DVB Logo
Home
မြန်မာသတင်း
မြန်မာ့နွေဦးတော်လှန်ရေးအောင်မြင်မှု တရုတ်နိုင်ငံအတွက် အကျိုးရှိစေမည်ဟု NUG သဝဏ်လွှာပို့
DVB
·
January 22, 2023
မြန်မာ့နွေဦးတော်လှန်ရေးအောင်မြင်မှု တရုတ်နိုင်ငံအတွက် အကျိုးရှိစေမည်ဟု NUG သဝဏ်လွှာပို့
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုဟာ တရုတ်ပြည်ရဲ့ အကျိုးစီးပွါးအပါအဝင် ရေရှည် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်   ပိုမိုအကျိုးရှိစေလိမ့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တရုတ်နိုင်ငံကို သတင်းစကားပါးလိုက်ပါတယ်။ 

တရုတ်နှစ်သစ်ကူးနေ့အထိမ်းအမှတ်   NUG  နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က တရုတ်နိုင်ငံခြားရေးဝန်ကြီးထံ ဇန်နဝါရီ ၂၂ ရက်နေ့စွဲနဲ့ သဝဏ်လွှာပေးပို့ သတင်းစကားပါးလိုက်တာ ဖြစ်ပါတယ်။

“မြန်မာပြည်သူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့ လက်ရှိဆင်နွှဲနေသည့် တော်လှန်ရေး၏ အောင်မြင်မှု အသီးအပွင့်များသည်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကျိုးစီးပွါးအပါအဝင် ဒေသတွင်းနိုင်ငံများ၏ အကျိုးစီးပွါးနှင့် ရေရှည် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေး အတွက်  မည်သည့် နည်းနှင့် မျှထိခိုက်မှုရှိစေလိမ့်မည် မဟုတ်ဘဲ ပိုမိုအကျိုးရှိစေလိမ့်မည်သာဖြစ်ကြောင်း မိမိ တို့ ယုံကြည်စွာအာမခံနိုင်ပါသည်။”လို့ သဝဏ်လွှာမှာ ရေးသားဖော်ပြထားပါတယ်။

တရုတ်နှစ်သစ်ကူး အခါသမယမှာ တရုတ်ပြည်သူတွေနဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံငြိမ်းချမ်း သာယာပါစေကြောင်း၊ အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ် ပါတီကွန်ဂရက်ကို အောင်မြင်စွာ ကျင်းပနိုင်မှု၊ တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ တတိယသက်တမ်း ထမ်းဆောင်ခွင့်ရရှိမှုတို့ကို လှိုက်လှဲစွာကြိုဆိုကြောင်း NUG ဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေ ပြည်သူ့အာဏာ ပြည်သူ့ထံပြန်လည်အပ်နှံနိုင်ရေး အတွက်  တရုတ်နိုင်ငံရဲ့ ရပ်တည်ခဲ့မှုတွေကို အထူးပင်ကျေးဇူးတင်ကြောင်းနဲ့ နိုင်ငံတကာ မျက်နှာစာ၊ အထူးသဖြင့် ကုလသမဂ္ဂ နဲ့ လုံခြုံရေးကောင်စီမျက်နှာစာမှာ ထောက်ခံ ကူညီပေးနေတဲ့အတွက် အထူးပင် ကျေးဇူးတင်တယ်လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။ 

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက ဗီတိုအာဏာသုံး ကန့်ကွက်ခြင်းမရှိတဲ့ အတွက် ဆုံးဖြတ်ချက်တခု ပြီးခဲ့နှစ်ကုန်ပိုင်းမှာ အတည်ပြုချမှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

NUG  နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က “မိမိတို့မြန်မာပြည်သူများအပေါ်အကြမ်းဖက် ဖိနှိပ်နေသည့် စစ်အုပ်စုနှင့် အတူ မရပ်တည်ကြောင်း ပြသလိုက်ခြင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မြန်မာပြည်သူများအပေါ် အိမ်နီးချင်း ကောင်းပီသကြောင်းသက်သေထူပြလိုက်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ အဆိုပါရပ်တည်မှုအတွက် မြန်မာပြည်သူများမှ အမြဲ အမှတ်တရ ရှိနေမည် ဖြစ်ပါသည်။”လို့ သဝဏ်လွှာမှာပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မနေ့က ရန်ကုန်မြို့၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏမှာကျင်းပတဲ့ တရုတ်နှစ်သစ်ကူးပွဲကို တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံ၊ တရုတ်လူမျိုးတွေနဲ့ တရုတ်နွယ်ဖွား မြန်မာနိုင်ငံသားတွေ အတွက်  မျက်နှာနှစ်ဖက် ဆက်ဆံရေးမျိုးမရှိတဲ့ ယုံကြည် စိတ်ချရတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တယ်လို့  မိန့်ခွန်းပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013