DVB Logo
Home
Lead Story
ကြင်စိုး မျိုးကန်းပြီ (သရော်စာ)
DVB
·
January 26, 2023
ကြင်စိုး မျိုးကန်းပြီ (သရော်စာ)
Donate to DVB

(က)

သည်ရွာကလေးမှာ ခိုနားနေတာ လပေါင်းအတော်ကြာပြီဆိုပေမဲ့ မပျင်းရပါဘူးခင်ဗျာ။ ခင်ရာဆွေမျိုးတို့နဲ့ အရင်းတွေလိုဖြစ်နေပြီး ညည်းလည်း မညည်းရပါဘူး။ အထူးသဖြင့်တော့ စိတ်ထားကောင်းတဲ့ ‘လူရွှင်’ အဘတွေနဲ့ ဘဝတကွေ့မှာ ခဏတွေ့ဆုံခွင့်ရခဲ့တာကိုက စိတ်ချမ်းမြေ့စရာပါ။

ကိုယ်နှစ်သက်ရာအရောင်အသွေးကို နှစ်သက်သလို ဝတ်ဆင်နေထိုင်ပြီး ပြဿနာကြီးငယ် မပေါ်တာကိုက အေးချမ်းခြင်းလက္ခဏာ သဘောပေါ့ခင်ဗျာ။ တဖက်နဲ့တဖက် ခနဲ့တဲ့တဲ့ ရွဲ့တဲ့တဲ့ လုပ်ကြပေမဲ့ အကြီးအကျယ် စိတ်ဆိုးကြတာမျိုးလည်း ရောက်ကတည်းက မမြင်ရပါဘူး။

စိတ်ရွှင် သဘောရွှင်ပြီး ဉာဏ်ရွှင်လှတဲ့ အဘစောမူးသာ၊ စစ်ပြန်ကြီး အဘလုံးတုံး၊ အဘရစ်ချတ်၊ အဘထွန်းခင်တို့နဲ့ တဖက်စွန်းရောက် အစိမ်းရောင် ရပ်ကျေးဥက္ကဋ္ဌ အဘစိမ်းမောင်တို့ မိသားစုနဲ့တကွ နောက်လိုက်နောက်ပါ စိမ်းသရဖူစိမ်းတွေကြားမှာ မကြာခဏ ‘ဟား’ ခွင့်ရခဲ့တဲ့အခါ မွန်းကြပ်လေးလံနေတဲ့စိတ်တွေဟာ ပေါ့ပါးခဲ့ရပါတယ်။

ဒါတင်မက သူတို့တွေရဲ့ ငယ်ပေါင်းဖြစ်တဲ့ စိမ်းသရဖူစိမ်း ‘တောင်ကျောင်းဆရာတော်’ နဲ့ သူတို့တွေရဲ့ စကားဝိုင်းမှာများ သွားထိုင်မိခဲ့ရင် ကြားရကြားရ ‘နားဝ’ သာမက ‘နားအတွင်းထဲ’ အထိ စွဲငြိခဲ့ရတဲ့ ရယ်မောဖွယ်ရာလေးတွေကို ရယ်ရအခက် ဟားရအခက်ဆိုသလို အဖြစ်ပိုခဲ့ရတာလည်း အကြိမ်ကြိမ်။

လူသူငယ်ချင်း အချင်းချင်း ရိကြထေ့ကြရုံသာမက ဘုန်းကြီးသူငယ်ချင်းကိုပါမချန် ‘နှံ’ ကြတဲ့သူတွေမို့ ဖေကြီးတယောက် ဆရာတော်ရှေ့မှာ အတင်းကြီးချုပ်တီးကာ ပါးစပ်ပိတ်ပြီး ကြိတ်ရယ်ခဲ့ရတာလည်း မကြာခဏပါ ခင်ဗျ။

(ခ)

