DVB Logo
Home
မြန်မာသတင်း
မူဆယ် နန်းတော်ဂိတ် ဖွင့်လှစ်လိုက်ပြီး BP စာအုပ်များ စတင်လုပ်ပေး
DVB
·
January 26, 2023
မူဆယ် နန်းတော်ဂိတ် ဖွင့်လှစ်လိုက်ပြီး BP စာအုပ်များ စတင်လုပ်ပေး
1 / 2
Donate to DVB

မြန်မာနိုင်ငံရဲ့ အရှေ့မြောက် တံခါးပေါက်တပေါက်ဖြစ်တဲ့ မြန်မာ - တရုတ်နယ်စပ် မူဆယ် နန်းတော် (အလယ်ပေါက်) နှစ်နိုင်ငံ လူဝင်၊ လူထွက်ဂိတ်ကို ဇန်နဝါရီ ၂၅ ရက်နေ့ မနက်ပိုင်းက ဖွင့်လှစ်လိုက်ပြီး နယ်စပ်ဖြတ်ကျော်ခွင့် (Boarder Pass – BP) စာအုပ်တွေ စတင်လုပ်ပေးနေပြီ ဖြစ်ပါတယ်။ 

"ဒီမနက် နန်းတော်ဂိတ်ဖွင့်ပြီ။ စာအုပ်အနီတွေလည်း လုပ်ပေးနေပြီ" လို့ နယ်စပ်ကုန်သည် တဦးက ပြောပါတယ်။ 

နှစ်နိုင်ငံ နယ်စပ် တာဝန်ရှိသူတွေနဲ့ နီးစပ်သူ တဦးက ဒီမနက် နန်းတော်ဂိတ်ပေါက် ဖွင့်မှာဖြစ်ကြောင်း မနေ့ညက အီးမေးလ်နဲ့ အကြောင်းကြားထားတယ်လို့ ပြောပါတယ်။ 

"ဖွင့်တယ် သာပြောတာ။ ဘယ်လိုလာဦးမယ်ဆိုတာ ကျနော်တို့လည်း မသိသေးဘူး။ ထုတ်ပြန်စာ မထွက်သေးဘူး။ ... လူဝင် လူထွက်တော့ ဘာမှ ထုတ်ပြန်ထားတာ မရှိဘူး။ ဘယ်လို ဝင်ရမယ်၊ ဘယ်လိုလုပ်ရမယ်၊ စာအုပ် Boarder Pass တွေကို ဘယ်လို ထုတ်ပေးမယ်ဆိုတာ သူတို့က တိကျတဲ့ ထုတ်ပြန်ချက်တော့ မရှိဘူး။ ဖွင့်ရင်လည်း သူက တံခါး ဖွင့်ပစ်လိုက်တာပဲ ရှိတယ်။" 

နယ်စပ်ဂိတ် ရုံးတက်၊ ရုံးဆင်းက ယခင်ကလို ပုံမှန်အချိန်ဇယားအတိုင်းပဲ သွားမှာဖြစ်ပြီး နန်းတော်ဂိတ်က ည ၉ နာရီအထိ၊ မန့်ဝိန်းပေါက်က ည ၁၁ နာရီ အထိရတယ်လို့ သူက ဆိုပါတယ်။ 

နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ် လုပ်ပေးတဲ့ နန်းတော်ဂိတ်ပေါက်နားက ရုံးထဲမှာတော့ မူဆယ်အိမ်ထောင်စုစာရင်း ရှိသူတွေကိုသာ စာအုပ်လုပ်ပေးကြောင်း အသိပေးစာ ကပ်ထားတာ တွေ့ရပါတယ်။ 

"မူဆယ်၊ နမ့်ခမ်း၊ ပန်ဆိုင်း။ ဒီသုံးနေရာပဲ ရတယ်တဲ့။ ပြီးရင် အိမ်ထောင်စုစာရင်း မူရင်းယူလာမှ လုပ်လို့ရတာ။ စာအုပ်လုပ်တဲ့ ကုန်ကျစရိတ်က ဘယ်လောက်ကုန်လဲ မသိသေးဘူး။ ကုန်ကျစရိတ်က ဘယ်လောက်ပဲ ဖြစ်ဖြစ် မူဆယ်၊ နမ့်ခမ်း အိမ်ထောင်စု မဟုတ်ရင် မထူးဘူးလေ။ ဘာမှ လုပ်လို့မှ မရတာ" လို့ စာအုပ် လာလုပ်သူတဦးက ပြောပါတယ်။ 

ဖွင့်ပြီလို့ ပြောပေမယ့် ဇန်နဝါရီ ၁၅ ရက် နေ့လယ်ပိုင်းအထိတော့ လူအဝင်အထွက် မရှိသေးဘူးလို့ တရုတ်ဘက်ခြမ်းမှာနေတဲ့ မြန်မာနိုင်ငံသား တဦးက ပြောပါတယ်။ 

