DVB Logo
Home
မြန်မာသတင်း
ပတ်စ်ပို့ရုံးပိတ်ထားသဖြင့် နိုင်ငံခြားတွင် ဆေးရုံပြမည့်သူ၊ ကျောင်းတက်မည့်သူများ အခက်အခဲ ဖြစ်
DVB
·
January 23, 2023
ပတ်စ်ပို့ရုံးပိတ်ထားသဖြင့် နိုင်ငံခြားတွင် ဆေးရုံပြမည့်သူ၊ ကျောင်းတက်မည့်သူများ အခက်အခဲ ဖြစ်
1 / 2
Donate to DVB

မြန်မာတနိုင်ငံလုံးက ပတ်စ်ပို့ရုံးတွေကို စစ်ကောင်စီက ဇန်နဝါရီ ၂ ရက်ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်ခဲ့ပြီး ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာ အတိအကျ မသိရသေးတာကြောင့် ပြည်ပ ဆေးရုံသွားပြမယ့်သူတွေ၊ နိုင်ငံခြားမှာ ကျောင်းတက်ဖို့ ပြင်ဆင်နေသူတွေ အခက်အခဲဖြစ်နေတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။

ထိုင်းမှာ ဆေးရုံပြဖို့ ပြင်ဆင်နေတဲ့ အသက် ၅၈ နှစ်အရွယ် ဒေါ်သီတာ (အမည်လွှဲ) က “အန်တီက မျက်စိပြချင်တာ။ ပါဝါဒီဂရီက ၂,၀၀၀ ကျော်နေတာ။ အဲဒါကြောင့် အန်တီက ထိုင်းမှာလာပြီး မျက်စိခွဲစိတ်ကုသမှု လုပ်ချင်တာ။ ၆ လအတွင်း လုပ်ရမယ်ပြောတယ်။ အခုက ပတ်စ်ပို့တွေပိတ်တော့ ၆ လအတွင်း မလုပ်နိုင်ဘူးဖြစ်နေတယ်။ ဒါပေမဲ့ ပြန်များရမလားလို့ စောင့်နေတယ်။ အဲ့လို အခက်အခဲလေးတွေ ဖြစ်တယ်။ အန်တီက ဒီမှာလည်း မခွဲစိတ်နိုင်ဘူးဆို ကြာရင် မျက်စိက မကောင်းဘူးဖြစ်မယ်။ အဲ့ဒဏ်ကို ခံနေရတာပေါ့။ အန်တီက မျက်စိကို ကုချင်တာ။ သွားကုချင်နေပြီ။ မျက်လုံးက ကြာရင် မကောင်းတော့ဘူး။ ဝါးနေပြီ။ အဲ့ဒါကို မကုရဘူး၊ မသွားရဘူး၊ မလုပ်ရဘူးဆိုတော့ နစ်နာမှုတွေ ရှိတာပေါ့။ စိတ်သောကလည်း ရောက်ရတာပေါ့။ အန်တီက မျက်စိ ဒီထက် ပိုဆိုးသွားမှာစိုးတယ်။ မသွားရဘူးဆိုရင် ဒီထက်ပိုဆိုးမှာ။ သွားချင်ရဲ့သားနဲ့ မသွားရဘူး၊ မကုရဘူးပေါ့။ နစ်နာမှုတွေ ခံစားရတာပေါ့” လို့ ပြောပါတယ်။

ကျန်းမာရေးအတွက် ပြည်ပထွက် ဆေးကုသမယ့်သူတွေဟာ ထိုင်း၊ စင်ကာပူနဲ့ အိန္ဒိယနိုင်ငံတွေကို အများဆုံး သွားရောက်ကုသလေ့ ရှိပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာ နိုင်ငံရေး မတည်ငြိမ်တာ၊ စီးပွားရေးကျဆင်းတာနဲ့အတူ အလုပ်အကိုင် ရှားပါးတာတွေကြောင့် လူငယ်တွေကြားမှာ ပြည်ပထွက်ကာ ကျောင်းတက်သူတွေနဲ့ အလုပ်သွားရောက်လုပ်တဲ့သူတွေ တိုးလာနေပါတယ်။

