DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်အတွက် လက်နက်ရောင်းသည့် တရုတ်နှင့် အိန္ဒိယကုမ္ပဏီ ၂ ခုကို နော်ဝေက ရင်းနှီးမြှုပ်မှုရပ်စဲ
DVB
·
January 26, 2023
မြန်မာစစ်တပ်အတွက် လက်နက်ရောင်းသည့် တရုတ်နှင့် အိန္ဒိယကုမ္ပဏီ ၂ ခုကို နော်ဝေက ရင်းနှီးမြှုပ်မှုရပ်စဲ
Donate to DVB

နော်ဝေနိုင်ငံအစိုးရ ပင်စင်ရန်ပုံငွေအဖွဲ့ဟာ တရုတ်နဲ့ အိန္ဒိယကုမ္ပဏီနှစ်ခုကို  မြန်မာနိုင်ငံအတွက် လက်နက်တွေ ရောင်းချနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရန်ပုံငွေရင်းနှီးမြှုပ်နှံမှု ရပ်စဲလိုက်ကြောင်း ဇန်နဝါရီလ ၂၅ ရက်မှာ နော်ဝေနိုင်ငံဗဟိုဘဏ်က ထုတ်ပြန်ကြေညာပါတယ်။

သူတို့ရဲ့ လက်နက်တွေကို အသုံးပြုပြီးတော့ စစ်ဆင်ရေးဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို  စနစ်တကျနဲ့ အကြီးအကျယ်ချိုးဖောက်နေတဲ့ နိုင်ငံကို လက်နက်တွေ ရောင်းချခဲ့တာ လက်ခံနိုင်စရာမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ AviChina Industry & Technology နဲ့ Bharat Electronics တို့မှာ ရင်းနှီးမြှုပ်နှံမှု ရပ်စဲလိုက်ကြောင်း ရန်ပုံငွေအဖွဲ့က ပြောပါတယ်။

အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ထရီလီယံတန်ဖိုးရှိတဲ့ နော်ဝေအစိုးရ ပင်စင်ရန်ပုံငွေအဖွဲ့ဟာ ၂၀၂၁ ခုနှစ်ကုန်မှာ တရုတ်ကုမ္ပဏီ AviChina ရဲ့ ရှယ်ယာ  ၀ ဒသမ ၃၇ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး အိန္ဒိယကုမ္ပဏီ Bharat Electronics ရဲ့ ရှယ်ယာ ၀ ဒသမ ၃၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားခဲ့တာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့လကလည်း နော်ဝေအစိုးရ ပင်စင်ရန်ပုံငွေအဖွဲ့ဟာ ထိုင်းရေနံကုမ္ပဏီကြီးဖြစ်တဲ့ PTT Plc နဲ့ PTT Oil and Retail Business Plc(OR) တို့ကိုလည်း မြန်မာစစ်အာဏာရှင်တွေရဲ့ အကြမ်းဖက်မှုတွေအတွက် ငွေကြေးထောက်ပံ့နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုစာရင်းကနေ ပယ်ဖျက်ခဲ့ပါတယ်။ 

ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရဆီကနေ စစ်တပ်က အာဏာလုယူခဲ့ပြီးနောက် ပြဿနာတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံကို AviChina ဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ အပေါ့စားလေယာဉ်တွေ ပို့ဆောင်ခဲ့တယ်လို့ ရန်ပုံငွေအဖွဲ့က ပြောပါတယ်။ 

Bharat Electronics ကုမ္ပဏီဟာလည်း အဝေးထိန်းခလုတ်နဲ့ ထိန်းချုပ်ပစ်ခတ်နိုင်တဲ့ လက်နက်အထိုင်တစ်ခုကို ၂၀၂၁ ခုနှစ် ဇူလိုင်လထဲမှာ မြန်မာနိုင်ငံကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကုမ္ပဏီနှစ်ခုကို ရင်းနှီးမြှုပ်နှံမှု စာရင်းကနေ ထုတ်ပယ်ဖို့အတွက် ကျင့်ဝတ်ဆိုင်ရာ ဘုတ်အဖွဲ့ရဲ့ အကြံပြုတင်ပြချက်တွေပေါ် အခြေခံပြီး နော်ဝေဗဟိုဘဏ်က ဆုံးဖြတ်ချက်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ 

နော်ဝေနိုင်ငံရဲ့ ရေနံလုပ်ငန်းကနေရရှိတဲ့ အမြတ်ငွေတွေကို ထည့်သွင်းထားတဲ့ နော်ဝေအစိုးရပင်စင် ရန်ပုံငွေအဖွဲ့ဟာ ကမ္ဘာ့အကြီးဆုံးရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ဖြစ်ပြီး ကမ္ဘာအနှံ့က ကုမ္ပဏီပေါင်း ၉၀၀၀ ကျော်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ထည့်ဝင်ထားပါတယ်။

အစိုးရချေးငွေစာချုပ်တွေကိုလည်း ဝယ်ယူရင်းနှီးမြှုပ်နှံထားသလို အိမ်ခြံမြေဈေးကွက်တွေမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ထားပါတယ်။

သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းကမ်းချက်တွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်တဲ့ ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံမှုမလုပ်ဖို့၊ လူမဆန်အောင် ရက်စက်တဲ့ လက်နက်တွေ ဒါမှမဟုတ်  နျူကလီးယားလက်နက်တွေ ထုတ်လုပ်တဲ့ လုပ်ငန်းတွေ၊ ကျောက်မီးသွေးနဲ့ ဆေးရွက်ကြီးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုမလုပ်ဖို့ စတဲ့ စည်းကမ်းချက်တွေ ပါဝင်ပါတယ်။

အဲဒီစည်းကမ်းချက်တွေကြောင့် နော်ဝေအစိုးရပင်စင်ရန်ပုံငွေအဖွဲ့ဟာ Airbus, Boeing, Glencore, Lockheed နဲ့ Philip Morris အပါအဝင် ကုမ္ပဏီအမြောက်အမြားကိုလည်း ရင်းနှီးမြှုပ်နှံမှု စာရင်းကနေ ပယ်ဖျက်ခဲ့ကြောင်း Bangkok Post သတင်းမှာ ဖော်ပြထားပါတယ်။ 

Ref-Bangkok Post

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013