သည်နေ့လည်း ကျောင်းထဲက အုတ်ကျိုးအုတ်ပဲ့တွေ ကြွပ်ကြွပ်အိတ်အမှိုက်သရိုက်တွေ ရှင်းကြဖို့ သွားတဲ့အခါ ဖေကြီးကို အပါခေါ်လာလို့ လေရှီးက ဖေကြီးလည်း မျက်ခုံးတွေခပ်လှုပ်လှုပ်နဲ့ပဲ မရဲတရဲ လိုက်လာခဲ့ရတယ်လို့ ဆိုပါတော့ ခင်ဗျာ။

ရေနွေးကြမ်းဝိုင်းမှာ ဆရာတော်နဲ့ အစိမ်းမောင်တို့က ဦးဆောင်နေတာခင်ဗျ။ အဓိကအချက် ကတော့ ကြင်စိုး သာဝ မအလရဲ့ ‘သက်တမ်း’ ဟာ အခုလာမယ့် ဇန်နဝါရီလ ၃၁ ရက် ည ၁၂ ကျော်လို့ ဖေဖော်ဝါရီလထဲ မိနစ်ကူးတာနဲ့တပြိုင်နက် ‘ကုန်ပြီ’ ဆိုတာပါပဲ ခင်ဗျ။

“‘နစကဥက္ကဋ္ဌကြီး’ ဟာ ကတိတည်မယ့်သူပါကွ။ သူဟာ မလွှဲသာလို့သာ အာဏာသိမ်း . . . . . အဲလေ . . . အာဏာထိန်းခဲ့ရတာ”

“တင်ပါ့ဘုရား . . ‘ဖွဲ့စည်းပုံ’ အရ အာဏာကို တနှစ်ထိန်းခဲ့ပြီး ဥပဒေအရ နောက်ထပ် ၆ လ၊ ၆ လ နှစ်ခါအုပ်ချုပ်ခွင့်ကို ယူခဲ့ပါတယ်”

“ဟုတ်တယ်စိမ်းမောင်ရ . . . အခုလာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့ဆို ဥပဒေအရ ‘သက်တမ်းကုန်ပြီ’ ဆိုတော့ သြဂုတ်လမှာ ကျင်းပပေးမယ်လို့ ကမ္ဘာသိ ကြေညာပြောကြားထားတဲ့ ‘ရွေးကောက်ပွဲကတိ’ ကို သူဆက်ပြီး အကောင်အထည် ဖော်တော့မှာပေါ့လကွ”

အစိမ်းဆရာတော်နှင့် အစိမ်းဒကာတော်တို့ကား ဇာတ်တိုက်ထားသည့် ပြဇာတ်သရုပ်ဆောင်များပမာ အပြောအဆိုတွေက လုံးဝ ကွက်တိကိုဖြစ်လို့။ ဖေကြီးတို့ ဒီဘက်ခြမ်းမှာထိုင်နေတဲ့ အဘစောမူးသာတို့ စစ်ပြန်ကြီး အဘလုံးတုံးတို့ကတော့ ပြုံးစိပြုံးစိက နေပြီး ပြုံးဖြဲပြုံးဖြဲကြီးတွေ ဖြစ်လာနေကြပါပြီ ခင်ဗျ။ အဘစောမူးသာက ရေနွေးကြမ်းတခွက် မော့ချကာ အာရှင်းလိုက်သလိုပါပေ။ ပြီးတော့ စကားစပါ၏။

“ဒါနဲ့ ၂၀၀၈ ဖွဲ့စည်းပုံစာအုပ်ကို အရှင်ဘုရားတို့ ကြေကြေညက်ညက် ဖတ်ဖူးရဲ့လားမသိဘူး”

“ကြေကြေညက်ညက်ကြီးတော့ မဟုတ်ဘူးပေါ့ မူးသာရာ . . . . ဒါပေမယ်လို့ အတော်များများတော့ သိပါတယ်ဟ”

“ဒါဆိုရင်တော့ အဲသည် ၂၀၀၈ ထဲမှာ အခုလို ‘အာဏာသိမ်းခွင့်ဥပဒေ’ မပါတာကို သိပါရဲ့လား ဘုရား”

“ဟားဟား ဟားဟား ဟားဟား . . . မူးသာ . . . မူးသာ . . . သိမ်းခွင့်ရှိလို့ ဥပဒေနဲ့အညီ သိမ်းခဲ့တာပေါ့ဟ . . .”

