DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ် စစ်ဆေးရေးဂိတ်များတွင် ယခင်ထက် ခြိမ်းခြောက်ငွေကောက်ခံမှု ပိုမိုပြုလုပ်နေ
DVB
·
January 21, 2023
ကချင်ပြည်နယ် စစ်ဆေးရေးဂိတ်များတွင် ယခင်ထက် ခြိမ်းခြောက်ငွေကောက်ခံမှု ပိုမိုပြုလုပ်နေ
Donate to DVB

ကချင်ပြည်နယ်အတွင်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ ယခင်ထက် ခြိမ်းခြောက် ငွေကြေးကောက်ခံမှုတွေ ပိုမိုပြုလုပ်နေတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

မော်တော်ယာဉ်မောင်းတဦးက "ကချင်နဲ့ စစ်ကိုင်းအစပ်က နန့်စီးအောင်ဂိတ်မှာ အရင်က မရှိတဲ့အဖွဲ့တွေပါ တွေ့ရတယ်။ ရဲ၊ စစ်တပ် ယာဉ်ထိန်းအပါအဝင် သယံဇာတအဖွဲ့၊ မူးယစ်အဖွဲ့၊ သစ်တောအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေနဲ့ ဘာမှန်းမသိတဲ့ အဖွဲ့တွေပါ ထပ်တိုးထားတယ်။ တဂိတ်ကို ၁၀၀၀ ကနေ ၁၀၀၀၀ အကြား ပေးရတယ်။ ကားအကြီးအသေးပေါ်မှုတည်ပြီးပေးရတယ်။ မပေးဘဲ ပေးပြီးသယောင်နဲ့ထွက်ရင် ငါတို့အဖွဲ့ ကျန်သေးတယ်လို့ လှမ်းအော်တော့ ဆင်းပေးရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခု နိုဝင်ဘာလအတွင်းမှာ စစ်ကောင်စီတပ်က ကချင်ပြည်နယ်အတွင်း လိုင်စင်မဲ့ မော်တော်ယဉ်တွေကို ဖမ်းဆီးပြီးနောက်ပိုင်း စစ်ဆေးရေးဂိတ်တွေမှာ မော်တော်ယာဉ်မောင်းနှင်သူတွေကို ခြိမ်းခြောက်ငွေကြေးကောက်ခံမှုတွေ ယခင်ထက် ပိုမိုလုပ်ဆောင်လာတာလို့ ဆိုပါတယ်။

"ဗလမင်းထင် တံတား နားက စုပေါင်း ဂိတ်မှာဆိုရင် လိုင်စင်စစ်တယ်။ လိုင်စင်ပြလည်း ငွေပေးရတယ်။ လိုင်စင်မရှိတဲ့ကားဆိုလို့ကတော့ ကားထိုးခဲ့လိုက်တော့ မလားဆိုပြီး ငွေပိုတောင်းတယ်။ ကားပေါ်ဘာတင်လာလည်း ကြည့်ပြီးတောင်းတယ်။ အရင်က ဂိတ်ကြေး ၂ သောင်း၊ ၃ သောင်းလောက်ပဲကျတာ။ ခုနောက်ပိုင်း ဟိုပေးဒီပေးနဲ့ ၁ သိန်းကျော်ကျတယ်" လို့ မြစ်ကြီးနား-ချီဖွေ မောင်းနှင်နေသူ ယာဉ်မောင်းတဦးက ပြောပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေအပြင် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေကလည်း စစ်ဆေးရေးဂိတ်များဖွင့်လှစ်ပြီး မော်တော်ယာဉ်တွေဆီက တရားမဝင်ငွေကြေး ကောက်ခံနေတာပါ။

"အခုက အရင်ရှိတဲ့ စစ်ဆေးရေးဂိတ်တွေအပြင် ပြည်သူ့စစ်အဖွဲ့တွေကလည်း ကားလမ်းတလျှောက် ဂိတ်တွေဖွင့်ပြီးတောင်းနေတာပဲ။ မော်တော်ယာဉ် အကြီးအသေးပေါ်မူတည်တယ်။ ခရီးသည်တင် မော်တော်ယာဉ်နဲ့ ကုန်တင်ကားကြီးတွေဆို ပေးရတယ်။ အိမ်စီးကားတွေကတော့ ပေးရ မရ တိတိကျကျ မသိဘူး။  စစ်ဆေးရေးဂိတ်တွေက အရင်ထက် ၃ ဆလောက်များလာတယ်” လို့ ဝိုင်းမော်-ကန်ပိုင်တည် လမ်း မောင်းနှင်နေသူ ယာဉ်မောင်းတဦးက ပြောပါတယ်။

ဝိုင်းမော်မြို့နယ်ကနေ ကန်ပိုင်တည်သွားရာ လမ်းတလျှောက်က စစ်ဆေးရေးဂိတ်တွေကို ဦးရွှေမင်းရဲ့ လီဆူပြည်သူ့စစ်အဖွဲ့နဲ့ ဦးဇခုန်တိန့်ယိန်း ပြည်သူ့စစ်တပ်ဖွဲ့တွေ ဖွင့်လှစ်ထားတာဖြစ်ပြီး အချို့ဂိတ်ကြီးတွေမှာတော့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းစစ်ဆေး ငွေကြေးကောက်ခံတာတွေ ပြုလုပ်နေတာပါ။

စစ်အာဏာမသိမ်းမီကာလက ဝိုင်းမော်-ကန်ပိုင်တည် လမ်းတလျှောက်မှာ ဝါရှောင်ကျေးရွာ အထွက် စုပေါင်းဂိတ်နဲ့ ဆဒုံးဂိတ် နှစ်ခုသာရှိပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာက စတင်ကာ  ဝိုင်းမော်နဲ့ ကန်ပိုင်တည်ကြားမှာ   ဝါးရှောင်ဂိတ်  ဘွမ်တောင်ဂိတ်၊ အင်ဝမ်တောင်ဂိတ်၊ ငေါ့ချုံးဂိတ်၊ ရွှမ်းဝေတံတားဂိတ်၊ ဆဒုံးရေတံခွန်ဂိတ်၊ ဆဒုံးအဝင်ဂိတ်၊ ဆဒုံးအထွက်ဂိတ်၊ မံဝိန်းဂိတ်၊ လော်ဆာကျေးရွာ ဂိတ်များ ဖွင့်လှစ်ထားပြီး အခြားကျေးရွာအဝင် အထွက်နေရာတွေမှာလည်း ပြည်သူ့စစ် စစ်ဆေးရေးဂိတ်ငယ်လေးများဖွင့်လှစ်ကာ မော်တော်ယာဉ်မောင်းနှင်သူတွေထံက ငွေကြေးကောက်ခံနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013