DVB Logo
Home
Lead Story
ဒီမိုကရေစီနှင့် အပြန်အလှန်ထိန်းကျောင်းခွင့်
DVB
·
January 25, 2023
ဒီမိုကရေစီနှင့် အပြန်အလှန်ထိန်းကျောင်းခွင့်
Donate to DVB

အလယ်ခေတ် (ဝါ) အမှောင်ခေတ် ဥရောပမှာ ခရစ်ယာန်ဘာသာ၊ မြို့စား၊ ဘုရင် ဆိုတဲ့ အဓိကအင်အားစုကြီး ၃ ခု ရှိသတဲ့။ အလယ်ခေတ် ဆိုတာ ရောမအင်ပါယာ ပြိုကျပြီးတဲ့အချိန်၊ ခုနှစ်သက္ကရာဇ်အရ ပြောရရင် အေဒီ ၅ ရာစုကနေ ၁၅ ရာစုနှောင်းအထိ ရှည်ကြာခဲ့တဲ့ ဥရောပသမိုင်းခေတ်ကာလတခု ဖြစ်ပါတယ်။ အဲဒီအင်အားစု သုံးစုံဟာ ရောမအင်ပါယာပြို၊ အမှောင်ခေတ် ရောက်လာတဲ့အချိန်မှာ ပေါ်ပေါက်လာကြပါတယ်။ အရိုင်းအစိုင်းတွေရဲ့ ရန်ကို ကာကွယ်ကြရင်း ပေါ်ထွက်လာတာဆိုရင်လည်း မမှားပါဘူး။

အဆိုပါ အင်အားစု သုံးခုအနက်တစ်ခုဖြစ်တဲ့ ခရစ်ယာန်သာသနာဟာ အဲဒီခေတ်၊ အဲဒီအခါတုန်းက ပြည်သူတွေအတွက် အားကိုးရာဖြစ်ခဲ့ပါတယ်။ စိတ်ပိုင်း၊ ရုပ်ပိုင်း နှစ်ခုစလုံးအတွက်ပေါ့။ စိတ်ပိုင်းအရဆိုရင် အရိုင်းအစိုင်းတွေရဲ့ တိုက်ခိုက်မှုကြောင့် ဆုံးရှုံး ကြေကွဲရမှုတွေအတွက် ပြည်သူတွေကို တရားရေအေး တိုက်ကျွေးခဲ့တယ်။ အရိုင်းအစိုင်းတွေလို အကျင့်စရိုက်၊ စိတ်ဓာတ်တွေ မရှိအောင် ကျင့်ဝတ်ပိုင်းအရ ပြည်သူကို ယဉ်ကျေးစေခဲ့တယ်။ ပညာသင်ကြားပေးတယ်။ အရိုင်းအစိုင်း တချို့တွေကိုတောင် မေတ္တာဓာတ်ထားဖို့ ဆိုကာ ‘တရားချွတ်’နိုင်ခဲ့ကြတယ်။ ရုပ်ပိုင်းအရဆိုရင်လည်း အနေအစားဆင်းရဲသူတွေကို စားနပ်ရိက္ခာ ထောက်ပံ့ခဲ့တယ်။ ခရီးဝေး၊ ခရီးကြမ်းသွားရတဲ့ ပြည်သူတွေအတွက် ခရစ်ယာန်ကျောင်းတွေဟာ ကြင်နာနွေးထွေးမှုတို့နဲ့ ပြည့်နှက်တဲ့ နားခိုရာတွေ ဖြစ်ခဲ့ပါတယ်။ 

