန်းမှု များပါတယ်။ မေ ၁ ရက်နေ့ တရက်တည်း ချုံကျိုးရေလက်ကြားမှာ ခရီးသွား ၁၂၀,၀၀၀ ကျော်ရှိပြီး အရင်နှစ်ကထက် ၆၀ ရာခိုင်နှုန်း ခရီးသွား တိုးလာတာ ဖြစ်ပါတယ်။
Source: Reuters