“တပည့်တော်တို့ ကြေကြေညက်ညက်ကို ဖတ်ထားတဲ့အထဲမှာတော့ တိုင်းပြည်မှာ ‘အရေးပေါ်အခြေအနေ’ ဖြစ်လာပြီဆိုရင် ‘နိုင်ငံတော်သမ္မတကြီး’ ကနေပဲ ‘ကာကွယ်ရေးဦးစီးချုပ်’ ကို အာဏာ ‘တနှစ်’ လွှဲခွင့်ရှိတယ်တဲ့ ဘုရား”

“အေးလေကွာ . . . အခုလည်း ‘ယာယီသမ္မတ’ ဦးမြင့်ဆွေကနေပြီး ဗိုလ်ချုပ်မှူးကြီးကို အာဏာလွှဲခဲ့တာလေ လကွာ . .”

“အဲသလိုမျိုး ‘ယာယီသမ္မတ’ ကနေပြီး ‘အာဏာလွှဲခွင့်’ ပြုတယ်ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာတော့ မပါပါဘူးဘုရား”

သို့ဖြင့် ထုံးစံအတိုင်း ကြင်စိုး သာဝ မအလ ကြောင်ချီးရဲ့ ခုထက်ထိ မအောင်မြင်သေးတဲ့ အာဏာသိမ်းမှုကြီးအကြောင်းကို ဆက်လက်၍ ပြောကြားကာ ငြင်းဆိုနေကြပါလေ၏။

‘သိမ်းခွင့်မရှိဘူး’ နှင့် ‘သိမ်းလို့ရလို့သိမ်းတယ်’ ကား ဆန့်ကျင်ဘက်ကြီးသာ ဖြစ်ပေရာ ဆရာတော်နှင့် အဘစိမ်းမောင်တို့က အတင်းကို ငြင်းဆိုနေသော်ငြား အဘစောမူးသာနှင့် အဘလုံးတုံးတို့က အေးအေးသက်သာ ပြုံးစစမျက်နှာများနှင့် ချက်ကျလက်ကျ တိတိကျကျ ရှင်းပြနိုင်ကြပါ၏။

သို့ပေမည့် စိမ်းဆိုမှစိမ်း ပုဂ္ဂိုလ်တော်တွေကား ဘယ်လိုမှ နားမဝင်ဘဲ ကြောင်ချီး သာဝ မအလ ပြုလုပ်ပေးမည့် ရွေးကောက်ပွဲသည်သာ နိုင်ငံ၏ အနာဂတ်ထွက်ပေါက်ဟု ဖင်ပိတ်၍ ငြင်းဆန်ဆဲသာ ဖြစ်ပါလေ၏။

(ဂ)

“တပည့်တော်တို့ကတော့ အရှင်ဘုရားတို့ ဒကာတော် စကစဥက္ကဋ္ဌကြီး ကျင်းပပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ လုံးဝကို ဖြစ်လာမှာမဟုတ်ဘူးလို့ မြင်နေကြပါတယ်ဘုရား”

“အေး . . . မင်းတို့တွေ စောင့်ကြည့်ကြပေါ့ လုံးတုံးရာ . . . မင်းလည်း စစ်သားလုပ်ခဲ့ဖူးတာပဲ . . .  ဘာတဲ့ . . . ‘ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ်’ ဆိုတာမျိုးလေကွာ”

ကိုယ်တော်မိန့်ကြားချက်ကို အဘလုံးတုံးကော အဘစောမူးသာပါ ပြုံးကြပါလေ၏။ ခဏအကြာမှာ အဘလုံးတုံးက ပြုံးပြုံးလေး ဆွေးနွေးပြောကြားပါလေ၏။

“အခုဟာက ‘ရေဘူးပေါက်တာ’ မဟုတ်ဘူး . . . ‘ရေကာတာကြီး’ ကျိုးကျသလို အခြေအနေမျိုးပါ ဘုရာ့”

“ဘာကိုဆိုလိုတာလဲ လုံးတုံးရ . . .”

