DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း မြို့နယ် ၂ ခုတွင် စစ်ကောင်စီတပ်နှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်
DVB
·
January 26, 2023
စစ်ကိုင်းတိုင်း မြို့နယ် ၂ ခုတွင် စစ်ကောင်စီတပ်နှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်
1 / 4
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ရှမ်းထူးကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ဇန်နဝါရီ ၂၅ ရက်နေ့ မနက် ၈ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ချောင်ဦးဒေသခံတွေက ပြောပါတယ်။

အင်အား ၄၀ လောက်ပါ စစ်ကောင်စီတပ်ဟာ ရှမ်းထူးကျေးရွာဘက်ကို စစ်ကြောင်းထိုးလာရင်း ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့တွေနဲ့ ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်ပွားရတာလို့ ဒေသခံ ပြည်သူကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တွေက ပြောပါတယ်။

“တိုက်ပွဲဖြစ်ခဲ့တာဟုတ်ပါတယ်။ သူတို့က အင်အား ၄၀ နဲ့ ကင်မွန်းတော်ရွာကနေ စထွက်လာတာဗျ။ သူတို့က ရှမ်းထူးရွာကို မီးရှို့ဖို့ရာ ရည်ရွယ်ချက်နဲ့ လာတာထင်တယ်။ ကျနော်တို့နဲ့ တွေ့ပြီး တိုက်ပွဲဖြစ်သွားတယ်။ တိုက်ပွဲကတော့ ၂ နာရီလောက်ကြာမယ်ထင်တယ်။ သူတို့ဘက်က ၁ ဦးကျဆုံးတယ်။ သေတဲ့အလောင်းကိုပြန်သယ်မသွားဘဲ ယာစောင့်တဲအတွင်း ထည့်မီးရှို့သွားတယ်။ ပြီးတော့ ကင်းမွန်တော်ရွာထဲ ပြန်ဆုတ်ပြေးသွားတယ်” လို့ ချောင်းဦးကာကွယ်ရေးခေါင်းဆောင်တဦးက ပြောပါတယ်။

‌ကင်းမွန်တော်ရွာဟာ ချောင်းဦးမြို့နယ်အတွင်းက စစ်ကောင်စီထောက်ခံတဲ့ ကျေးရွာတရွာဖြစ်သလို ဒေသခံရွာသားတွေဟာ ပျူစောထီးအဖွဲ့အဖြစ် လက်နက်ကိုင်ပြီး စစ်ကောင်စီစစ်ကြောင်းတွေနဲ့ပူးပေါင်းက အနီးအနားကရွာတွေကို လုယက်တာတွေ အကြိမ်ကြိမ်လုပ်ဆောင်တယ်လို့ ဆိုပါတယ်။

အခုတိုက်ပွဲကို CHU PDF၊ မုံရွာခရိုင်အမှတ် ၆ တပ်ရင်း၊ ချောင်းဦးမြို့နယ် ပကဖအဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာမှာလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီး ဒေသခံပြည်သူတချို့ စစ်ရှောင်စခန်းတွေဆီ လာရောက်တိမ်းရှောင်နေရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးသူဆီက သိရပါတယ်။ 

ဇန်နဝါရီ ၂၅ ရက်နေ့ မနက်က ဒီပဲယင်းမြို့ ညောင်လှကျေးရွာမှာ ရေဦးမြို့ဘက်ကနေ အင်အားအများအပြားနဲ့ စစ်ကြောင်း ၃ ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ခင်ဦးအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။  

"ဒီစစ်ကြောင်းက အင်အား ၂၀၀ လောက်နဲ့ လှည့်နေတာ ၁ လ ကျော်လောက်ကြာပြီ။ မော်လိုက်အခြေစိုက်တပ်ရယ်၊ မှော်ဘီ အထူး ၄ အခြေစိုက်တပ်၊ ခမရ ၃၆၄ တပ်နဲ့ ခလရ ၇၀၁ တပ်က လူတွေပါ။ ရေဦး နဲ့ ဒီပဲယင်း အစပ်ကို စစ်ကြောင်းပြန်ထိုးနေတာ ၂ ရက်ရှိပါပြီ။ ပြီးခဲ့တဲ့ ၂ ရက်က ခင်ဦးမြို့အနောက်ဘက်က အင်းပတ်ကွေ့ကျေးရွာနားမှာ တိုက်ပွဲဖြစ်ပြီး ငှက်ပျောခြံ၊ လျှော်ဖြူခြံတွေကို မီးရှို့ခဲ့လို့ လူနေအိမ် ၂ လုံးနဲ့ မီးဖိုတဲ တခုကို မီးလောင်သွားသေးတယ်။ ဒီမနက်လည်း ဒီပဲယင်းနယ်ထဲမှာ မီးရှို့နေတာ မီးခိုးတွေ လှမ်းမြင်နေရတယ်။" 

ဒီပဲယင်း စစ်ရှောင်သူတွေကို ကူညီပေးနေသူတဦးက "သူတို့မနှစ်က လုပ်နေကျပုံစံလိုပါပဲ။ ရေဦးက ကျေးရွာတွေကို မီးရှို့ပြီး ဒီပဲယင်းကို ပြန်ဝင်တာ။ မနေ့က လက်ယက်ကုန်းကို ဝင်မွှေပြီး မီးထပ်ရှို့တယ်။ ဘာမှတော့ သိပ်ပျက်စီးဆုံးရှုံးတာ မရှိပါဘူး။ ပထမတခါတည်းက ကုန်သလောက်ဖြစ်နေတာလည်း ပါတာပေါ့။  အခု ညောင်လှရွာထဲ စစ်ကြောင်း ၃ ကြောင်း နဲ့ဝင်နေတယ်။ မနက် ၁၀ နာရီကျော်လောက်ကအထိ ပစ်ခတ်သံတွေကြားနေရတယ်။ အခြေအနေအသေးစိတ်တော့ မသိရသေးဘူး။ တချို့ရွာက ပြည်သူတွေတော့ စစ်ရှောင်စခန်းတွေကို ရောက်လာပြီ၊ ရှိတာနဲ့ ကျွေးမွေးဖို့ စီစဉ်နေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ 

ဒါ့အပြင် ဇန်နဝါရီ ၂၃ ရက်နေ့ မနက်ကလည်း ခင်ဦးမြို့နယ်အနောက်ခြမ်း ရေဦးမြို့ နဲ့ ၂ မိုင်လောက်ဝေးတဲ့  အင်းပတ်ကွေ့ဈေးတန်း အထိုင်ချ စစ်ကောင်စီတပ်သား ၁၅ ဦးလောက်ကို KSO၊KDK-Khin U Dog Killers နဲ့ မြို့နယ်ပကဖ အဖွဲ့တို့ပူးပေါင်းပြီး ပဒေသာမိုင်း ၃ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013