DVB Logo
Home
မြန်မာသတင်း
၂ နှစ်ခန့်အတွင်း စစ်အုပ်စု ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၂,၈၉၀ ကျော်ထိ ရှိလာ
DVB
·
January 26, 2023
၂ နှစ်ခန့်အတွင်း စစ်အုပ်စု ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၂,၈၉၀ ကျော်ထိ ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်နီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၈၉၂ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၇,၄၈၁ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ အေအေပီပီက ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၃,၆၈၀ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၂,၁၇၃ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေတွက်ကတော့ ၁၀၁ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၃ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၇၇၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်ညနေ ၃ နာရီလောက်က တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာက နေအိမ်မှာ နေထိုင်ခြင်းမရှိဘဲ ရှောင်တိမ်းနေတဲ့ ဦးဇော်ဦးရဲ့ နေအိမ်ကို အကြမ်းဖက်စစ်အုပ်စု တပ်နဲ့ ပျူစောထီးအဖွဲ့တွေက ဝင်ရောက်ရှာဖွေ ချိပ်ပိတ်ခဲ့ပြီး အမျိုးသမီး ၂ ယောက်ကို ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရတဲ့ အမျိုးသမီး ၂ ယောက်ထဲက ၁ ယောက်က ဦးဇော်ဦးရဲ့ အစ်မဝမ်းကွဲဖြစ်ပြီး နောက် ၁ ယောက်ကတော့ မအိအိဖြိုး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၂၃ ရက်ကလည်း စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကျွန်းပင်သာကျေးရွာကနေ တမူးမြို့ထဲကိုသွားနေတဲ့ လူငယ် ၃ ယောက်ကို အကြမ်းဖက်စစ်အုပ်စုတပ်က ကွန်းတောင်းတပ်စခန်းရှေ့မှာ စစ်ဆေးမေးမြန်းပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲကာ ဖမ်းဆီးခဲ့ပြီးနောက် သတ်ဖြတ်ခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။ အဆိုပါလူငယ်တွေကတော့ ကျွန်းပင်သာကျေးရွာက လက်မင်ထန်၊ မြို့မ ၁၄ အပိုင်း၊ ချောင်းနက်ကြီးကျေးရွာက ရွှေမင်းထန်နဲ့ အသက် ၁၇ နှစ်အရွယ် ငမ်မင်းဟောင်တို့ ဖြစ်ကြပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ရုပ်အလောင်းတွေကို အကြမ်းဖက်စစ်အုပ်စုက မိသားစုဆီ ပြန်လည်ပေးအပ်ခြင်း မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013