
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် ကျွန်းကြီးကုန်းကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၄ ရက် မနက် ၅ နာရီက မီးရှို့ခဲ့တယ်လို့ နီးစပ်ရာ ဒေသခံတွေဆီက သိရပါတယ်။
ကျွန်းကြီးကုန်းကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီးနောက် ကျေးရွာထဲက နေအိမ်တွေကို မီးရှို့ခဲ့တာဖြစ်တယ်လို့ အနီးနားကျေးရွာ ဒေသခံတဦးက ပြောပါတယ်။
“ရှို့ခံရတာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ နေအိမ်နဲ့ CDM ဝန်ထမ်းတွေရဲ့ နေအိမ်တွေကို ရှို့သွားတာ။ တခြားအိမ်တွေကို ကူးကုန်တာ။”
ကျွန်းကြီးကုန်းကျေးရွာက နေအိမ် ၁၃ လုံးခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပြီး ကျေးရွာက ရွာသားတွေကိုလည်း ဘုန်းကြီးကျောင်းထဲမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်း ရုတ်တရက်ဝင်ရောက်လာတာကြောင့် ရွာသားတွေ ထွက်ပြေးချိန်မရလိုက်ဘဲ ကလေး လူကြီးလူငယ်မရွေး ဖမ်းဆီးခံလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။
ကျေးရွာအတွင်းမှာ စစ်ကြောင်းရှိနေသေးတာကြောင့် ဖမ်းဆီးခံထားရတဲ့ နောက်ဆက်တွဲ အခြေအနေနဲ့ ပျက်စီးမှုအခြေအနေကို သီးခြားအတည်မပြုနိုင်သေးပါဘူး။