DVB Logo
Home
မြန်မာသတင်း
ပုလော PDF က စစ်ကောင်စီတပ်ကြပ်ကြီးစာရေး ၁ ဦးကို ဖမ်းမိ၊ ကံပေါက်တွင် အမျိုးသား ၃ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး
DVB
·
January 25, 2023
ပုလော PDF က စစ်ကောင်စီတပ်ကြပ်ကြီးစာရေး ၁ ဦးကို ဖမ်းမိ၊ ကံပေါက်တွင် အမျိုးသား ၃ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး
1 / 3
Donate to DVB

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာနဲ့ သင်္ကန်းတောကျေးရွာအကြား ထားဝယ်-မြိတ် ကားလမ်းမပေါ်မှာ ဇန်နဝါရီ ၂၁ ရက် ညနေ ၄ နာရီလောက်က ခရီးသွားတွေကို စစ်ဆေးနေစဥ် စစ်ကောင်စီဆေးတပ်က တပ်ဖွဲ့ဝင်တဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ပုလောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရသူမှာ ဘုတ်ပြင်းမြို့ ခုတင် ၁၀၀ ဆံ့ အမှတ် ၁၈ တပ်မတော်ဆေးရုံက ကိုယ်ပိုင်အမှတ် တ-၃၅၂၈၂၅ တပ်ကြပ်ကြီးစာရေး သန်းဇော်ဦး ဆိုသူဖြစ်ပြီး ခရီးသည်ကားနဲ့ လိုက်လာစဥ် ဖုန်းကိုစစ်ဆေးရာ စစ်သံရုံးဝင်ခွင့်ဖြေဆိုထားတဲ့ အချက်အလက်တွေတွေ့လို့ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ပုလောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘီတူးက “သူက နေပြည်တော်က စစ်သံရုံးဝင်ခွင့်စာမေးပွဲဖြေပြီး ပြန်လာတာ။ စစ်တပ်ထဲကဆိုတာ သူကိုယ်တိုင်လည်း ဝန်ခံတယ်။ CDM ဝင်ဖို့ပြောတော့ ဝင်လို့ အဆင်မပြေဘူး ပြောတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ စစ်မှုထမ်းသက်တမ်း ၁၆ နှစ်ကျော်ရှိပြီဖြစ်ပြီး လက်ရှိမှာတော့ လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ပုလောမြို့နယ်၊ ကဒဲကျေးရွာနဲ့ သင်္ကန်းတောကျေးရွာအကြား ထားဝယ်-မြိတ် ကားလမ်းမပေါ်မှာ ပုလောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြီးခဲ့တဲ့ ၃ ​လလောက်ကတည်းက စစ်ဆေးရေးဂိတ် ဖွ​င့်ထားပြီး သင်္ကန်းတောကျေးရွာမှာလည်း NUG လက်အောက်ခံ PDF တပ်ရင်းတခုရဲ့ စစ်ဆေးရေးဂိတ် ရှိတယ်လို့ သိရပါတယ်။

ထားဝယ်-မြိတ် ကားလမ်းမကြီးတလျှောက် ပုလောမြို့နယ်ထဲမှာ ခရီးသွားကားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မကြာခဏ စစ်ဆေးလေ့ရှိပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်ကလည်း ခရီးသည်ကားပေါ်ပါလာတဲ့ ကော့သောင်းခရိုင် အကျဥ်းထောင်ဦးစီးမှူးတဦးကို ဖမ်းဆီးခဲ့ပါသေးတယ်။

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ စစ်ကောင်စီခန့် ကံပေါက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်စိုးနဲ့ သူ့နောက်လိုက်တဦးအပြင် ဇာဒီရွာက အသက် ၆၀ ဝန်းကျင်အရွယ်ရှိ ဦးအေးဟန်တို့ ၃ ဦး ဇန်နဝါရီ ၂၅ ရက် နေ့လယ်ပိုင်းက သူတို့ရဲ့ နေအိမ်နဲ့ ခြံတွေထဲမှာပဲ သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရမှုကြောင့် ဦးအေးဟန် သေဆုံးသွားပြီး ကံပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ တခြားတဦးကတော့ ဒဏ်ရာရသွားပြီး အုန်းပင်ကွင်းရွာက တပ်မတော်ဆေးရုံကို သယ်သွားပါတယ်။

ဇာဒီကျေးရွာက ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ ဦးအေးဟန်ဟာ ဌာနဆိုင်ရာတွေနဲ့ နီးစပ်သူဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး မဟုတ်ပေမဲ့ မြေယာကိစ္စ၊ အုပ်ချုပ်ရေးကိစ္စတွေမှာ ပါဝင်စွက်ဖက်တာမျိုး ရှိတယ်လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

ကံပေါက်ကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးခင်စိုးကတော့ ဌာနဆိုင်ရာစာရေး အငြိမ်းစားဝန်ထမ်းဟောင်းတဦးဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ကံပေါက်ကျေးရွာရဲ့ ဒုတိယမြောက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဖြစ်ပါတယ်။ ရပ်ရွာအမှိုက်သိမ်းစနစ်နဲ့ ရေပေးဝေရေးစနစ်ကို ရပ်မိရပ်ဖတွေဆီက သိမ်းယူပြီး သူ့ရဲ့မိသားစုဝင်တွေကို လုပ်ကိုင်ခွင့် ပေးထားတယ်လို့လည်း သိရပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်တွေအပြီး ကံပေါက်နယ်မြေရဲစခန်းမှာ မောရဝတီရေတပ်စခန်းက စစ်ကောင်စီတပ်သားတွေ DC ကား ၃ စီး၊ ကားအကြီးတစီးနဲ့ ရောက်ရှိနေတယ်လို့ ကံပေါက်ဒေသခံတွေက ပြောပါတယ်။

အခုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ် ဆိုတာကို ထုတ်ပြန်ထားတာမျိုး မတွေ့ရသေးပါဘူး။

ဇန်နဝါရီ ၂၄ ရက်ကလည်း ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့မှာ MRTV-4 သတင်းထောက်တဦးကို ကလိန်အောင်အခြေစိုက် PDF အဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013