ဆရာတော့်အမေးကို အဘလုံးတုံးက အသေအချာ ပြန်လည်လျှောက်ထားဖြေကြားပါလေရာ အခုအခါ ကြောင်ချီး သာဝ မအလကို တနိုင်ငံလုံး နေရာအနှံ့က တော်လှန်နေကြသည်မှာ ရေကာတာကြီး ကျိုးကျသလိုပါတဲ့ ခင်ဗျ။ မတရားတဲ့ အဓမ္မကောင် ဒိုက်သရော ဖက်ဆစ်တွေ အကုန်လုံး မျောပါသွားတော့မှာဖြစ်ကြောင်း တွေးတွေးဆဆ သုံးသပ်ပြောကြားကြပါလေ၏။

ယခုအခါ ကမ္ဘာ့နိုင်ငံအသီးသီးကသာမက အာဆီယံနိုင်ငံတွေကပါ ကြင်စိုး သာဝ မအလကို ဆက်ဆံဖို့ လက်လန်လာပြီး NUG ခေါ် အမျိုးသားညီညွတ်ရေးအစိုးရ၊ PDF ခေါ် ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့်တကွ EAOs ခေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကြိုဆိုထောက်ခံကာ လိုအပ်တာတွေကို ကူညီလာကြပြီဖြစ်သည်ဟု အဘစောမူးသာတို့က စေတနာစကားနှင့် အာပေါက်မတတ် ထပ်ကာထပ်ကာ ရှင်းပြီးရင်း ရှင်းပြနေကြပါလေ၏။

သည့်အတွက် အရှုံးကြီးရှုံးကာ ထွက်ပေါက်တွေအကုန်လုံး ပိတ်တော့မည့် ‘ရှုံးမြင်း’ မအလ သာဝ ကြင်စိုးကို ကိုးကွယ်နေတာတွေကနေ အခြေအနေမှန်ကိုသိပြီး အချိန်မီ ပြုပြင်နိုင်ကြဖို့ မေတ္တာရှေ့ထားကာ ဆက်လက်တရားပြ နားချနေကြဆဲပါ ခင်ဗျ။

စိမ်းသရဖူစိမ်းဆရာတော်နှင့် စိမ်းဆိုမှစိမ်း ဒကာတော် အဘစိမ်းမောင်တို့ကား မျက်လုံးစုံမှိတ်ကာ ဘယ်လိုမှနားမဝင်ကြဘဲ ‘ရွေးကောက်ပွဲကြီးက ဖြစ်ကိုဖြစ်မှာ . . . ဖြစ်ကို ဖြစ်မှာ’ ဟုသာ တွင်တွင် ပြောဆိုနေကြဆဲပါ ခင်ဗျာ။

နိဂုံးချုပ်တော့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ‘သက်တမ်းကုန်’ တော့မည့် မအလ၏ နောက်ဆုံးနေ့များဆီသို့ ပြန်လည်ဦးတည်မိကြပါလေ၏။

“ဘာပဲဖြစ်ဖြစ်လေ . . . ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မအလနဲ့ စကစ ‘သက်တမ်း’ ကုန်မှာကတော့ အမှန်ပဲ မူးသာရ . . .”

“ဒါပေါ့ လုံးတုံးရ . . . ဒီလိုဆိုတော့ အခုရက်တွေဟာ ကြင်စိုး သာဝ ကြောင်ချီး မအလကြီး ‘အသက်ငင်’ နေတဲ့ ရက်တွေလို့ ပြောရမှာပေါ့ကွ . . အာဟ အာဟ”

ဖေကြီး (လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013