“ဖွင့်တယ်လို့သာပြောတာ လူဝင်လူထွက်မရှိသေးဘူး။ ဒီ တရုတ်ဘက်က ပြန်ချင်တဲ့ လူဆိုရင်တော့ လွယ်သွားတာပေါ့။ မြန်မာဘက်က ဖွင့်ပြီဆိုတော့လေ။ အရင်လို သံရုံးကို အကြောင်းကြားစရာ မလိုတော့ဘူး၊ လဝက ပဲ။" 

ဆင်ဖြူ - ကျယ်ဂေါင် ဈေးပေါက်ဘက်ကလည်း စာအုပ်ရှိရင် ကားသေးတွေ ဒီနေ့ကစ ဝင်လို့ရပြီ လို့ အဲဒီ ဂိတ်က တာဝန်ကျ ဝန်ထမ်းတယောက်က ပြောပေမယ့် မြန်မာဘက်ခြမ်း ဂိတ်ပေါက်ဝ အနီးနားတွေမှာတော့ မွမ်းမံ ပြင်ဆင်မှုတွေ လုပ်နေဆဲ တွေ့ရပါတယ်။ 

မန့်ဝိန်းဂိတ်ပေါက်ကဝောာ့ တရုတ်နှစ်သစ်ကူး ၂၇ ရက်နေ့အထိ ပိတ်မယ်လို့ ပြောထားပေမယ့် ဒီနေ့လည်း ကားတွေ အဝင်အထွက် တယ်လို့ အဲဒီဂိတ်မှာ တာဝန်ကျနေတဲ့ ဝန်ထမ်းတွေက ပြောပါတယ်။

မန့်ဝိန်းဂိတ်ပေါက်ကနေ အဝင်၊ အထွက် လုပ်မယ့် ၆ ဘီး ကားဆရာတွေ အနေနဲ့ နယ်စပ် ဖြတ်ကျော်ခွင့်စာအုပ်အနီ၊ ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ် (အင်္ဂလိပ် - မြန်မာ ဘာသာဖြင့်)၊ ၄၈ နာရီအတွင်း ကိုဗစ်ကင်းစင်ကြောင်း ဆေးစစ်ထားတဲ့ လက်မှတ်တွေ လိုအပ်ပြီး ဆေးစစ်ခ သတ်မှတ်ဈေး ၈၀,၀၀၀ ကျပ် ဖြစ်ကြောင်း နယ်စပ် ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ 

မြန်မာ - တရုတ် နယ်စပ်ဂိတ်တွေကနေ မြန်မာနိုင်ငံဘက်ထဲ ဝင်ရောက်မယ့်သူတွေအနေနဲ့ အခုလ ဇန်နဝါရီ ၁၄ ရက်နေ့က ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်တွေအတိုင်း လိုက်နာရမယ်လို့ ဆိုပါတယ်။ 

နန်းတော် နှစ်နိုင်ငံ လူဝင် လူထွက်ဂိတ်နဲ့ ဆင်ဖြူဈေးဂိတ်တွေကိုတော့ ကိုဗစ်ပထမလှိုင်းကစ ကိုဗစ်ရောဂါကြောင့် ပိတ်ခဲ့တာဖြစ်ပြီး ပြည်တော်ပြန်‌ နှစ်နိုင်ငံ လွှဲပြောင်းတာကိုပဲ လက်ခံခဲ့တာ ဖြစ်ပါတယ်။

မန့်ဝိန်းဂိတ်ကိုလည်း ကိုဗစ်ကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ မတ်လ ၃၀ ရက်နေ့က ပိတ်ခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁၄ ရက်နေ့က ပြန်လည်ဖွင့်လိုက်တာပါ။

နယ်စပ်ဂိတ် ဝန်ထမ်းတွေရဲ့ ပြောပြချက် အရ နန်းတော် (အလယ်ပေါက်) ဂိတ်ကနေ အဓိက လူ ဝင်ထွက်ခွင့်ပြုပြီး ဆင်ဖြူဈေးပေါက်ကနေ‌ ယာဉ်ငယ်တွေ ဝင်ထွက်ခွင့်ပြုမှာဖြစ်ကာ မန့်ဝိန်း ဂိတ်ကနေ ၆ ဘီး ကုန်တင်ယာဉ် သီးသန့် ဝင်ထက်ခွင့်နဲ့ ကျင်စန်းကျော့ ဂိတ်ကနေတော့ ၈ ဘီး နဲ့ အထက် ကုန်တင်ယာဉ်တွေကို ဝင်ထွက်ခွင့်ပြုကြောင်း သိရပါတယ်။ 

ကိုဗစ်ကပ်ရောဂါ ကာလ မတိုင်ခင်မှာတော့ အရှေ့မြောက် စီးပွားရေး တံခါးပေါက်တွေဖြစ်တဲ့ မူဆယ်နယ်စပ် ဂိတ်တွေကနေ နယ်စပ်ကုန်သွယ်မှုရဲ့ ၇၅ ရာခိုင်နှုန်းခန့်အထိ ကုန်သွယ်မှုရှိခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေး အသိုက်အဝိုင်းက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013