DVB Logo
Home
မြန်မာသတင်း
တရုတ်အတွက် မျက်နှာနှစ်ဖက် ဆက်ဆံရေးမျိုးမရှိဟု တရုတ်နှစ်သစ်ကူးပွဲတွင် စစ်ခေါင်းဆောင်ပြော
DVB
·
January 22, 2023
တရုတ်အတွက် မျက်နှာနှစ်ဖက် ဆက်ဆံရေးမျိုးမရှိဟု တရုတ်နှစ်သစ်ကူးပွဲတွင် စစ်ခေါင်းဆောင်ပြော
1 / 18
Donate to DVB

မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံ၊ တရုတ်လူမျိုးတွေနဲ့ တရုတ်နွယ်ဖွား မြန်မာနိုင်ငံသားတွေအတွက်  မျက်နှာနှစ်ဖက် ဆက်ဆံရေးမျိုးမရှိတဲ့ ယုံကြည် စိတ်ချရတဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်တယ်လို့   စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏမှာ ဇန်နဝါရီ ၂၁ ညနေပိုင်းက ကျင်းပတဲ့  တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားနဲ့  ချစ်ကြည်ရေး ဘတ်စကက်ဘောပြိုင်ပွဲ ပိတ်ပွဲမှာ စစ်ခေါင်းဆောင်က တက်ရောက် မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

တရုတ်နိုင်ငံဟာလည်း မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်သလို ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံဖြစ်ကြောင်း၊ အခုလို မင်္ဂလာရှိတဲ့ တရုတ်နှစ်သစ်ကူးနေ့မှာ ယုန်နှစ်ဖြစ်တဲ့အလျောက် မိမိတို့ အားလုံး ပိုမိုချစ်ခင်၊ ငြိမ်းချမ်းမှုနဲ့ သာယာဝပြောမှု ပိုမိုရရှိစေဖို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ တရုတ်ဟာ အပြန်အလှန် အိမ်နီးချင်းနိုင်ငံကောင်းတွေဖြစ်ပြီး မြန်မာနိုင်ငံဟာ လွတ်လပ်တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒကို လက်ခံကျင့်သုံးနေတဲ့နိုင်ငံ၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ် ကို လက်ခံကျင့်သုံးနေတဲ့ နိုင်ငံဖြစ်ပါကြောင်း၊ တရုတ်(တိုင်ပေ)နဲ့ပတ်သက်လို့လည်း တရုတ်တစ်နိုင်ငံတည်း မူဝါဒ(One China Policy)ကို အစဉ်ထောက်ခံရပ်တည်ကြောင်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။

ဒါ့အပြင် တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးနေတဲ့ ဧကဝင်ရိုးမှ ဗဟုဝင်ရိုးကို ပြောင်းလဲနိုင်ဖို့ တခြားကမ္ဘာ့နိုင်ငံတွေနဲ့ တရုတ်ကပူးပေါင်းလုပ်ဆောင်မယ့်အပေါ် ကြိုဆိုအားပေးပါကြောင်း၊ ဒါဟာ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အလွန်အကျိုးဖြစ်ထွန်းစေမယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ချန်ဟိုင်းကလည်း နှစ်သစ်မှာ မြန်မာနိုင်ငံနဲ့အတူ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ဆက်လက် လက်ဆင့်ကမ်းဖို့၊ ကဏ္ဍစုံ ကူးလူးဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ နက်ရှိုင်းစေဖို့၊ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးကို ဆက်တိုက်မြှင့်တင်ဖို့ နှစ်နိုင်ငံပြည်သူတွေကို ပိုမိုကောင်းမွန်စွာ အကျိုးပြုနိုင်ဖို့ ဆန္ဒရှိကြောင်း ပြောပါတယ်။

တရုတ်နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားတက်ရောက်လာတဲ့  စစ်ခေါင်းဆောင်နဲ့ ဇနီးဖြစ်သူတို့ကို  တရုတ်တာဝန်ရှိသူတွေက  တရုတ်ရိုးရာ အနီရောင် ပုဝါတွေနဲ့ လွှမ်းခြုံပေးခဲ့ပါတယ်။

Photo- Chinese Embassy/DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013