နောက်တခုက အရိုင်းအစိုင်းတွေရဲ့ ရန်ကို ကာကွယ်ဖို့ Knight လို့ခေါ်တဲ့ သူရဲကောင်းတွေကို မွေးထုတ်ပေးခဲ့ပါတယ်။ Knight ဆိုရာမှာလည်း ကာယဗလ၊ ကာယသတ္တိ ရှိရုံနဲ့တင် သူရဲ‌ကောင်းဖြစ်မလာပါဘူး။ ခင်ကြီးတို့ ပြဋ္ဌာန်းထားတဲ့ စည်းကမ်းတွေကို လိုက်နာပါမှ၊ သတ်မှတ်ထားတဲ့ ကျင့်ဝတ်တွေကို စောင့်ထိန်းပါမှ Knight ဖြစ်ခွင့်ရှိတယ်။ လူတယောက်ဟာ Knight ဖြစ်မယ့်နေ့မှာပဲ ခင်ကြီးတွေရှေ့မှာ “အားနည်းသူဘက် ရပ်တည်မယ်၊ မရားမှုကို ဆန့်ကျင်မယ်၊ မိန်းကလေးတွေရဲ့ ကျင့်ဝတ်သိက္ခာကို စောင့်ထိန်းမယ်”ဆိုပြီး သစ္စာဆိုကြရတယ်။ တနည်းဆိုရရင် သတ္တိ ဆိုတာကို မှန်တဲ့ဘက်က၊ တရားတဲ့ဘက်ကနေ ပြသကြဖို့ သင်ကြားပေးလိုက်တာပဲ ဖြစ်ပါတယ်။

အဲဒီလိုတွေနဲ့ ခရစ်ယာန်သာသနာဟာ ပြည်သူတွေကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့တယ်။ တဖြည်းဖြည်းနဲ့ အင်အားကြီးထွားလာတယ်။

ဒါပေမဲ့ တဖက်မှာလည်း အဲဒီလို ဩဇာကြီးထွား၊ တန်ခိုးအာဏာ ကြီးထွားလာတာနဲ့အမျှ ခရစ်ယာန်သာသနာဟာ တမျိုးတဖုံ ပြောင်းလာပါတယ်။ ခရစ်ယာန်အကြီးအကဲတွေဟာ အစက သာသနာရေး၊ လူမှုရေးကိစ္စလောက်မှာသာ ပါဝင်လုပ်ကိုင်ခဲ့ကြပေမယ့် တဖြည်းဖြည်းနဲ့ နိုင်ငံရေးအာဏာကိုပါ ချဲ့ထွင်လာခဲ့ကြတယ်။ ခရစ်ယာန်ဘုရားကျောင်းတွေ၊ ကျောင်းဆောင်တွေကို သူ့ထက်ငါ အပြိုင်အဆိုင် ဆောက်ကာ သူတို့အချင်းချင်းကြား အာဏာပြိုင်၊ အာဏာလုလာခဲ့ကြပါတယ်။ ဘုရင်တောင်မှ ခရစ်ယာန်အကြီးအကဲတွေကို ကြောက်ရွံ့လာကြရတယ်။ ဘုရင်တပါးဟာ ရာဇဘိသိက်ခံရာမှာ ခရစ်ယာန်အကြီးအကဲတွေ မပါရင် မပြီးတဲ့အထိ ဖြစ်လာတယ်။ သာသနာပမှာကို စိုးရိမ်တာမျိုးတွေလည်း ရှိလာကြတယ်။ ဒါတင်မက အတွေးအခေါ် အယူအဆနဲ့ ပက်သက်လာရင်လည်း ခရစ်ယာန်အကြီးအကဲတွေဟာ ခရစ်တော်မပေါ်မီက ရှိနှင့်ခဲ့တဲ့ ခေါမ၊ ရောမတွေရဲ့ အနုပညာ၊ အတွေးအခေါ်တွေကို မိစ္ဆာဒိဋ္ဌိအယူအဖြစ် သတ်မှတ်လာခဲ့ကြတယ်။ ခရစ်ယာန်ဘာသာဝင် (ရိုမန်ကက်သလစ်) မဟုတ်သူတွေကိုလည်း မိစ္ဆာဒိဋ္ဌိအယူရှိသူအဖြစ် သတ်မှတ်ခဲ့ကြတယ်။ အဲဒီခေတ်မှာ ခရစ်ယာန်ဘာသာဝင် မဟုတ်သူ‌တွေအပေါ် အထူးစုံစမ်းစစ်ဆေးမှုတွေကို စနစ်တကျနဲ့ ပြုလုပ်ခဲ့ကြပါတယ်။ 

