
နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နေရာမှာ ဗိုလ်မှူးချုပ် ကျော်စိုးလင်း ကို အောက်တိုဘာလကုန်ပိုင်းက ပြောင်းလဲ ခန့်အပ်ခဲ့တယ်လို့ နေပြည်တော် စစ်ရေးသတင်းရင်းမြစ် ကနေသိရပါတယ်။
ပဲခူးတိုင်း အနောက်ခြမ်းက စစ်ဆင်ရေးတွေမှာ နာမည်ရလာတဲ့ DSA အပတ်စဉ် (၄၁) ကျောင်းဆင်း တပ်မ (၆၆) တပ်မမှူး ဗိုလ်မှူးချုပ် ကျော်စိုးလင်းကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အောက်တိုဘာ ၂၅ ရက်က နေပြည်တော် တိုင်းမှူးအဖြစ် ပြောင်းလဲ ခန့်ထားခဲ့တာဖြစ်ပါတယ်။
စစ်ရေး သတင်းရင်းမြစ်တယောက်က "သူက တပ်မ (၂၂) ဒုတပ်မမှူးကနေ ရာထူးတိုးပြီး တပ်မ (၆၆) ကို ရောက်လာတာ ဖြစ်ပါတယ်။ တပ်မမှူးတွေထဲမှာ လုပ်ရဲကိုင်ရဲ စိတ်ရှိတာကြောင့် သူ့ကို တိုင်းမှူး ရာထူးတိုးပေးလိုက်တာလို့ ကြားရပါတယ်" လို့ ပြောပါတယ်။
အရင် နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်ကိုတော့ ရာထူးတိုးမြှင့်တာ မရှိဘဲ စစ်တပ်က အရန်အင်အားကို ပို့ဆောင်လိုက်တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တပ်ချုပ် ဖြစ်လာပြီးနောက် တိုင်းမှူး နေရာတွေကို DSA အပတ်စဉ် (၄၀) ကနေ (၄၂) ကျောင်းဆင်းတွေကို တာဝန်ပေးတာ များပြားပြီး၊ အဲဒီအထဲမှာ DSA (၄၁) ကျောင်းဆင်းတွေ ပိုများတယ်လို့ အငြိမ်းစား စစ်မှုထမ်းဟောင်းတယောက်က DVB ကို ပြောပါတယ်။
"မင်းအောင်လှိုင် လက်ထက်က တိုင်းမှူး နေရာကို DSA အပတ်စဉ် (၃၇) နဲ့ (၃၈) ကျောင်းဆင်းတွေ ကို ပေးတာ ရှိပါတယ်။ ရဲဝင်းဦး လက်ထက် ရောက်တော့ DSA အပတ်စဉ် (၄၀) ကနေ (၄၂) အထိ ကျောင်းဆင်းတွေကို နေရာပေးလာပြီး၊ တိုင်းမှူးတွေထဲမှာ DSA (၄၁) ကျောင်းဆင်းက ပိုများ ပါတယ်။”
DSA အပတ်စဉ် (၄၁) ကျောင်းဆင်းတွေထဲက တိုင်းမှူး ဖြစ်လာသူတွေမှာ နေပြည်တော် တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ် ကျော်စိုးလင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တင်မင်းလတ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်မှူးချုပ် ကျော်ဇော၊ တောင်ပိုင်း စစ်ဌာနချုပ် ဗိုလ်ချုပ် စိုးကျော်ထက်နဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်မှူးချုပ် ကျော်နိုင်ဦးတို့ ဖြစ်ကြပါတယ်။
စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အတွင်း နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး နေရာကို ဗိုလ်ချုပ် ဇော်မျိုးတင်၊ ဗိုလ်ချုပ် ဇော်ဟိန်း၊ ဗိုလ်ချုပ် စောသန်းလှိုင်၊ ဗိုလ်ချုပ် စိုးမင်း၊ ဗိုလ်ချုပ် ကြည်သိုက်နဲ့ ဗိုလ်မှူးချုပ် ကျော်စိုးလင်းအထိ အဆင့်ဆင့် ပြောင်းလဲ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
Photo: MOI