မြန်မာနိုင်ငံမှာ လူငယ် ၄၀ ရာခိုင်နှုန်းဟာ နိုင်ငံခြားထွက်ဖို့ ကြိုးပမ်းနေကြပြီး ၃၀ ရာခိုင်နှုန်းက အကြောင်းကြောင်းကြောင့် မထွက်နိုင်သေးဘူးလို့ Myanmar Independent Researchers အဖွဲ့ရဲ့ ၂၀၂၂ စက်တင်ဘာလ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

အခုလို ပတ်စ်ပို့ အခက်အခဲကြောင့် ပြည်ပနိုင်ငံမှာ သွားရောက်ပညာသင်ယူဖို့ အခွင့်အရေး ဆုံးရှုံးသွားတယ်လို့ ခံစားရကြောင်း ကျောင်းတက်ဖို့ပြင်နေတဲ့ လူငယ်တယောက်က ပြောပါတယ်။

နိုင်ငံခြားထွက်ဖို့ ပြင်နေတဲ့ လူငယ်တဦးက “ထိုင်းမှာ ကျောင်းလာတက်ချင်တာ။ ၁၁ လပိုင်း ၂ ရက်နေ့က ပတ်စ်ပို့တိုကင်သွားယူတာ မရဘူး။ ၂ လပိုင်း ၈ ရက်နေ့ ခွာချိန်းလိုက်တယ်။ အခုက ပိတ်လိုက်ပြီဆိုတော့ ဘယ်လိုလုပ်ရမလဲမသိဘူး ဖြစ်နေတယ်။ ပတ်စ်ပို့လုပ်ပေးတဲ့ ပွဲစားက ဘယ်တော့ပြန်ဖွင့်မလဲ မသိဘူးတဲ့။ ပတ်စ်ပို့စာအုပ်ထွက်ပြီးသားသူတွေတောင် မရဘူးတဲ့။ နိုင်ငံခြား ပေးမထွက်ချင်ဘူးပေါ့။ တက္ကသိုလ်တွေ နောက်ထွက်မယ့်သူတွေအတွက် အရမ်းကို ခက်ခဲသွားတာပေါ့။ တကယ်လို့ နိုင်ငံခြားကျောင်းတွေက လက်ခံမှ အဆင်ပြေမယ့် ပုံစံမျိုး ဖြစ်တာပေါ့။ သူများနိုင်ငံကသူတွေနဲ့ တန်းတူအခွင့်အရေး မရတော့ဘူးပေါ့။ Transcript အခက်အခဲရှိတာကြောင့် တခြားသူတွေ Scholarship လျှောက်တာထက် ပိုခက်ခက်ခဲခဲ လုပ်ရတာပေါ့။ ပြောရမယ်ဆိုရင် သူ့ Professional နဲ့သူ ထွက်လို့ မရတော့ဘူးပေါ့။ အခွင့်အရေး မရှိတော့ဘူးပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံက အိမ်ထောင်စု ၂ စုမှာ တစုက မိသားစုဝင်တဦးဦးဟာ နိုင်ငံခြားထွက်ဖို့ ပြင်ဆင်နေတယ်လို့လည်း Myanmar Independent Researchers အဖွဲ့ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံက ပတ်စ်ပို့ရုံးတွေ ပိတ်ထားသလို ထိုင်းနိုင်ငံ ဘန်ကောက် မြန်မာသံရုံးမှာလည်း ပတ်စ်ပို့သက်တမ်းတိုးတာတွေကို အကန့်အသတ်နဲ့ လုပ်ဆောင်ပေးတာတွေကြောင့် ထိုင်းရောက် မြန်မာတွေ အခက်အခဲ ကြုံနေရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပထွက် အလုပ်လုပ်ကိုင်သူတွေ ပိုမိုများပြားလာပြီး ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ ယူအေအီး နိုင်ငံတွေကို အများဆုံး ရွှေ့ပြောင်း အလုပ်လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013