ဆိုရရင် စုံစမ်းစစ်ဆေးသူတွေဟာ နယ်တွေအနှံ့ သွားကာ ခရစ်ယာန်ဘာသာဝင် မဟုတ်သူတွေ (သူတို့အမြင်အရ မိစ္ဆာဒိဋ္ဌိတွေ) ရှိ၊ မရှိ စုံစမ်းတယ်။ ရှိတယ်ဆိုရင် သူတို့ဟာ ခရစ်ယာန်ဘာသာကို မကိုးကွယ်တဲ့အတွက် အယူမှားသူတွေဖြစ်ကြောင်း ကြေညာတယ်။ ပြီးတာနဲ့ ကိုယ့်အသိနဲ့ကိုယ် အယူမှားတွေကို ကိုးကွယ်မိကြောင်း စုံစမ်းသူတွေ‌ရှေ့ လာရောက်ဝင်ခံခိုင်းတယ်။ အဲဒါဆိုရင် နယ်နှင်ဒဏ်၊ ကြိမ်ဒဏ်ပေးခံရတယ်။ ဒီလိုမှမဟုတ်ဘဲ တခြားခရစ်ယာန်ဘာသာဝင်တွေက သတင်းပေးမှ၊ စုံစမ်းသူတွေကိုယ်တိုင် စုံစမ်းမှ သိရတာမျိုးဆိုရင် ပြစ်ဒဏ်ပိုကြီးပါတယ်။ အဲဒီအခါကျရင် မိစ္ဆာအယူရှိသူလို့ စွပ်စွဲခံရသူရဲ့ ပစ္စည်းတွေကိုသိမ်း၊ ထောင်ချတာမျိုးတွေအထိ ပြုလုပ်ခဲ့ကြပါတယ်။ တချို့ဆို ကားစင်တင် မီးရှို့သတ်ဖြတ်ခံရပါတယ်။ ဒါ့အပြင် ခရစ်ယာန်သာသနာကို မေးခွန်းထုတ်တဲ့ လူပုဂ္ဂိုလ်၊ စာအုပ်တွေကိုလည်း မီးရှို့ဖျက်ဆီး သတ်ဖြတ်ပစ်ခဲ့ကြတယ်။

အဲဒီလိုနည်းတွေနဲ့ တချိန်က ပြည်သူ့နှလုံး ဆွဲသိမ်းယူနိုင်ခဲ့တဲ့ ပြည်သူ့အားကိုးရာ ခရစ်ယာန် အဖွဲ့အစည်းကြီးဟာ ပြည်သူကို ပြန်ပြီး နှိပ်စက်၊ ဖိနှိပ်တဲ့ အနေအထားကို ရောက်ရှိခဲ့ပါတယ်။ တချိန်ကတော့ အရိုင်းအစိုင်းတွေရဲ့ ဖိနှိပ်မှုဘေးကနေ ကာကွယ်ပေးခဲ့သူတွေဟာ သူတို့ကိုယ်တိုင်က ပြန်လည်ဖိနှိပ်သူတွေ ဖြစ်လာပါတော့တယ်။

