DVB Logo
Home
မြန်မာသတင်း
R2P အရ အရေးယူဆောင်ရွက်ရန် ကုလသမဂ္ဂကို မြန်မာသံအမတ်ကြီး ထပ်မံတောင်းဆို
DVB
·
January 26, 2023
R2P အရ အရေးယူဆောင်ရွက်ရန် ကုလသမဂ္ဂကို မြန်မာသံအမတ်ကြီး ထပ်မံတောင်းဆို
Donate to DVB

မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရှိစေဖို့ အခုအချိန်ကာလဟာ ကုလသမဂ္ဂအနေနဲ့ “အကာအကွယ်ပေးရန်တာဝန်ရှိမှု R2P”  အရ အရေးယူဆောင်ရွက်ရမယ့် အလိုအပ်ဆုံး အချိန်ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီ ၂၄ ရက်က နယူးယောက်မြို့မှာကျင်းပတဲ့ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီရဲ့ “လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုတို့အား ကာကွယ်နိုင်မည့် လူမှုရေးနှင့် စီးပွားရေးလုပ်ဆောင်ချက်များ”ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ အထူးအစည်းအဝေးပြောကြားခဲ့တာပါ။

မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုနဲ့ လူသား မျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တာနေတာကို တားမြစ်နိုင်ဖို့ ကုလသမဂ္ဂအနေနဲ့ လူမှုရေးနဲ့ စီးပွားရေး အရေးယူဆောင်ရွက်ချက်တွေ ချမှတ်ဖို့ အရေးကြီးကြောင်း သံအမတ်ကြီးက ပြောပါတယ်။

အလားတူ အခုအချိန်ကာလဟာ ကုလသမဂ္ဂမှ R2P အခြေခံမူသဘောတရားကို စွဲကိုင်ကာ မြန်မာနိုင်ငံအရေးကိစ္စနဲ့ မြန်မာစစ်တပ်ကို သူတို့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရှိစေဖို့နဲ့ သူတို့အကျိုးခံစားနေတဲ့ ပြစ်ဒဏ်ခတ်ခြင်းမခံရတဲ့ ယန္တရားကို အပြီးတိုင်ရပ်တန့်ဖို့အတွက် ကုလသမဂ္ဂက အသံတစ်သံတည်း ထွက်ဆိုကာ စုပေါင်းအင်အားနဲ့ အရေးယူဆောင်ရွက်ရမယ့် အလိုအပ်ဆုံး အချိန်ဖြစ်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

စစ်တပ်ကအကျိုးခံစားနေရတဲ့ ပြစ်ဒဏ်ခတ်မှုမခံရတဲ့ယန္တရား အပြီးတိုင် ရပ်တန့်ဖို့နဲ့  စစ်မှန်စွာရွေးကောက်တင်မြှောက်ခံရတဲ့ အစိုးရအောက်မှာ စစ်တပ်ကို ပြည့်ပြည့်ဝဝ ထားရှိတာကသာ ပြည်သူတွေစက်ကြမ်းကြုတ်မှုတွေရဲ့ အန္တရာယ်ကနေ ကာကွယ်နိုင်မယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာပြည်သူတွေအပေါ် ပျက်ကွက်ခဲ့တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၂ ရက်က မှန်မှန်ကန်ကန်ထောက်ပြခဲ့ပြီးဖြစ်လို့ ကုလသမဂ္ဂအနေနဲ့ ထိရောက်မှုတဲ့ အရေးယူမှုတွေ အချိန်နဲ့ တပြေးညီ ချမှတ်ပေးခြင်းဖြင့် အတွင်းရေးမှူးချုပ်အနေနဲ့ အခုနှစ်မှာ  အလားတူထပ်မံပြောကြားဖို့ လိုအပ်တော့မှာမဟုတ်ဘူးလို့  မျှော်လင့်ကြောင်းလည်း မြန်မာသံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖက်ဆစ်စစ်တပ်က တိုင်းရင်းသားလူနည်းစုတွေနဲ့ ရိုဟင်ဂျာတွေအပါအဝင် မြန်မာပြည်သူပြည်သားတွေအပေါ်တွင် ရက်စက်ကြမ်းကြုတ်မှုများစွာ ကျူးလွန်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကျူးလွန်ခဲ့သလို အခုလည်း တရားမဝင် စစ်အာဏာသိမ်းမှု ၂ နှစ်တာကြာမြင့်တဲ့ ကာလတလျှောက် လူမဆန်တဲ့ စစ်တပ်ကြောင့်  ပြည်တွင်းတရားဥပဒေ စိုးမိုးရေးလုံးဝဥဿုံဖျက်ဆီးခဲ့လို့ မြန်မာပြည်သူတွေနဲ့ ဒေသတွင်းအခြေအနေအပေါ် ကြီးလေးတဲ့ နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအတွက် R2P မူကို အသုံးပြုပြီး ကူညီပေးဖို့နဲ့  No-Fly Zone လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးရေး  မြန်မာပြည်သူပြည်သားတွေဟာ စစ်အာဏာသိမ်းကတည်းကတည်းက ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ပေမဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုက်အဝန်းက အလေးတယူ လုပ်ဆောင်ပေးခဲ့တာ မရှိပါဘူး။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်ဟာ မြန်မာနိုင်ငံတဝန်း နေရာဒေသအနှံ့ စစ်တိုက်လေယာဉ်တွေနဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်၊ မြေပြင်မှာ စစ်ကြောင်းတွေထိုးပြီး ကျေးရွာတွေကို အကြမ်းဖက်မီးရှို့ဖျက်ဆီး၊ ပြည်သူလူထုကို ဖမ်းဆီး သတ်ဖြတ်မှုတွေ နေ့စဉ်ကျူးလွန်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013