DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်တပ်နှင့် PDF တိုက်ပွဲဖြစ်၊ ရေဖြူမြို့၌ MRTV-4 သတင်းထောက် ၁ ဦး ပစ်သတ်ခံရ
DVB
·
January 25, 2023
တနင်္သာရီတွင် စစ်တပ်နှင့် PDF တိုက်ပွဲဖြစ်၊ ရေဖြူမြို့၌ MRTV-4 သတင်းထောက် ၁ ဦး ပစ်သတ်ခံရ
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ‌ ကျေးရွာတချို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံက သိရပါတယ်။

ဇန်နဝါရီ ၂၃ ရက်က မော်တုန်းအရှေ့ကမ်းက စစ်ကောင်စီအမြောက်တပ် ၃၀၆ တပ်ရင်းကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာပါ။

ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “သူတို့ အမြောက်တပ်ကို ၄၀ မမနဲ့ ဝင်ပစ်တာ၊ စကစတွေ အထိနာကြတယ်။ ပြီးတော့ သူတို့ဘက်ကနေ လက်နက်ကြီးတွေ တနေ့လုံးပြန်ပစ်တာ။ ပြည်သူ့ကာကွယ်ရေးဘက်ကတော့ အထိအခိုက်မရှိဘူး” လို့ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုဖြစ်ပြီးနောက် ဇန်နဝါရီ ၂၄ ရက် နေ့လယ် ၁၂ နာရီမှာ တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတဲ့ နေရာတချို့ကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဒရုန်းနဲ့ သွားရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “တနင်္သာရီတံတားက စစ်‌ဆေးရေးဂိတ်၊ မြို့ပေါ်က စရဖရုံး၊ လဝကဦးစီးအရာရှိနေ အဆောင်နဲ့ ဗောဒီကမ်းဘက်က လက်နက်ကြီးပစ်နေတဲ့ နေရာတွေကို ဒရုန်းတွေနဲ့ ဗုံးသွားကြဲတာ။ သူတို့ဘက်က ထိခိုက်တာတွေများတယ်။ မြိတ်ဘက်ကို အရေးပေါ်ကားနဲ့ တင်သွားကြတာကို မြင်တယ်” လို့ ပြောပါတယ်။

၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးမှု မရှိဘဲ စစ်ကောင်စီတပ်ဘက်က တပ်သားအများအပြား ထိခိုက်ဒဏ်ရာရကာ ထိခိုက်ကျဆုံးမှုကိုတော့ အတိအကျ မသိရှိသေးဘူးလို့ ဒေသတွင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဒေသအတွင်းရှိ ပြည်သူ့တချို့ လက်နက်ကြီးထိမှန်တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ MRTV-4 သတင်းထောက် ကိုလင်းလင်းထွန်းကို ကလိန်အောင်မြို့ Spring Dhamma PDF (KLA) ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး (DDPDF) တပ်ဖွဲ့တို့ ပူးပေါင်းပြီး ဇန်နဝါရီ ၂၄ ရက် ညနေ ၃ နာရီခွဲလောက်မှာ ဝင်ရောက်ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ ကလိန်အောင် PDF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ကလိန်အောင်မြို့ အမှတ် ၃ ရပ်ကွက်ရှိ ဇင်းဘာလမ်း ဆောက်လုပ်ရေးရုံးနဘေး ဘော်ခုံမှာ အနီးကပ် လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“သူက ခမရ ၄၁၀ ခြေမြန်တပ်ရင်းကပါ။ ဘော်ခုံမှာ သတင်းယူရင်း အမြဲတမ်း ဘော်လာထိုးပြီး ရတဲ့သတင်းတွေကို စစ်တပ်ကိုပို့တယ်။ သတင်းသမားက ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ သတင်းပေးလုပ်မှတော့ အခုလို ဝင်ရောက်ပစ်ခတ်ရှင်းလင်းရခြင်း ဖြစ်တယ်။”

ပစ်ခတ်တိုက်ခိုက်ပြီးနောက် သေဆုံးသွားတဲ့ လင်းလင်းထွန်းအလောင်းကို ကလိန်အောင်မြို့က လူနာတင်ယာဥ်နဲ့ ဆေးရုံတင်ဆောင်သွားပြီး နာရီပိုင်းအကြာမှာ စစ်ကောင်စီတပ် ရောက်လာပြီး စစ်ဆေးခဲ့သလို သေနတ်နဲ့လည်း ပစ်ခတ်ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးကတည်းက နိုင်ငံပိုင်မီဒီယာတွေကနေ စစ်ကောင်စီအတွက် ဝါဒဖြန့်တာတွေကို လက်နက်သဖွယ် အသုံးပြုနေပြီး ဆန့်ကျင်ဘက် လှုံ့ဆော်ရေးသားခဲ့ကြသလို သတင်းအမှောင်ချဖို့အတွက်လည်း ကြိုးစားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013