ဘာကြောင့်ပါလိမ့်။

လူသားပီပီ အာဏာတို့၊ လုပ်ပိုင်ခွင့်တို့ကို အကန့်အသတ်မရှိ သုံးစွဲခွင့်ရလာတဲ့အခါ အာဏာကို ယစ်မူးလာတတ်ပါတယ်။ အရသာတွေ့လာပါတယ်။ တဖြည်းဖြည်းနဲ့ အာဏာဟာ ကိုယ့်ကို ဝါးမျို‌မှန်းမသိ ဝါးမျိုလာပါတယ်။ ဒါဟာ ဖြစ်လေ့ရှိတဲ့ သဘာဝပါ။ အလယ်ခေတ် ခရစ်ယာန် အဖွဲ့အစည်းကြီးတွေကလည်း အဲဒီလို လူ့သားတွေနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေဖြစ်တာကြောင့် သူတို့ရဲ့ လုပ်ပိုင်ခွင့်အာဏာဟာ အကန့်အသတ်မရှိ ထိန်းကျောင်းမှုမရှိ တဖြည်းဖြည်း ကြီးထွားလာတာနဲ့အမျှ အချိန်ကြာလာလေ အဲဒီအာဏာအပေါ် ယစ်မူးလေလေ ဖြစ်လာတာပါပဲ။ အဲဒီလို ယစ်မူးလာတာနဲ့အမျှ ကိုယ့်ရဲ့ မူလဦးတည်ရာကိုတောင် မသိတော့ဘဲ တချိန်က ကိုယ် အလုပ်အကျွေးပြုခဲ့တဲ့၊ တန်ဖိုးထား ကာကွယ်စောင့်ရှောက်ခဲ့တဲ့ ပြည်သူတွေကိုတောင် ပြန်လည်ဖိနှိပ်တဲ့အခြေအနေမျိုးထိ ရောက်ရှိခဲ့ရတာပါ။ ဒါဟာ အလယ်ခေတ် ဥရောပရဲ့ ခရစ်ယာန် အဖွဲ့အစည်း တခုတည်းတင်မကပါဘူး။ ကမ္ဘာ့သမိုင်းတလျှောက် လေ့လာကြည့်ရင် တခြားသော အဖွဲ့အစည်းတွေမှာလည်း ဒီလိုအလားတူဖြစ်ရပ်တွေကို တွေ့နိုင်ပါတယ်။ 

အမေရိကန်ဖွဲ့စည်းပုံအရ သမ္မတဟာ အစိုးရသက်တမ်း နှစ်ကြိမ်ထက်ပိုပြီး ထမ်းဆောင်ခွင့် မရှိပါဘူး။ ဘာလို့လဲဆိုရင် ဘယ်လောက်ပဲ ပညာတတ်တတ်၊ ဘယ်လောက်ပဲ ပြည်သူ့အပေါ် မျက်နှာမူပါတယ် ပြောပြော အာဏာကို အချိန်ကြာကြာ သုံးစွဲခွင့်ရှိနေတာနဲ့အမျှ အာဏာက သူတို့ကို ဝါးမျိုသွားမှာဖြစ်တဲ့အတွက်ကြောင့် ကန့်သတ်ထားရတာပဲ ဖြစ်ပါတယ်။

Lord Acton ဆိုသူက “အာဏာသည် လူကို ပျက်စီးစေသည်၊ အကြွင်းမဲ့အာဏာသည် လူကို အကြွင်းမဲ့ ပျက်‌စီးစေသည်” လို့ ပြောဖူးပါတယ်။

နိဂုံးချုပ်ရရင် ကမ္ဘာသမိုင်းတလျှောက် ပြည်သူကို ဗဟိုပြုတဲ့၊ ပြည်သူကို အကာအကွယ်ပေးတဲ့ အဖွဲ့အစည်းတွေ ပေါ်ထွက်ခဲ့ကြပါတယ်။ ဒီလိုပဲ အဲဒီအဖွဲ့တွေဟာ နောင်တချိန်မှာ ပြည်သူကို ပြန်ဖိနှိပ်တဲ့ အဖွဲ့အစည်းတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် အာဏာကို အကန့်အသတ်မရှိ အကြွင်းမဲ့ သုံးစွဲခွင့်ရခဲ့ကြလို့ပါ။ တနည်းဆိုရရင် ဒီမိုကရေစီမရှိလို့၊ အာဏာကို အပြန်အလှန် ထိန်းကျောင်းခွင့်မရှိလို့ပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် ပြည်သူကို မျက်နှာမူ၊ ပြည်သူကို အလုပ်အကျွေးပြုတဲ့သူတွေကနေ ပြည်သူကို ဖိနှိပ်တဲ့ အဖွဲ့အစည်းတွေအဖြစ် ဘက်ပြောင်းမသွားစေချင်ရင် ဒီမိုကရေစီရှိဖို့၊ အာဏာကို အပြန်အလှန် ထိန်းကျောင်းတဲ့စနစ် ရှိဖို့ အထူးပင် လိုအပ်လှကြောင်းပါ။

နွေဦးဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013