Home
မြန်မာသတင်း
ရေးမြို့နယ်၌ စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရ၊ ကျိုက်မရော ချောင်းနှစ်ခွရွာကို စစ်ကောင်စီတပ်ပစ်ခတ်
DVB
·
January 21, 2023
326567128_5723111101139891_7070581691066820851_n

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ကနင်ကမော့ကျေးရွာထဲကို မနေ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ အမျိုးသမီး တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဒီဗွီဘီကို ပြောပါတယ်။

မနေ့ မနက်ပိုင်းက လမိုင်းမြို့ အခြေစိုက် စစ်ကောင်စီ အမှတ်(၃၁၇) အမြောက်တပ်က ကျောင်းပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို မော့ကနင်ကျေးရွာထိပ်မှာ ရေးပြောက်ကျားတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီကြားဖြတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီးနောက် စစ်ကောင်စီ အမြောက်တပ်ကနေ လက်နက်ကြီး ၁၀ ချက်ထက်မနည်း ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီ အမြောက်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ဟာ ကနင်ကမော့ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး လက်နက်ကြီး ကျည်စထိမှန်ဒဏ်ရာရခဲ့ပါတယ်။

လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေက လမိုင်းဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်လည်း ရေးမြို့နယ်၊ လမိုင်းမြို့၊ ဘေးလမိုင်းကျေးရွာထဲကို စစ်ကောင်စီ အမြောက်တပ်ကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ အမျိုးသမီး ၂ဦး ဒဏ်ရာရရှိထားပါတယ်။

စစ်ကောင်စီ အမှတ်(၃၁၇) အမြောက်တပ်သားတွေ ကြားဖြတ်တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပေမဲ့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာမှာလည်း ဇန်နဝါရီ ၁၈ ရက် ည ၉ နာရီက စစ်ကောင်စီတပ်ဟာ ရွာထဲ လှည့်လည်ကာ လူနေအိမ်တွေကို ပစ်ခတ်နေတာကြောင့် နေအိမ် ၄ လုံးထက် မနည်းထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချောင်းနှစ်ခွရဲစခန်းမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်ဟာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပေမဲ့ လူထိခိုက်သေဆုံးတာ မရှိဘူးလို့ ဒေသခံ တဦးက ပြောပါတယ်။

“ညက လက်နက်ကြီးပဲ ၁၀ ချက်ကျော်တယ်။ လက်နက်ငယ် ပစ်သံလည်း ကြားရတယ်။ ချောင်းနှစ်ခွရဲစခန်း တိုက်ခိုက်တဲ့နေကစပြီး လေယာဉ်နဲ့ လာပစ်တာ။ ပြေးစရာ နေရာမရှိတဲ့ ရွာသားတွေက အဆင်ပြေသလို ပြေးပုန်းလိုက် ပြန်လာနေလိုက်လုပ်နေကြရတာ။”

လေယာဥ်နဲ့လာပစ်ပြီး နောက်ပိုင်း ချောင်းနှစ်ခွရဲစခန်းမှာ စစ်ကောင်စီတပ်ဟာ တပ်စွဲထားပြီး  အတ္ထရံမြစ်အရှေ့ဘက်မှာ အချိန်မရွေး တိုက်ပွဲဆက်ဖြစ်လာနိုင်တာကြောင့် ညဘက်တွေမှာ နေအိမ်မှာလည်း မနေရဲကြသလို နီးစပ်ရာရွာတွေဘက်ကို ပြောင်းရွှေ့နေရတယ်လို့ သိရပါတယ်။

အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ ချောင်းနှခွရွာမှာ လတ်တလော စစ်ရှောင်ဦးရေ ၁၀၀ ကျော်ရှီပြီး ညဘက်ဆို ဘုန်ကြီးကျောင်းတွေမှာ သွားအိပ်ကြရသလို အလုပ်လည်း လုပ်မရတာကြောင့် စာနပ်ရိက္ခာအကူအညီ လိုအပ်တယ်လို့ ချောင်းနှစ်ခွရွာက စစ်ရှောင် တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့လတွေက ချောင်းနှစ်ခွရဲစခန်းကို KNLA နဲ့မဟာမိတ်ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်း တိုက်ခိုက်ရာမှာ စစ်တပ်က အရာရှိအပါဝင် ၉ ယောက်လောက် ကျဆုံးခဲ့ပြီး လက်နက်ခဲယမ်း တွေပါ သိမ်းဆည်းခံခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024