DVB Logo
Home
မြန်မာသတင်း
ပုလဲနှင့် မြိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ၊ စစ်ဗိုလ် ၁ ဦး နှာခေါင်းပြတ်
DVB
·
January 23, 2023
ပုလဲနှင့် မြိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ၊ စစ်ဗိုလ် ၁ ဦး နှာခေါင်းပြတ်
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာက စစ်ကောင်စီလက်ကိုင်တုတ် ပျူစောထီးတွေနဲ့ ပုလဲဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူပေါင်းအဖွဲ့တွေ ဇန်နဝါရီ ၂၃ ရက် ဒီမနက် ၆ နာရီကျော်က စတင်တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဇီးဖြူကုန်းကျေးရွာဟာ စစ်ကောင်စီတပ်က သင်တန်းပေးပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေပါ ထုတ်ပေးထားတဲ့ ပျူစောထီးရွာဖြစ်သလို သူတို့ရိက္ခာမရှိတော့ရင် အနီးအနားက ကျေးရွာတွေဆီ သွားရောက် အကြမ်းဖက်လုယက်နေတာဖြစ်တယ်လို့ ပုလဲဒေသခံတွေက ပြောပါတယ်။

ဒေသခံပြည်သူတဦးက “မနက်အစောကြီး တိုက်ပွဲက ဖြစ်နေတာဗျ။ လက်နက်ကြီးအသံတွေရော၊ လက်နက်ငယ်အသံတွေရော ဆူညံ‌နေအောင်ကို ကြားနေရတယ်။ အဲဒီ ဇီးဖြူကုန်းရွာထဲက လူနေအိမ်တွေလည်း မီးလောင်နေတယ်ဗျ။ အဝေးကနေ မီးခိုးတွေ မြင်နေရတယ်။ တိုက်ပွဲကတော့ အခု မနက် ၁၁ နာရီကျော်တဲ့အထိ တိုက်ပွဲက မပြီးသေးဘူး” လို့ ပြောပါတယ်။

အခုတိုက်ပွဲကို ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်-၂၀ ရိုးမရာဇာ၊ သခင်ဒေါင်းညို၊ ဒေါင်းနက်၊ Energy အပါအဝင် ဒေသခံ တော်လှန်ရေးအင်အားစု အဖွဲ့အများအပြားနဲ့ ကျေးရွာအတွင်း ဝင်ရောက်တိုက်ခိုက်နေတာလို့လည်း ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

ရိုးမရာဇာ တပ်ရင်း၊ ရောင်နီဦးတပ်စု တာဝန်ရှိသူက “အဖွဲ့တွေကတော့ အတော်များတယ်ဗျ။ ဇီးဖြူကုန်းရွာပတ်ပတ်လည်ကနေ လက်နက်ကြီးနဲ့ ဝိုင်းထုတာတွေလည်း ရှိတယ်။ နောက်ပြီး ရွာအတွင်းအထိ ဝင်တိုက်တဲ့ အဖွဲ့တွေလည်း ရှိတယ်ဗျ။ အခု အတိအကျ သိရသလောက်ကတော့ ပျူ ၄ ဦး ကျဆုံးပြီးပြီလို့ သိထားရတယ်။ ကိုယ့်အဖွဲ့တွေဘက်ကတော့ လတ်တလော အကျအဆုံး မရှိသေးဘူး” လို့ ပြောပါတယ်။

လက်နက်ကြီးပစ်ကူတွေ အပါအဝင် တခြားမဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ ပခုက္ကူ တပ်ရင်း-၁၃ ကိုရန်၊ စစ်နိုင်၊ Real Herò၊ ချင်းတွင်းတိုးနယားအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်နေကြတာလို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဇန်ဝါရီ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေက ပျူစောထီးစခန်း ၂ ခုနဲ့ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးကာ ၈ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။

မြိုင်မြို့နယ် တွင်းမကျေးရွာက ပျူစောထီးစခန်းနားမှာ ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၁ နာရီလောက်က ပခုက္ကူမြို့ဘက်ကနေ ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ အီနာဂါဗုံးကြဲပြီး တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဗိုလ်တယောက် နှာခေါင်းပြတ်သွားပြီး သရက်ကန်ပျူစောထီးစခန်းမှာ ဆေးကုသမှု ခံယူခဲ့တယ်လို့ မြိုင်ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီတွင်းမရွာနားမှာပဲ မနေ့က ဇန်နဝါရီလ ၂၂ ရက်နေ့ မနက် ၇ နာရီလောက်မှာ ကင်းပုန်းလာဝပ်တဲ့ ပျူ(...)တွေကို ဒရုန်းနဲ့ အီနာဂါဗုံးသီတွေ ဖြုတ်ချတိုက်ခိုက်ခဲ့လို့ ပျူစောထီး ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားပြီး ကားနဲ့ အလောတကြီး သယ်သွားတယ်လို့ အတွင်းသတင်းပေးတွေဆီကနေ သိရတယ်။”

ဒါ့အပြင် သရက်ကန်ပျူစောထီးစခန်းနဲ့ ကိုင်းတောမရွာကြားမှာလည်း ဇန်နဝါရီ ၂၁ ရက် မနက် ၁၀ နာရီလောက်က စစ်ကောင်စီယာဥ်တန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ရှေ့ထွက်မိုင်း ၃ လုံး၊ လခြမ်းမိုင်း ၁၀ လုံးနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ယောက်သေဆုံးကာ ၅ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013