DVB Logo
Home
မြန်မာသတင်း
တရုတ် ဝယ်ယူမှုကြောင့် ပြည်တွင်းနှမ်းဈေးနှုန်း ပြန်မာလာ
DVB
·
January 24, 2023
တရုတ် ဝယ်ယူမှုကြောင့် ပြည်တွင်းနှမ်းဈေးနှုန်း ပြန်မာလာ
Donate to DVB

နှစ်နိုင်ငံနယ်စပ်ဂိတ်တွေ ပြန်လည်ဖွင့်လှစ်လိုက်ပြီးနောက်ပိုင်း တရုတ်နိုင်ငံရဲ့ မြန်မာ့နှမ်းဝယ်ယူမှု ပြန်မြင့်တက်လာပြီး ပြည်တွင်းနှမ်းဈေးတွေ ဈေးပြန်မာလာခဲ့ပါတယ်။

ကိုဗစ်ကူးစက်ရောဂါကြောင့် ၃ နှစ်နီးပါး ပိတ်ထားတဲ့ နှစ်နိုင်ငံနယ်စပ်ဂိတ်တွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကစပြီး တရုတ်နိုင်ငံဘက်က ပြန်ဖွင့်ပေးလိုက်တာပါ။

အဲဒီလို ပြန်ဖွင့်ပေးလိုက်ပြီးနောက်ပိုင်း တရုတ်နှစ်သစ်ကူးအကြိုကာလမှာ ပြည်တွင်းနှမ်းဈေးကွက် ပြန်ကောင်းမွန်လာပြီး ဈေးနှုန်းမြင့်တက်လာတာ ဖြစ်တယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

အရင်က နှမ်းနက် (စမုံ) ၄၅ ပိဿာဝင် တအိတ်ကို ၂၂၀,၀၀၀ ကျပ်ကနေ ၂၆၀,၀၀၀ ကျပ် ဝန်းကျင်မှာ ရှိခဲ့ရာက ဇန်နဝါရီ ၂၄ ရက်မှာတော့ တအိတ်ကို ၂၃၅,၀၀၀ ကျပ်ကနေ ၃၁၀,၀၀၀ ကျပ်ဝန်းကျင်ထိ ဈေးမြင့်တက်လာပါတယ်။

ပို့ကုန်လုပ်ငန်းရှင်တဦးက “အရင်ရက်ပိုင်းက ဒေါ်လာဈေး နည်းနည်းပြန်အေးတော့ နှမ်းဈေးလည်း ပြန်ကျသွားတယ်။ အခု တရုတ်ဘက်က ပြန်ဝယ်လာတော့ နှမ်းဈေး ပြန်တက်လာတာ။ အရည်အ‌သွေးကောင်းတဲ့ အမျိုးအစားဆိုရင် ၃၀၀,၀၀၀ ဝန်းကျင်လောက်ထိ ရှိတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ တရုတ်နယ်စပ်လမ်းကြောင်းတွေ ပိတ်ထားတာကြောင့် ဈေးရရှိမှု နည်းခဲ့ပြီး ၂၀၂၂ ဇန်နဝါရီလဆန်းပိုင်းက နှမ်းနက် (စမုန်) ၄၅ ပိဿာဝင် တအိတ်ကို ကျပ် ၂၀၀,၀၀၀ အောက်မှာပဲ ရှိခဲ့ပါတယ်။

အခုနှစ်မှာ ဒေါ်လာငွေလဲနှုန်း အမြင့်ကြောင့် ပြီးခဲ့တဲ့နှစ်ကထက် နှမ်းဈေးကောင်းခဲ့ပေမဲ့ တောင်သူတွေ ဝယ်ယူထည့်သွင်းနေရတဲ့ စိုက်ပျိုးရေးသွင်းအားစုဈေးနှုန်းတွေကလည်း နိုင်ငံခြားငွေနဲ့ ပြည်ပကနေ ဝယ်ယူတင်သွင်းနေရတာဖြစ်လို့ စိုက်ပျိုးချိန်မှာ အဆမတန် ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။

တဖက်မှာလည်း လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်နေတဲ့ ဒေသတွေက နှမ်းစိုက်တောင်သူတွေဟာ စိုက်ဧကနဲ့ အထွက်နှုန်း လျော့ကျမှုကို ရင်ဆိုင်နေရပြီး ဈေးကွက်တင်ပို့ ရောင်းချရာမှာလည်း သယ်ယူပို့ဆောင်ရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။

မကွေးတိုင်းဒေသကြီးက နှမ်းစိုက်တောင်သူတဦးက “ဈေးတက်ပေမဲ့ တောင်သူတိုင်း မခံစားရပါဘူး။ အထွက်လည်း နည်းတယ်၊ သယ်ယူစရိတ်ကလည်း မြင့်နေတယ်” လို့ ပြောပါတယ်။

နှမ်းကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေဖြစ်တဲ့ မကွေး၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းတို့မှာ အများဆုံး စိုက်ပျိုးပါတယ်။ အခုနှစ်မှာ နှမ်းစိုက်ဧကနဲ့ အထွက်နှုန်း လျော့ကျခဲ့သလို ပြည်ပတင်ပို့မှုလည်း အရင်နှစ်ထက် ထက်ဝက်ကျော် လျော့ကျနိုင်တယ်လို့ ကုန်သည်လုပ်ငန်းရှင်တွေက ခန့်မှန်းထားကြပါတယ်။ ဒါ့အပြင် ဗဟိုဘဏ်က ပို့ကုန်ရငွေအပေါ် မူဝါဒချ ကန့်သတ်ထားတာ ဖြစ်လို့ နိုင်ငံတကာနဲ့ ဈေးကွက်ယှဥ်ပြိုင် ရောင်းချရာမှာ အခက်အခဲ ဖြစ်စေတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

မြန်မာ့နှမ်းကို တရုတ်၊ ဂျပန်၊ ထိုင်ဝမ်နဲ့ ကိုရီးယားနိုင်ငံတွေကို တင်ပို့ရောင်းချနေတာဖြစ်ပြီး တရုတ်နဲ့ ဂျပန်နိုင်ငံတို့က အများဆုံးဝယ်ယူနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013